သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှနိုင်ငံတချို့ မြန်မာလုပ်သားတွေခေါ်ယူဖို့ ကမ်းလှမ်း


 နှစ်နိုင်ငံ MOU အရ ထိုင်းဘက်ကို တရားဝင်သွားမယ့် မြန်မာအလုပ်သမားများ။ (ယခင်မှတ်တမ်းဓာတ်ပုံ)
နှစ်နိုင်ငံ MOU အရ ထိုင်းဘက်ကို တရားဝင်သွားမယ့် မြန်မာအလုပ်သမားများ။ (ယခင်မှတ်တမ်းဓာတ်ပုံ)


[[Zawgyi/Unicode]]


ဘရူနိုင်းနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် မြန်မာလုပ်သားအများအပြား ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ မြန်မာအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတချို့က ပြောပါတယ်။ ကိုဗစ်ရောဂါဖြေလျှော့မှုတွေနဲ့အတူ အာရှနိုင်ငံတချို့က သူတို့ရဲ့ လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ မြန်မာပြည်တွင်းက MoU လုပ်သားအများအပြား ခေါ်ယူဖို့ ကြိုးပမ်းလာပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်း ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာလုပ်သားအများအပြားခေါ်ယူဖို့ ဘရူနိုင်းနိုင်ငံဘက်က စိတ်ဝင်စားနေကြောင်း မြန်မာအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေက ဗွီအိုအေကို ပြောပါတယ်။ အာရှနိုင်ငံတချို့က ဒီနှစ်ထဲ မြန်မာ MoU လုပ်သားတွေကို စတင်ခေါ်ယူနေပြီး အဲဒီအထဲမှာ ဘရူနိုင်းနိုင်ငံက အများအပြားခေါ်ယူဖို့ ရှိနေတာပါ။ ထက်နေလင်းအေဂျင်စီက ဦးကျော်ထက်က အခုလိုပြောပါတယ်။

"ဂျပန်ရှိမယ်၊ ဘရူနိုင်းရှိမယ်၊ စင်္ကာပူရှိမယ်၊ မလေးရှားရှိမယ်နော် MoU ပေါ့။ ဘရူနိုင်းတော်တော်များပါတယ်။ လုပ်သား ၁၀၀,၀၀၀ ပေါ့နော် ( ခေါ်ယူမယ်လို့) အကိုတို့ကြားထားတယ်။"

ဂျပန်နိုင်ငံက စက်ရုံတွေကလည်း တလကို မြန်မာလုပ်သား အယောက် ၅၀၀ လောက်ခေါ်ဖို့ ကမ်းလှမ်းထားတယ်လို့ အေဂျင်စီတချို့က ပြောပါတယ်။ မြန်မာအများအပြားက ဂျပန်နိုင်ငံမှာအလုပ်လုပ်ဖို့လည်း စိတ်ဝင်စားလာတယ်လို့ ထက်နေလင်းအေဂျင်စီက ကိုကျော်ထက်က ပြောပါတယ်။

"ဂျပန်ကို အခုနောက်ပိုင်း အရမ်းကို စိတ်ဝင်စားလာကြတယ်။ ပထမတော့ သူတို့ စိတ်ဝင်စားတာက ထိုင်းလောက်ပဲ စိတ်ဝင်စားတယ်။ တတ်နိုင်ရင် သူတို့တတ်နိုင်တဲ့အပေါ်မူတည်ပြီး စိတ်ဝင်စားတာပေါ့။ ဂျပန်ကတော့ training နဲ့သွားတဲ့ ကလေးတွေပေါ့၊ စိုက်ပျိုးရေးတို့၊ ဘိုးဘွားစောင့်ရှောက်တို့။ အဲဒါလေးတွေတော့ နည်းနည်းများတာပေါ့နော် သူများထက်စာရင်တော့။"

ကိုဗစ်ကပ်ရောဂါနောက်ပိုင်း ထိုင်းနိုင်ငံကို လုပ်သားစေလွှတ်တာကို မေလ ၁၀ ရက်မှာ ပြန်စတင်ခဲ့ပြီး မြန်မာလုပ်သား ၂၈၇ ယောက်ကို ကနဦး စေလွှတ်ခဲ့ပါတယ်။ အခုဇွန်လ ၇ ရက်အထိ တလအတွင်း ထိုင်းနိုင်ငံကို ရောက်သွားတဲ့ မြန်မာ MoU လုပ်သားက ၁၀,၀၀၀ ဝန်းကျင်ရှိတယ်လို့ အေဂျင်စီတချိုက ခန့်မှန်းပါတယ်။ မြန်မာ MoU လုပ်သား သောင်းနဲ့ချီပြီး လိုအပ်တယ်လို့ ထိုင်းလုပ်ငန်းရှင်တွေက သူတို့အစိုးရကို ပြောခဲ့ပေမယ့် လက်ရှိမှာ ကိုဗစ်ရောဂါကန့်သတ်ချက်တွေ ရှိနေဆဲဖြစ်လို့ လုပ်ငန်းကြန့်ကြာမှုတွေတော့ ရှိပါတယ်။

"ဒီရက်ပိုင်း နေ့တိုင်း သူတို့ အထွက်တွေကရှိတယ်၊ အခုက အများဆုံးသွားတာက ထိုင်းပေါ့၊ ထိုင်းပဲများတယ်။ တရက်ကိုတော့ သူတို့သတ်မှတ်ထားတာတော့ ( အယောက်) ၄၀၀ လောက်ရှိတယ်။ ၃၀၀ ကျော် လွှတ်တယ်ပေါ့။ မေလဆန်းလောက်က စတယ်ပေါ့။ ခွင့်ပြုလိုက်တာကတော့။"

Golden Sky အေဂျင်စီက ကိုသန်းဌေးဦး ပြောသွားတာပါ။

နိုင်ငံအလိုက် နှစ်နိုင်ငံသဘောတူစာခွျှန်လွှာ MoU နဲ့ မြန်မာလုပ်သား စေလွှတ်နိုင်ဖို့အတွက် မြန်မာအလုပ်သမားရေးဌာနက လက်ရှိခွင့်ပြုထားတဲ့ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီပေါင်း ၂၈၂ ခုရှိပါတယ်။

မြန်မာပြည်ရဲ့ စီးပွားရေးက ကျဆင်းနေပြီး အိမ်နီးချင်း ထိုင်းနိုင်ငံဘက်ကို တရားမဝင် အလုပ်သွားလုပ်သူတွေက တဖြည်းဖြည်း များလာပါတယ်။ မနေ့က တနင်္လာနေ့က ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်၊ ထုန်ဖဖူးခရိုင်ထဲမှာ မြန်မာနိုင်ငံသား အယောက် ၆၀ ကျော်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ အဲဒီတရက်တည်းမှာတင် မြန်မာနိုင်ငံသား အယောက် ၁၀၀ ကျော်ကို ထိုင်းနိုင်ငံထဲမှာ ဖမ်းဆီးမိခဲ့တာပါ။ သူတို့က မြန်မာနိုင်ငံအနှံ့ကနေ လာခဲ့ကြတာဖြစ်ပြီး လူကုန်ကူးတဲ့ပွဲစားတွေကို လူတယောက်လျှင် ထိုင်းဘတ်ငွေ ၃၀,၀၀၀ နီးပါး ( ကျပ် ၁၆ သိန်းကျော်) ပေးခဲ့ကြရတာပါ။

တိုက်ရိုက် လင့်ခ်

============


[[Unicode]]












============

XS
SM
MD
LG