သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဇာနည်နေ့အခမ်းအနားနဲ့ ဆန္ဒပြမှုများ နိုင်ငံအဝှမ်းကျင်းပ


ဖားကန့်မြို့နယ်မှာ အာဇာနည်နေ့အထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲ (ဓာတ်ပုံ-CJ)
ဖားကန့်မြို့နယ်မှာ အာဇာနည်နေ့အထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲ (ဓာတ်ပုံ-CJ)

[[Zawgyi/Unicode]]

အာဇာနည်နေ့အခမ်းအနားနဲ့ ဆန္ဒပြမှုများ နိုင်ငံအဝှမ်းကျင်းပ


ဒီကနေ့ ကျရောက်တဲ့ ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့မှာ စစ်ကောင်စီက နိုင်ငံတော်အခမ်းအနား ကြီးမှူးကျင်းပခဲ့သလို မြန်မာနိုင်ငံနေရာအတော်များများမှာတော့ တက်ကြွလှုပ်ရှားသူတွေက အာဇာနည်ခေါင်းဆောင်တွေနဲ့ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့သူတွေအတွက် အလေးပြုတဲ့အစီအစဉ်တွေ လုပ်ခဲ့ကြပါတယ်။ ဒီအကြောင်း ရန်ကုန်က အသေးစိတ်ပေးပို့တာကို အလိမ္မာက တင်ပြပေးထားပါတယ်။

ဒီကနေ့ ကျရောက်တဲ့ (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတော် အခမ်းအနားကိုတော့ ရန်ကုန်အာဇာနည်ဗိမာန်မှာ စစ်ကောင်စီက ကြီးမှူးကျင်းပခဲ့ပြီး၊ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်တာမတွေ့ရပါဘူး။ ဒါ့အပြင် ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် တက်ရာက်တာလည်းမရှိပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးဘဝင်း မိသားစုတွေကိုယ်စား အခမ်းအနားကျင်းပရေးကော်မတီဝင်တွေက လွမ်းသူ့ပန်းခွေချခဲ့တယ်လို့ သိရပါတယ်။ ဗိုလ် ချုပ်အောင်ဆန်းရဲ့ သားအကြီးဖြစ်သူ ဦးအောင်ဆန်းဦး ကိုယ်စားပြုတဲ့ ပန်းခွေ ချခဲ့တာပါ။

ရန်ကုန်မြို့မှာတော့ “လူမျိုးကြီးဝါဒတိုက်ဖျက်ကြ၊ အာဇာနည်ဟာကိုးဦးမက” ဆိုတဲ့ စာတမ်းကိုင်ဆောင်ပြီး ကျောင်းသားများသမဂ္ဂပူးပေါင်းအဖွဲ့တွေနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားသူတွေက ရန်ကုန်မြို့မှာ လျှပ်တပြက်ဆန္ဒပြခဲ့ကြပါတယ်။ ရန်ကုန်အပြင် တခြားနယ်မြေတွေနဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရှိတဲ့ တိုင်းရင်းသားဒေသတွေမှာလည်း အာဇာနည်နေ့အခမ်းအနားတွေ ကျင်းပကြပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေကို မမေ့သလို တိုင်းရင်းသားလူမျိုးအသီးသီးရဲ့ အာဇာနည်ခေါင်းဆောင်တွေကိုပါ အသိအမှတ်ပြုချင်လို့ အခုလို ဆောင်ပုဒ်နဲ့ ဆန္ဒပြမှုတွေ၊ အခမ်းအနားတွေ လုပ်ခဲ့ကြတာလို့ ရန်ကုန်ခရိုင် ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုမြတ်မင်းခန့်က VOA ကိုပြောပါတယ်။

“အဓိကတော့ ဒီလူမျိုးကြီးဝါဒနဲ့ အာဇာနည်ကိုးဦးနဲ့ဆိုင်တဲ့ ကိစ္စက တချို့ပြည်သူတွေက မကြိုက်တာရှိတယ်ပေါ့နော်။ ဒါပေမယ့် ကျနော်တို့ ဒီမှာပေးချင်တဲ့ message ကတော့ လူမျိုးကြီးဝါဒဖယ်ရှားပေးကြတဲ့ အာဇာနည် ကိုးဦးမက ဆိုတဲ့ဟာက ကျနော်တို့ ဒီနိုင်ငံမှာ အာဇာနည်လို့ ပြောလိုက်လို့ရှိရင် ဗိုလ်ချုပ်အောင်ဆန်းတယောက်ထဲကိုပဲ မြင်ကြတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ ဒီအာဇာနည် ၉ ဦးထဲမှာလည်း တခြားတိုင်းရင်းသားတွေလည်း ပါခဲ့တယ်။ ဘာသာခြားတွေလည်း ပါခဲ့တယ်ပေါ့နော်။ အခုဒီကာလမှာဆိုလို့ရှိရင်လည်း ဒီအာဇာနည်လို့ ပြောလာလို့ရှိရင် ကျနော်တို့က လူမျိုးစုတခုကို ပြောတာမဟုတ်ဘဲနဲ့ နွေဦးတော်လှန်ရေးကာလမှာဆိုရင် တိုင်းရင်းသားတွေလည်း အများကြီးပါတယ်ပေါ့နော်။ ပြီးတော့ အာဇာနည်နဲ့ ပတ်သက်လာရင် တိုင်းရင်းသားအများကြီး ထပ်ပေါ်ပေါက်လာခဲ့တယ်ဆိုတဲ့ဟာကို အဓိက message ပေးချင်တာပါဗျ။”

ရန်ကုန်မြို့ လမ်းဆုံလမ်းခွနေရာ အတော်များများမှာ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ပိတ်ဆို့ထားပြီး စစ်ဆေးမှုတချို့ ရှိနေပေမယ့် တက်ကြွလှုပ်ရှားသူတွေဘက်က ရသလို လျှပ်တပြတ်ဆန္ဒပြခဲ့ကြတာပါ။ မန္တလေးမြို့မှာလည်း မြို့တွင်းအသွားအလာများတဲ့နေရာတွေမှာ စစ်ကောင်စီဘက်က တားဆီးစစ်ဆေးတာတွေရှိနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေဖြစ်နေတဲ့ စစ်ကိုင်းတိုင်းအတွင်း မြို့နယ်တွေမှာလည်း ချီတက်ဆန္ဒပြမှုတချို့ရှိပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေနဲ့အတူ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး တိုက်ပွဲဝင်ခဲ့ကြပြီး ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက်ကိုပါ ချီတက်ဆန္ဒပြ အလေးပြုခဲ့ကြတာလို့ ဆားလင်းကြီးမြို့နယ် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ပါဝင်သူတဦးက VOA ကိုပြောပါတယ်။

“သပိတ်တွေက ထွက်ကြတယ်ဗျ၊ မနက်ခင်းပိုင်းလည်း ထွက်ပြီးပြီ။ ညနေထွက်ဖို့လည်း ရှိကြပါတယ်ဗျ။ ကျနော်တို့က ဒီအာဇာနည်နေ့ ၇၅ နှစ်ပြည့် စိန်ရတုမှာ ဒီအာဇာနည် ၉ ဦးတည်းမဟုတ်ဘဲနဲ့ ခေတ်အဆက်ဆက် သမိုင်းအဆက်ဆက် ရှိခဲ့ကြတဲ့ အာဇာနည်တွေကို ဂုဏ်ပြုတဲ့အားဖြင့် အာဇာနည်မျိုး သေရိုးမရှိဆိုတဲ့ ကြွေးကြော်သံတွေ၊ ဘန်နာတွေ။ ပြီးရင် အာဇာနည်တို့အရိုးဖြင့် ဖက်ဒရယ်အလံတော်ကို လွှင့်ထူကြဆိုတဲ့ ဒီစာသားတွေ ကိုင်ပြီးတော့ ချီတက်ကြတယ်ပေါ့နော်။ ပြီးရင်တော့ ကျွန်တော်တို့ ဒီလွမ်းသူပန်းခွေတွေ၊ ဝေမြဲနှင်းဆီတွေနဲ့ အာဇာနည်တွေကို ဂုဏ်ပြုတဲ့ အစီအစဉ်တွေ ကျွန်တော်တို့ ဆောင်ရွက်ကြတယ်ဗျ။ ပြီးရင်တော့ ၁၀ နာရီ ၃၇ မိနစ်မှာ ဟွန်းတီးတာတို့ ရောက်တဲ့နေရာကနေ အလေးပြုတာတို့ အဲ့တာတွေ ကျွန်တော်တို့ ဆောင်ရွက်ကြတယ်ဗျ။”

အာဇာနည်ခေါင်းဆောင်တွေ နိုင်ငံ့အတွက် အသက်ပေးခဲ့ရတဲ့နည်းတူ နိုင်ငံအတွက် နောက်ထပ်အသက်ပေးလှုရမှုတွေမရှိတော့တဲ့ ကောင်းမွန်တဲ့ နိုင်ငံတခု ဖြစ်လာဖို့ မျှော်လင့်ပြီး အာဇာနည်နေ့ကျင်းပခဲ့တယ်လို့လည်း သပိတ်ခေါင်းဆောင်တဦးက ပြောပါတယ်။

“၇၅ နှစ်ပြည့် အာဇာနည်နေ့ပေါ့နော်၊ ကြုံရတာက လက်ရှိအာဇာနည်နေ့က အာဏာသိမ်းခံရတဲ့ အခြေအနေနဲ့ ကြုံကြိုက်နေရတဲ့ ကာလဖြစ်သလိုပဲ။ လက်ရှိတော်လှန်ရေးမှာလည်း အာဇာနည်တွေ ထပ်ပြီးတော့ များစွာရှိနေတယ်ပေါ့နော်။ ပြီးတော့ နောက်အနာဂတ်မှာ အခုလို အသစ်အသစ်သော အာဇာနည်တွေ မြောက်မြားစွာမရှိတော့ဘဲနဲ့ ကျနော်တို့ မျှော်ရည်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ရရှိဖို့ပေါ့။ ဒါတွေအတွက် ကျနော်တို့ လူထုတရပ်လုံးအနေနဲ့ ပူးပေါင်းပါဝင်စေချင်တယ်ပေါ့လေ။ ပြီးရင်ကျဆုံးသွားတဲ့ အာဇာနည် သူရဲကောင်းတွေအားလုံးအတွက် သူတို့ မျှော်ရည်တဲ့ တိုင်းပြည်အတွက် သူတို့ရဲ့ စိတ်ဓာတ်တွေအတိုင်း ဆက်လက် တိုက် ပွဲဝင်ကြဖို့ရယ်၊ အာဇာနည်သူရဲကောင်းတွေက တမလွန်ကနေ ကောင်းမွန်တဲ့ နိုင်ငံတော်သစ်ကြီးကို မြင်နိုင်ဖို့ပေါ့။ လက်ရှိပကတိတော်လှန်ရေးမှာလည်း နေ့စဉ်ရက်ဆက်ဆိုသလိုပဲ တဒေသ မဟုတ် တဒေသ ပေးဆပ်နေရတဲ့ အာဇာနည်တွေရှိနေသေးတော့ ဒီဥစ္စာတွေ အမြန်ဆုံးမရှိတော့ဘဲ တကယ့်ကို ကျနော်တို့ မျှော်ရည်တဲ့ တိုင်းပြည်တခု ဖြစ်ချင်ပါတယ်။”

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာလည်း ကျဆုံးအာဇာနည်တွေကို အလေးပြုတာနဲ့ အတူ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲ လုပ်ခဲ့ကြပါတယ်။ ကလေးမြို့ဟာ စစ်အာဏာသိမ်းစကတည်းက စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအတွက် အပစ်အခတ်အဖမ်းအဆီးတွေကြားက ရက်ပေါင်း ၅၂၇ ရက်တိုင် ပျက်ရက်မရှိ ချီတက်ဆန္ဒပြခဲ့တာပါ။ လုံခြုံရေးတင်းကြပ်နေတဲ့ အခြေအနေကြားထဲက ရသလို လျှပ်တပြက် ဆန္ဒပြခဲ့ကြရတာလို့ ကလေးမြို့ပင်မသပိတ်က အမျိုးသမီး သပိတ်ခေါင်းဆောင်တဦးက VOA ကိုပြောပြပါတယ်။

“ကျမတို့ ဒီနေ့က မြို့ပေါ်ကြီးမှာတော့ ထွက်ဖို့က လုံးဝအဆင်မပြေဘူးပေါ့နော်။ မြို့ပေါ်မှာက နေရာအနှံ့မှာ စကစတွေက ရှိထားတယ်ဆိုတော့ မြို့အပြင်ဘက်လောက်မှာ လွမ်းသူ့ပန်းခွေ ၂ ခွေရယ်၊ ဖယောင်းတိုင်ထွန်းတယ်။ ဇူလိုင် ၁၉ မှာ ကျသွားတဲ့ ခေါင်းဆောင်တွေနဲ့ နွေဦးတော်လှန်ရေးမှာ ကျသွားတဲ့ သူရဲကောင်းတွေအတွက်ကို ကျမတို့ အလေးပြုတယ်။ ဖယောင်းတိုင်ထွန်းပြီး နှင်းဆီပန်းတွေနဲ့ လွမ်းသူပန်းခွေနဲ့ပေါ့။ အဲ့လောက်ပဲ လုပ်နိုင်ခဲ့ပါတယ်။ လုံခြုံရေးအခြေအနေက တော်တော်ကိုတင်းကြပ်တယ်။ ဘယ်လိုမှ မြို့ပေါ်ကို လုံးဝလှုပ်ရှားလို့မရတဲ့ အနေအထားဖြစ်နေတယ်။ နေရာအနှံ့မှာ သူတို့အကုန်လုံး စောင့်နေကြတယ်ပေါ့ မနက်ကတည်းကလေ။ အဲလို မြို့ပေါ်ရောက်ဖို့ကို ကျမတို့ တောလမ်းကနေ တော်တော်ခက်ခက်ခဲခဲ သွားခဲ့ရတယ်ပေါ့နော်။”

ထားဝယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေကလည်း “အာဇာနည်တိုင်း သမိုင်းမသေ” ဆိုပြီး တော်လှန်ရေးကာလမှာ ကျဆုံးခဲ့သူတွေနဲ့ အာဇာနည်ခေါင်းဆောင်တွေကို အလေးပြုတဲ့အစီအစဉ် ပြုလုပ်ခဲ့ပါတယ်။ ၇၅ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ကို နေရာအတော်များများမှာ ပြုလုပ်ခဲ့ကြပေမယ့် တချို့ကတော့ အာဇာနည်နေ့မှာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာလို့ ဘေးလွတ်ရာပြေးလွှားနေရပါတယ်။ ဇူလိုင်လ ၁၈ ရက်၊ မနေ့ညနေကတည်းက စစ်ကောင်စီရဲ့ စစ်ရေယာဉ် အုပ်စုဟာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာလို့ မြစ်အနီးအနားမှာနေထိုင်တဲ့ ရွာသူရွာသားတွေ ဘေးလွတ်ရာပြေးနေရတာ ၂,၀၀၀ ဝန်းကျင်လောက်ရှိနေပြီလို့ ကနီဒေသခံတဦးကပြောပါတယ်။

“အာဇာနည်နေ့နဲ့ ပတ်သက်ပြီးတော့ ကျေးရွာတချို့မှာလည်း ဒီအာဇာနည်ခေါင်းဆောင်ကြီးတွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲမှာကျဆုံးသွားကြတဲ့ ရဟန်းရှင်သူ ပြည်သူလူထုကို ဦးညွတ်တဲ့အနေနဲ့ ကားဟွန်းတီးတာ၊ ဆိုင်ကယ်ဟွန်းတီးတာ၊ ငြိမ်သက်အလေးပြုတာမျိုးတွေ လုပ်ဆောင်တာရှိတယ်။ အဲဒီလို လုပ်ဆောင်မယ့် အနေအထားမှာက သူတို့စစ်ကြောင်းထိုးနေတဲ့ ချင်းတွင်းမြစ်ကြောင်းဘေးမှာရှိနေတဲ့ ကျေးရွာတွေကတော့ ဘေးလွတ်ရာကို ရှောင်တိမ်းမှုတွေ လုပ်နေကြရတယ်။”

စစ်ကောင်စီက ဦးစီးပြီး ရန်ကုန်မှာလုပ်တဲ့ နိုင်ငံတော်အခမ်းအနားမှာတော့ စစ်ကောင်စီဘက်က ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်မးကြီးစိုးဝင်း ဦးဆောင်တတ်ရောက်တာပါ။ ဒါ့အပြင် ရန်ကုန်မြို့ပေါ်မှာတော့ အာဇာနည်ခေါင်းဆောင်တွေ ကျဆုံးတဲ့ မနက်ပိုင်းအချိန်မှာ ဥဩဆွဲတာ၊ သွားလာနေတဲ့ ယာဉ်တချို့ ဟွန်းတီးတာ၊ နေအိမ်တချို့ အလံတိုင်ဝက်လွှင့်ထူတာတွေရှိခဲ့ပါတယ်။ အာဇာနည်ဗိမာန်နဲ့ ရန်ကုန်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တို့ကို အများပြည်သူအတွက် ဖွင့်လှစ်ပေးခဲ့ပေမယ့် လာရောက်သူ နည်းပါးတယ်လို့လည်း သိရပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]

















XS
SM
MD
LG