သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနယ်စပ်ဖြတ်ကျော်သူ မြန်မာ၂၅၀ ဝန်းကျင် ဖမ်းဆီးခံရ


photo- မေလ ၄ ရက်နေ့က ပရာကျွတ်ခီရီကန်ပြည်နယ်မှာ ဖမ်းမိတဲ့မြန်မာများ ( Royal Thai Army )
photo- မေလ ၄ ရက်နေ့က ပရာကျွတ်ခီရီကန်ပြည်နယ်မှာ ဖမ်းမိတဲ့မြန်မာများ ( Royal Thai Army )

[[Zawgyi/Unicode]]

ကိုဗစ်ကပ်ဘေးကြောင့် နှစ်နှစ်ကျော်ကြာပိတ်ထားတဲ့ ထိုင်း-မြန်မာနယ်စပ်တံတားတွေ ပြန်ဖွင့်ဖို့ ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံလုံးကပြင်ဆင်နေချိန်မှာပဲ နယ်စပ်တွေကနေ အလုပ်ရှာဖွေနေကြတဲ့ မြန်မာ နိုင်ငံသားတွေဟာ ထိုင်းနိုင်ငံဘက်ကို အစုလိုက်အပြုံလိုက် တရားမဝင် ဝင်ရောက်လာ နေကြဆဲ ဖြစ်ပါတယ်။ မေလ ၁ ရက်ကနေ ၄ ရက်အထိ နယ်စပ်ဒေသ ၄ ခုကနေ ဝင်လာတဲ့ အထောက် အထားမဲ့မြန်မာ ၂၅၀ ဝန်းကျင်လောက်လည်း အဖမ်းခံထားရပါတယ်။ ဒီသတင်းကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကိုဗစ်ကပ်ရောဂါဖြစ်ချိန်ကစလို့ ကိုဗစ်ကာကွယ်တားဆီးရေးဆိုင်ရာ ကန့်သတ်ချက်တွေအရ နှစ်နှစ်ကျော်ကြာပိတ်ထားတဲ့ ထိုင်းမြန်မာနယ်စပ်တွေက တံတားတွေ ပြန်ဖွင့်ဖို့ ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံလုံးက ပြင်ဆင်ဆွေးနွေးနေကြပါတယ်။ ဒီလိုအချိန်မှာပဲ ပြည်တွင်း နိုင်ငံရေးနဲ့စီးပွါးရေး မတည်ငြိမ်မှုတွေကြောင့် အလုပ်အကိုင်ရှာဖွေလိုသူ မြန်မာတွေဟာ ထိုင်းမြန်မာ နယ်စပ်အသီးသီး ကနေ အစုလိုက်၊ အပြုံလိုက် အထောက်အထားမဲ့ဝင်ရောက်လာနေကြကြောင့် နေ့စဉ်လိုလို အဖမ်း ခံနေရတာလည်းဖြစ်ပါတယ်။ မေလ ၁ ရက်ကနေ ၄ ရက်နေ့အထိ ဝင်ရောက်လာတဲ့ အထောက် အထားမဲ့မြန်မာ ၂၅၀ ဝန်းကျင်လောက် အဖမ်းခံထားရတဲ့အကြောင်း မြန်မာပြည် သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

“ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံ ပူးတွဲဖော်ဆောင်မယ့် နယ်စပ်ဂိတ်တွေ ပြန်ဖွင့်တော့မယ်ဆိုပြီး ကျယ်ကျယ် ပြန့်ပြန့်ဖြစ်ပေါ်နေတယ်။ ထိုင်းဘက်ကလည်း သန့်ရှင်းရေး၊ ကျန်းမာရေးနဲ့ လုံခြုံရေး အထွေထွေ ကိစ္စတွေ ပြင်ဆင်ထားတယ်။ မြန်မာနိုင်ငံဘက်ကလည်း သန့်ရှင်းရေးတွေလုပ်ပြီး နှစ်နိုင်ငံလုံးကလည်း အကုန်လုံး နယ်စပ်က တံတားဖွင့်ချိန်မှာ အဆင်သင့်ဖြစ်အောင်လုပ်နေချိန်မှာ မြန်မာတွေက နယ်စပ် လမ်းတွေကနေပြီး တရားမဝင် ဝင်ရောက်နေဆဲပါပဲ။ မေလ ၃ ရက်နေ့က ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည်နယ် မဲဆိုင်ဘက်မှာ တရားမဝင်မြန်မာ ၃၃ ယောက် ဝင်တယ်။ မေလ ၂ ရက်နေ့ကက ထိုင်းနဲ့မွန်နယ်စပ်၊ ကမ်ချနဘူရီပြည်နယ် မောင် မြို့နယ်ထဲမှာ တရားမဝင် မြန်မာ ၅၇ ယောက် ဝင်ပါ တယ်။ ထိုင်းနိုင်ငံတောင်ပိုင်း ပရာကျွတ်ခီရီကန်ပြည်နယ်ထဲမှာ ၉၈ ယောက် ဒီနေ့ မေလ ၄ ရက်နေ့မှာ အဖမ်းခံရတယ်။ ၂၀၂၂ ခုနှစ်၊ မေလ ပထမလေးရက်အတွင်းမှာ ၂၄၂ ယောက် ၂၅၀ ဝန်းကျင်လောက် အဖမ်းခံရပါတယ်။”

ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ဖေဖေါ်ဝါရီလတွေအတွင်းမှာတော့ အထောက်အထားမဲ့မြန်မာ တသောင်း ဝန်းကျင် လောက် အဖမ်းခံခဲ့ရပြီး မတ်လထဲမှာ ၁,၀၀၀ ကျော် အဖမ်းခံခဲ့ရတာပါ။ ဧပြီလအတွင်း မှာလည်း ၁,၇၀၀ ကျော် အဖမ်းခံရကြောင်း ဦးမိုးကြိုးက ပြောပါတယ်။

“ပြီးခဲ့တဲ့လထဲမှာတော့ တရားမဝင်မြန်မာ အဖမ်းအဆီးခံရသူ ၁,၇၀၄ ယောက်နဲ့ လူမှောင်ခို ၁၄ ယောက် အဖမ်းအဆီးခံရပါတယ်။”

အခုအခါမှာတော့ ထိုင်းနိုင်ငံဘက်က လုံခြုံရေး တင်းတင်းကြပ်ကြပ်ချပြီး ဖမ်းဆီးစစ်ဆေးနေတာပါ။ အဖမ်းအဆီးတွေ များနေပေမယ့် လူကုန်ကူးသူတွေခေါ်လာတဲ့ မြန်မာနိုင်ငံသားတွေ အစုလိုက် အပြုံလိုက်ရှိနေဆဲဖြစ်လို့ ကိုဗစ်ကပ်ရောဂါကို ထိန်းချုပ်ဖို့နဲ့ ထိုင်းနိုင်ငံအတွင်း လူကုန်ကူးမှုတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ဖို့ ပြည်နယ်အသီးသီးက အုပ်ချုပ်ရေးမှူးတွေကိုလည်း ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။
အထောက်အထားမဲ့မြန်မာတွေကတော့ ထိုင်း မြန်မာ နယ်စပ်တွေကနေ နေ့စဉ်ဝင်ရောက်နေပြီး ၂၀၂၁ ခုနှစ် တနှစ်လုံးအတိုင်းအတာနဲ့ ဖမ်းမိတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားအရေအတွက်ဟာ ၆၀,၀၀၀ ကျော်လောက် ရှိမယ်လို့လည်း ထိုင်းနိုင်ငံမှာ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့အဖွဲ့တွေ စုပေါင်းထားတဲ့ Migrant Labour Development Network ကစာရင်း ပြုစုထားပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံသားတွေက အများဆုံးဖြစ်ပါတယ်
ရှင်။

တိုက်ရိုက် လင့်ခ်

=============

[[Zawgyi/Unicode]]







=============

XS
SM
MD
LG