သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာကိုရင်ဆိုင်နေတဲ့ ပြည်သူ့သတင်းထောက်များ


စစ်အုပ်ချုပ်မှုကို ဆန့်ကျင်ကန့်ကွက်မှုတွေမှာ မြေပြင် သတင်းရယူနေတဲ့ အမျိုးသမီးသတင်းထောက် ကေဇွန်နွေးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားစဉ်။ (ဖေဖေါ်ဝါရီ ၂၇၊ ၂၀၂၁) 
စစ်အုပ်ချုပ်မှုကို ဆန့်ကျင်ကန့်ကွက်မှုတွေမှာ မြေပြင် သတင်းရယူနေတဲ့ အမျိုးသမီးသတင်းထောက် ကေဇွန်နွေးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားစဉ်။ (ဖေဖေါ်ဝါရီ ၂၇၊ ၂၀၂၁) 

[[Zawgyi/Unicode]]

မြန်မာနိုင်ငံက သတင်းသမားတွေအနေနဲ့ သူတို့ အလုပ်လုပ်လို့မရလောက်အောင် စစ်ကောင်စီက စည်းမျဉ်းစည်းကမ်းတွေ အလွန်တင်းကြပ်ထားတယ်လို့ သတင်းထောက်တွေကပြောပါတယ်။ ဒါကြောင့်လည်း အဖမ်းအဆီးခံရတာတွေနဲ့တခြားဖြစ်ရပ်ဆိုးတွေ မကြုံအောင် ပုန်းလျိုးကွယ်လျိုးနဲ့ Citizen Journalist လို့ခေါ်တဲ့ ပြည်သူ့သတင်းထောက်တွေ ပိုများလာပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးတနှစ်ကျော်ထဲရောက်လာချိန်မှာ သတင်းလွတ်လပ်ခွင့်တွေလည်း တရှိန်ထိုးကျဆင်းနေပါတယ်။ ရာနဲ့ချီတဲ့သတင်းသမားတွေအဖမ်းခံရတာလည်း ရှိသလို အသတ်ခံရသူတချို့လည်းရှိခဲ့ပါတယ်။ သတင်းဌာနအတော်များများကို လည်းစစ်ကောင်စီကပိတ်သိမ်းခဲ့တာပါ။

စစ်အာဏာသိမ်းပြီး နောက်ပိုင်းစီးပွါးရေးအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရချိန်မှာ လူငယ်အတော်များများ အလုပ်လက်မဲ့ဖြစ်ခဲ့ကြပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး လမ်းပေါ်ထွက်ပြီး အကြမ်းမဖက်ဆန္ဒပြတဲ့ CDM လှုပ်ရှားမှုမှာ "ရှိန်း" တို့လို အင်ဂျင်နီယာတွေ၊ ဆရာဝန်တွေ၊ ရှေ့နေနေတွနဲ့ ကျောင်းဆရာဆရာမတွေလည်း ပါဝင်ခဲ့ကြပါတယ်။

“ကျနော် သတင်းထောက်အလုပ်ကိုပိုပြီး စိတ်ဝင်စားပါတယ်။ ဒါကြောင့် CDM မှာပူးပေါင်းလိုက်တာပါ။ နောက်တော့ ကျနော်လည်း သတင်းထောက်တယောက်ဖြစ်လာတယ်လို့ ပြောနိုင်ပါတယ်။”

စစ်ကောင်စီကလည်း ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေကိုလည်း အစိုးရအိမ်ခန်းတွေကနေ နှင်ထုတ်ခဲ့တဲ့ အချိန်မှာ ရှိန်းတို့မိသားစုလည်းပါပါတယ်။ ၂၀၂၁ မေလထဲရောက်တော့ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုတွေကို "ရှိန်း" တယောက် သတင်းတွေစပို့ပါတယ်။ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ချင်းကာကွယ်ရေးတပ် CDF နဲ့ စစ်ကောင်စီကြားတိုက်ပွဲတွေကိုပါ ပြည်သူ့သတင်းထောက် တယောက် အနေနဲ့ သတင်းပေးပို့ခဲ့တာပါ။

မင်းတပ်မြို့က လူငယ် ၁၀ ယောက်လောက် တနေ့တည်း အသတ်ခံရတဲ့ကိစ္စ သတင်းပို့ရတာ အခက်ခဲဆုံးဖြစ်ပါတယ်လို့လည်း သူကပြောပါတယ်။ လူနှစ်ယောက်ကို မီးရှို့သတ်တာကို မျက်မြင်တွေ့ခဲ့ရတယ် လို့လည်း "ရှိန်း"ကပြောပါတယ်။ စစ်ကောင်စီက အင်အားသုံးဖမ်းဆီးထားတဲ့ ပြည်သူအတော်များများကို လူသားဒိုင်းအဖြစ်အသုံးချဖို့ စစ်ဝတ်စုံတွေဝတ်ခိုင်းခဲ့တဲ့အတွက် ချင်းတပ်ဖွဲ့တွေ ဆုတ်ပေးခဲ့ရတယ် လို့ လည်း ပြောပါတယ်။ အဲဒီအချိန်တုန်းကတော့ ပြည်တွင်း ပြည်ပသတင်းဌာနက သတင်းထောက်တွေကို ရှိန်းက ကူညီပေးခဲ့တာဖြစ်ပါတယ်။

“ပြည်သူ့သတင်းထောက်အဖြစ်လုပ်ကိုင်ပေးတာ ဝင်ငွေတော့မရပါဘူး။ ဒါပေမယ့် စိတ်အားထက်သန်စွာနဲ့ ကျနော် စိတ်ဝင်တစား လုပ်ကိုင်ပါတယ်။ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးအတွက် လုပ်ကိုင်ပေးနေတာဖြစ်ပါတယ်။ ဆက်ပြီးတော့လည်း လုပ်ကိုင်သွားမှာပါ။”

"ရှိန်း" တို့လို ပြည်သူ့သတင်းထောက်အဖြစ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ဘယ်လောက်ရှိသလဲဆိုတာတော့ မသိရပါဘူး။ သတင်းထောက်တွေနေရာမှာ ခုလိုအစားထိုးလုပ်ကိုင်ပေးနေတဲ့ပြည် သူတွေလည်း များသထက်များလာပါတယ်။ အရှေ့တောင်အာရှဒေသတွင်း ဖြစ်ရပ်တွေကို စောင့်ကြည့်လေ့လာနေတဲ့ Reporting ASEAN အဖွဲ့အဆိုအရ ဗုဒ္ဓဟူးနေ့ထိ ဖမ်းခံရတဲ့ မြန်မာသတင်းထောက် ၁၂၁ ဦးရှိပါတယ်။ အဲဒီထဲက ၄၇ ဦး ဆက်ပြီးဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး ၁၆ ဦးကို စွဲချက်မျိုးစုံနဲ့ ပြစ်ဒဏ်ချမှတ်ထားသလို တဦးသေဆုံးခဲ့တယ်လို့ဆိုထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးပြောခွင့်ရ Stephane Dujarric ရဲ့ပြောဆိုချက်အရ ပြီးခဲ့တဲ့ ၁၂ လတာကာလအတွင်း အဖမ်းခံရတဲ့သတင်းထောက်ဦးရေထဲမှာ အမျိုးသမီး ၁၂ ဦးပါဝင်ပြီး စုစုပေါင်း ၁၄၆ ဦးရှိပါတယ်။ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ ဖိနှိပ် ဖမ်းဆီးခံရတဲ့ သတင်းထောက်တွေရဲ့ သတင်းအချက်အလက်တွေကို မျှဝေပေးနေတဲ့ ဖေ့ဘုတ်အုပ်စုတခုကတော့ အဖမ်းခံရတဲ့ ပြည်သူ့ သတင်းထောက်၊ အလွတ်တန်းသတင်းထောက် ဒါမှမဟုတ် သတင်းသမားဟောင်း စုစုပေါင်း ၂၃ ဦးရှိပြီးတဦးသေဆုံးခဲ့တယ်လို့ ပြောပါတယ်။ သတင်းဌာနတွေနဲ့ ဆက်သွယ်တဲ့ ဘယ်သူ့ကိုမဆို စစ်ကောင်စီက ပစ်မှတ်ထားနေတယ်လို့လည်း အဲဒီစာမျက်နှာမှာ ရေးသားထားတာပါ။

စစ်ကောင်စီပြောခွင့်ရသူကတော့ တည်ငြိမ်မှုပျက်ပြားအောင် လှုံ့ဆော်သူတွေကိုပဲ ဖမ်းဆီးတာပါလို့ပြောပါတယ်။ စစ်ကောင်စီကဖမ်းဆီးထိန်းသိမ်းထားတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လည်း အကျင့်ပျက်ခြစားမှုအပါအဝင် စွဲချက်ပေါင်းစုံနဲ့ တရားရင်ဆိုင်နေရပြီး တချို့ ပြစ်မှုတွေနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPB ကတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အသတ်ခံရသူ ၁,၅၄၆ ဦး ရှိတယ်လို့ပြောပါတယ်။

ချင်းပြည်နယ်က အသက် ၂၆ နှစ်အရွယ် “မေ” ဆိုတဲ့ အမျိုးသမီးကတော့ စစ်အာဏာမသိမ်းခင် ၂၀၁၈ ခုနှစ်ကတည်းက ပြည်သူ့သတင်းထောက်ဖြစ်လာခဲ့တာပါ။

“တခုခုဖြစ်ပြီဆိုရင် သူများထက်အရင်ဆုံး သိချင်မြင်ချင်စိတ်ရှိပါတယ်။ ဒါကြောင့် ဘာဖြစ်သလဲဆိုတာ သွားစူးစမ်းပြီး သူများတွေကိုပြန်ပြောပြခဲ့တာပါ၊ တခြားသာမန်လူနေမှုဘဝနဲ့တော့မတူဘူးပေါ့၊ ညဆို မအိပ်နိုင်ပဲ နေ့တိုင်းလိုလို သတိနဲ့ နေနေရပါတယ်။”

ပြီးခဲ့တဲ့ ဧပြီလတုန်းကတော့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကပြည်သူတွေကို စစ်ကောင်စီက ပစ်ခတ် တာကို သူ မျက်မြင်တွေ့ခဲ့ရပါတယ်။အန္တရာယ်မကင်းတဲ့ကြားကပဲ အခင်းဖြစ်တဲ့နေရာအနီးရောက်အောင်သွားပြီး စပ်စုခဲ့တယ်လို့ “ မေ” က ခုလိုပြောပါတယ်။

“စစ်သားတယောက်က ကျမ ရင်ဘတ်ကို သေနတ်နဲ့ချိန်ပြီး နောက်တလှမ်းတိုးလာရင် ပစ်မယ်ဆိုပြီး ပြောပါတယ်။ အဲဒီတုန်းက ကျမငိုချင်နေတာပါ။ အဲဒီစစ်သားကိုလည်း သိပ်ပြီး ဒေါသဖြစ်မိပါတယ်။ သူ့ကို စိန်းစိန်းကြီး စိုက်ကြည့်နေမိခဲ့ပါတယ်။”

အရာရှိတယောက်က ဝင်တားလို့ ကံကောင်းထောက်မစွာနဲ့ သူအပစ်မခံခဲ့ရပါဘူး။

“စစ်ကောင်စီတပ်ဖွဲ့က ကျမဖုန်းကို မကြာခဏစစ်ပါတယ်။ ဒဏ်ရာရထားတဲ့လူတွေရဲ့ ဓာတ်ပုံတချို့တွေ့တော့ အဲဒီဓာတ်ပုံတွေ ဖုန်းထဲဘာလို့ ရှိနေရတာလဲ-ဆိုပြီး မေးပါတယ်။ အဲဒီမေးခွန်းကိုပဲ နာရီနဲ့ချီ ထပ်ကာထပ်ကာ မေးတာပါ၊ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေဆက်ပြီး တိုးလာနေတဲ့အတွက် ကျမကတော့ ပြည်သူ့သတင်းထောက်အဖြစ် ဆက်လုပ်သွားဦးမှာပါ။”

DVB သတင်းဌာန အယ်ဒီတာ ဦးအေးချမ်းနိုင်ကလည်း ပြည်တွင်းက လွတ်လပ်တဲ့သတင်းဌာနတွေ နှိပ် ကွပ်ခံနေရတဲ့အတွက် တနိုင်ငံလုံး သတင်းထောက်တွေဖြစ်လာတယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံထဲမှာ သတင်းအလုပ်လုပ်ချင်တယ်ဆိုရင် လူမသိအောင်လုပ်ဖို့လိုပါတယ်။ စစ်ကောင်စီက လူတိုင်းကို ရန်သူအဖြစ်သတ်မှတ်ထားတာပါ။”

သတင်းသမားများကွန်ယက်အဖွဲ့ VJ မှာ အောင်ထွန်းဆိုတဲ့ ကလောင်နာမည်နဲ့ ရေးနေတဲ့သတင်းထောက် တယောက်ကလည်း သူ့လုပ်ဖော်ကိုင်ဘက်တွေ ပိုပြီးသတိထားနေကြရတယ်လု့ိပြောပါတယ်။ သတင်းသမားတွေအချင်းချင်း လုံခြုံမှုရှိတဲ့ ဖုန်းမက်ဆေ့ချ် အက်ပ်တွေသုံးပြီး ဆက်သွယ်နေကြရတာပါ။ ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ အင်တာနက်လိုင်းတွေ ပုံမှန်ပြတ်နေတဲ့အတွက်တခါတလေ သတင်းတွေပို့ဖို့ ခက်ခဲပါတယ်။

“ရှိန်း”ကတော့ အင်တာနက်လိုင်းတွေမရရင် ဖုန်းဆက်ပြီး သတင်းပို့နေပါတယ်။ ရေဒီယိုကနေ အသံလွှင့်လို့ရအောင် သတင်းပေးဖို့ သူ့မှာတာဝန်ရှိသလို ၂၀၂၁ ခုနှစ် စက်တင်ဘာလကတည်းက အင်တာနက်လိုင်းမရတဲ့သူ့ပြည်သူတွေ သတင်းရအောင် လုပ်ပေးဖို့ ဝတ္တရားရှိတယ်လို့လည်း “ရှိန်း” ကပြောပါတယ်။

#MyanmarMedia #CitizenJournalist #MyanmarFreeomofMedia #VOABurmese
#VJ #အောင်ထွန်း #ပြည်သူ့သတင်းထောက် #စစ်ကောင်စီ #အင်တာနက် #ရှိန်း
==============

[[Unicode]]























#MyanmarMedia #CitizenJournalist #MyanmarFreeomofMedia #VOABurmese
==============

XS
SM
MD
LG