သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိခေါဒါရ်မြို့စစ်ဘေးရှောင်များ ရေရှားပါးမှုနဲ့ဝမ်းရောဂါကူးစက်မှုကြုံ


မြန်မာနဲ့နယ်ချင်းကပ် အိန္ဒိယအရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်။
မြန်မာနဲ့နယ်ချင်းကပ် အိန္ဒိယအရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်။


[[Zawgyi/Unicode]]

ချင်းပြည်နယ်ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့ဘက်မှာ စစ်ရေးတင်းမာနေတဲ့အခြေအနေကြောင့် အိန္ဒိယနယ်စပ်ဘက်ကို တိမ်းရှောင်နေတဲ့ စစ်ရှောင်စခန်းတွေမှာ ရေရှားပါးမှုပြဿနာအပြင် ဝမ်းပျက်ရောဂါနဲ့လည်း တွေ့ကြုံနေရတယ်လို့ စစ်ရှောင်အကူညီပေးအဖွဲ့ဝင်တဦးက ပြောပါတယ်။ စစ်ရှောင်စခန်းမှာ မသန့်ရှင်းတဲ့ရေကိုသောက်သုံးလို့ ဒီလိုရောဂါတွေ ဖြစ်ပွားတာလို့ စစ်ရှောင်တွေကပြောပါတယ်။ ဒီအကြောင်းရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို စစ်ဘေးရှောင်နေကြတဲ့ ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့ခံ စစ်ဘေးရှောင်တွေဟာ ဒုက္ခသည်စခန်းမှာ လက်ရှိ သောက်သုံးရေ ပြတ်လပ်မှုကြုံတွေ့နေရပြီး အများစုက ဝမ်းပျက်၊ ဝမ်းလျှော ဖျားနာတာတွေ ဖြစ်နေတယ်လို့စစ်ဘေးရှောင်အကူညီပေးအဖွဲ့ဝင် မရွှီးတယ်ကပြောပါတယ်။

“ဒီနယ်စပ်မှာတော့ တော်တော်ကြုံရတယ်။ အဓိကပေါ့နော် သောက်ရေသန့်ရှားပါးမှုပြဿနာ စစ်ဘေးရှောင်တွေ အများအပြားရှိတဲ့အတွင်းပေါ့နော် ရေရှားပါးတဲ့ပြဿနာနဲ့ကြုံရတယ်။ အဲဒီမှာတော့တော်တော်များတယ်။ ဝမ်းရောဂါတွေကြုံရတယ်။ ဝမ်းလျှော အထက်လန် အောက်လျှောပေါ့နော်။ အဓိကရေရှားပါးမှုကြောင့်ကြုံရတယ်။ ဒီမှာက တောင်ပေါ်ဒေသဆိုတော့ ရေရှားတယ်ပေါ့နော်။ သောက်ရေသန့်တွေတော့ရှိတယ်။ ဒါပေမယ့် အလုံအလောက် စစ်ဘေး ရှောင်တွေအားလုံးကို ဝေငှတာတွေမလွယ်ဘူးပေါ့။ မလောက်ဘူး။ တီအိုချောင်းလို့ခေါ်တဲ့ နယ်စပ်ချောင်းပေါ့နော်။ အဲဒီချောင်းရေကို အားကိုးပြီးသောက်သုံးကြတဲ့အတွက် နောက်ဆက်တွဲပြဿနာအနေနဲ့ ဝမ်းရောဂါတွေဖြစ်တယ်။ ပြီးတော့ ယားနာတွေဖြစ်တယ်။”

ဒုက္ခသည်စခန်းအတွင်း ဝမ်းရောဂါဖြစ်ပွားမှုများနေပြီး ကာကွယ်ကုသရေးအပိုင်းမှာလည်း အားနည်းနေတယ်လို့ မရွှီးတယ် ကပြောပါတယ်။

“ဦးရေခန့်မှန်းခြေအနေနဲ့လေ တအိမ်မှာတယောက်လောက်တော့ဖြစ်ပွါးတယ်။ လူ ၁၀၀ မှာ အယောက် (၂၀) (၃၀) လောက်တော့ဖြစ်တယ်။ အထူးသဖြင့် ကလေးတွေက ပိုခံရတယ်။ ကုသရေးအပိုင်းမှာ ဒီဘက်မှာတော့ တော်တော် အားနည်းတယ်လို့ပြောရမယ်။ လုံလောက် တဲ့ဆေးဝါးတွေလဲအလုံအလောက်မရဘူး။ ပြဖို့ဆေးခန်းတွေ ဒီဘက်မှာ CDM လုပ်တဲ့ ဆရာဝန်တွေ နှစ်ဦးသုံးဦးလောက်ရှိတယ်။ NGO Calinic တခုရှိတယ်။ ဒါပေမယ့် မလုံလောက်ဘူး။ ဆေးဝါးတွေ အခက်အခဲ ရှိတယ်။ ဝယ်ချင်တဲ့ဆေးတွေတောင်ဝယ်လို့မရဘူးပေါ့။”

စစ်ဘေးရှောင်အများစုရှိတဲ့ ဒုက္ခသည်စခန်းမှာ ယင်လုံအိမ်သာမရှိဘဲ ကြုံသလို မစင်စွန့်ကြသလို ချောင်းရေကိုသာ သုံးစွဲနေရပြီး မသန့်ရှင်းတဲ့ရေကို သောက်သုံးမိလို့ ဝမ်းပျက်ရောဂါဖြစ်ပွါးတာလို့ စစ်ဘေးရှောင်တဦးက ပြောပါ တယ်။

“အဲဒီမှာ လူဦးရေ (၂,၀၀၀) နီးပါးလောက်ရှိတယ်။ ချောင်းရေခပ်ပြီးသုံးနေရတဲ့အခြေအနေရှိတယ်။ နောက်ပြီးတော့ အဲဒီချောင်းကိုပဲ... အဲဒီမှာဘဲ မစင်သွားလိုက်၊ အပေါ့သွားလိုက်။ အဲဒီချောင်းရေကိုပြန်သုံးလိုက်ဆိုတော့ သူတို့ဝမ်းလျှောဖြစ်နေတာတော့ တော်တော်များတယ်။ အစကတည်းက အိမ်သာတွေဘာတွေကမတူးထားတော့ သူတို့ ကြုံရာမှာ စွန့်ပစ်နေလိုက် အခြေအနေပဲရှိတော့ နောက်ပြီးတော့ သောက်သုံးရေကလည်း ကျိုချက်ပြီးသောက်လား ဒါမှမဟုတ် ချောင်းရေပဲသောက်ကြတာတော့ သူတို့ဝမ်းလျှောတော့ဖြစ်တာပဲ။”

ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ကြား မတ်လ ၅ ရက်နေ့မှာ တကြိမ်၊ မတ်လ (၁၂) ရက်နေ့မှာတကြိမ် တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ရိခေါဒါရ်မြို့နေ ဒေသခံ ၂,၀၀၀ ကျော် အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ်နယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

အိန္ဒိယဘက်ခြမ်း ရိခေါဒါရ်မြို့စစ်ဘေးရှောင်ဒုက္ခသည်စခန်းမှာ လူဦးရေ(၂,၀၀၀) ကျော် ရှိနေပြီး သူတို့နေထိုင်နေရတဲ့ အခြေအနေကိုတော့ စစ်ဘေးရှောင်အကူညီပေးအဖွဲ့ဝင် မရွှီးတယ်ကပြောပါတယ်။

“ဇိုခေါ်ဒါရ်မှာ။ ရီခေါ်ဒါရ်ရဲ့ ဒီဘက်ခြမ်း ဇိုခေါ်ဒါရ်ရွာ။ မီဇိုရမ်ပြည်နယ်ပေါ့။ စစ်ရှောင်စခန်းက အခုသူတို့ဆောက်ပေးတဲ့ စခန်းတော့ ဘောလုံးကွင်းတကွင်းမှာ လူတွေ(၃၀၀)လောက် လူတွေတဲထိုးပြီးနေတယ်။ ရိမြို့ရယ် ပြီးတော့ ရိအမှတ်(၂)လို့ခေါ်တဲ့ ခွန့်မော်ရင်ပေါ့နော်။ အဲဒီကနေ စစ်ဘေးရှောင်လာတဲ့လူဦးရေက မနေ့ကစစ်တမ်းကောက် သလောက် ဆိုရင်တော့ (၂၀၀၀)ကျော်တယ်။ အဲဒီသူတို့တတွေက အိမ်ငှါးစရာမရှိတော့ဘူး။ အဲတာကြောင့်ကြုံတဲ့ နေရာမှာ နေရာလွတ်ရှိတဲ့နေရာတိုင်းမှာ အမိုးအကာနဲ့တဲထိုးပြီးနေကြတယ်။ ပြီးတော့ ဂိုဒေါင်တွေရှိတယ်။ အဲဒီဂိုဒေါင်မှာပဲ စစ်ဘေးရှောင်တွေက ပြွတ်သိပ်ပြီးနေရတယ်ပေါ့ အဲဒီလို။”

ရိခေါဒါရ်မြို့ဟာ အိန္ဒိယဘက်ခြမ်းမှာရော မြန်မာဘက်ခြမ်းမှာပါ ရှိနေပြီး အလယ်က ချောင်း ခြားနေတာပါ။ အိန္ဒိယဖက် ရိခေါဒါရ်မြို့ စစ်ဘေးရှောင်ဒုက္ခသည်စခန်းမှာ အထောက်အပံ့တွေကြောင့် စားသောက်ရေးအဆင်ပြေကြပေမယ့် လူဦးရေများလာလို့ နေထိုင်ရေးမှာတော့ အခက်အခဲရှိတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့နယ်ဘက်ကိုရောက်ရှိနေတဲ့ စစ်ဘေးရှောင်ဒုက္ခသည် တွေကျတော့ နေထိုင်စားသောက်မှုအဆင်ပြေနေတယ်လို့ အိုက်ဇောလ်ရောက် ကလေးမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရှားမီကပြောပါတယ်။

“ကျမရောက်ခဲ့တဲ့ ဒီအိုက်ဇောလ်တလျှောက်မှာတော့ တော်တော်လေးအဆင်ပြေကြတယ်။ ရေ မီး စားစရာ သောက်စရာ အလျှံပယ်ပေါ့နော်။ လူမှုအဖွဲ့အစည်းတွေကအများကြီးထောက်ပံ့ပေးတယ်။ ပြည်နယ်အစိုးရကလည်း ချပေးတာရှိတယ်ပေါ့နော်။”

မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း CDMဝန်ထမ်းတွေ လွှတ်တော်ကိုယ်စားလှယ်တွေ ဒေသခံ တွေအများအပြား မီဇိုရမ်ပြည်နယ်ဘက်ကိုတိမ်းရှောင်ရောက်ရှိနေတာပါ။

လက်ရှိဖလမ်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ CDF အဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွါးနေသလို သွားလာရေးမှာ လုံခြုံမှုမရှိသေးတဲ့အခြေအနေမှာ ရှိနေပါတယ်။

စစ်ကောင်စီတပ်နဲ့ ဒေသခံ CDF အဖွဲ့တို့ကြားစစ်ရေးတင်းမာမှုအတွင်း မြန်မာနိုင်ငံဘက်က ထွက်ပြေးလားသူ ၂၄,၂၈၉ ဦးရှိနေပြီလို့ မီဇိုရမ် အစိုးရအဖွဲ့က မှတ်တမ်းပြုစုထားပါတယ်။

မြန်မာနိုင်ငံဘက်မှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ဖလမ်း၊ မတူပီ၊ ထန်တလန်နဲ့ စစ်ကိုင်းတိုင်း ကလေး မြို့နယ်က ဒေသခံတွေဟာ မီဇိုရမ်ဘက်ကို ထွက်ပြေးတိမ်းရှောင် နေကြသူတွေ ရှိနေဆဲဖြစ်ပါတယ်။

#MyanmarIDPs #MyanmarIndia #ChinIDPs #VOABurmese
#စစ်ဘေးရှောင် #မီဇိုရမ် #ရေရှား#ဝမ်းရောဂါ #ဖလမ်း၊ရိခေါဒါရ်မြို့
============

[[Unicode]]



















#MyanmarIDPs #MyanmarIndia #ChinIDPs #VOABurmese
============

XS
SM
MD
LG