သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်ရက်စေ့ မြန်မာအကျဉ်းသားတွေကို ထိုင်းလွှဲပြောင်းပေး


ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ။ (ယခင်မှတ်တမ်းဓာတ်ပုံ)
ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ။ (ယခင်မှတ်တမ်းဓာတ်ပုံ)


[[Zawgyi/Unicode]]

ထိုင်းနိုင်ငံ မြောက်ပိုင်းကအကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေထဲက လွတ်ရက်စေ့သူ ၁၆၀ ကျော်နဲ့ နေရပ်ပြန်သူ ၃၀ ကို မယ်ဆိုင်နယ်စပ်မြို့ကနေ မြန်မာနိုင်ငံ တာချီလိတ် မြို့ဘက်ကို ဧပြီလ၂၄ ရက်နေ့က လွှွဲပြောင်းပေးခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါ စည်းကမ်းတွေနဲ့အညီ ပြန်ပို့နေရတာမို့ ထိုင်းနိုင်ငံဘက်မှာ ပြန်ပို့ဖို့ကျန်နေသေးတဲ့ မြန်မာနိုင်ငံသားတွေ ထောင်နဲ့ချီ ကျန်နေသေးတဲ့အခြေအနေကို ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်းက အကျဉ်းထောင်အသီးသီးမှာ လူကုန်ကူးခံရမှုအပါအဝင် မူးယစ်မှု၊ ခိုးမှု စတဲ့ထိုင်းနိုင်ငံဥပဒေချိုးဖောက်လို့ ထောင်ချခံရသူတွေထဲက လွတ် ရက်စေ့တဲ့အကျဉ်းသား ၁၆၆ ယောက်ကို မယ်ဆိုင်အာဏာပိုင်တွေက မြန်မာနိုင်ငံဘက်ကို တာချီလိတ်မြို့မှာ ဧပြီလ ၂၄ ရက် တနင်္ဂနွေနေ့ လွှဲပြောင်းပေးခဲ့ပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံရပြီး လွတ်ရက်စေ့သူတွေအပါအဝင် အပြီးနေရပ်ပြန်ချင်သူ ၃၀ ကိုလည်း မြန်မာတာဝန်ရှိသူတွေဘက် လွှဲပြောင်းပေးခဲ့တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီရဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

“ဧပြီလ ၂၄ ရက်က ထိုင်းနိုင်ငံက ပြည်တော်ပြန် မြန်မာ ၁၉၆ ဦးကို ထိုင်းမြန်မာချစ်ကြည်ရေးတံတား၊ မယ်ဆိုင် တာချီလိတ်တံတားကနေ လွဲှပြောင်းပေးခဲ့ပါတယ်။ ရိုးရိုးနေရပ်ပြန်တာက ၃၀ ဦးပါတယ်။ ထိုင်းအကျဉ်းထောင်အသီးသီးကနေ လွတ်ရက်စေ့လို့ ပြန်လွတ်လာသူက ၁၆၆ ယောက်ပါပါတယ်။ ၂ ရပ်ပေါင်းက ၁၉၆ ဦးပါ။ ထိုင်းဘက်ကတာဝန်ရှိသူတွေက မြန်မာဘက်ကို လွဲှပြောင်းပေးတာပါ။ ဒါက နယ်ခြားကော်မတီတွေအချင်းချင်း လွဲှပြောင်းပေးတာပါ။”

ကိုဗစ်ကပ်ရောဂါ စည်းကမ်းချက်တွေ ရှိနေသေးတာကြောင့် မြန်မာနိုင်ငံဘက် လွှဲပြောင်းပေးပို့ခံ ရသူတွေ မြန်မာနိုင်ငံဘက်ရောက်တဲ့အခါ ကိုဗစ်ရောဂါစစ်ဆေးတာ၊ စောင့်ကြည်ရေးစင်တာမှာ ထားတာတွေ ပြုလုပ်ပေးတယ်လို့လည်း ဦးမိုးကြိုးကပြောပါတယ်။

“နေရပ်ပြန် ပြည်တော်ပြန်တွေ သူတို့ကိုတော့ covid 19 စစ်ဆေးမယ်၊ ကွာရမ်တင်း ၇ ရက်ဝင်ရမယ်။ ပြီးတော့မှ သက်ဆိုင်ရာနေရပ်အသီးသီးကို ပြန်ပို့ပါမယ်။ နှစ်လ သုံးလ တခါ ပို့ပါတယ်။”

ထိုင်းနိုင်ငံအကျဉ်းထောင်တွေကနေ လွတ်ရက်စေ့သွားတဲ့ မြန်မာနိုင်ငံသားတွေကို ရနောင်းမြို့ကနေ ကော့သောင်းမြို့၊ မယ်ဆိုင်မြို့ကနေ တာချီလိတ်မြို့ ဘက်ကို ပြန်ပို့ပေးပေမယ့် အရေအတွက် နည်းပါ တယ်။ အများစုကို မဲဆောက်မြို့ကနေ မြဝတီမြို့ဘက်ကို ပြန်ပို့တာများပါတယ်။ ကိုဗစ်ကပ်ဘေး ကာလမှာ မြန်မာနိုင်ငံဘက်က စောင့်ကြည့်ရေးစင်တာ အလုံအလောက်မရှိတာကြောင့် ရနောင်း-ကော့သောင်းလမ်းနဲ့ မယ်ဆိုင်-တာချီလိတ် နယ်စပ်လမ်းကနေ နေရပ်ပြန်ပို့တဲ့အခါ အကန့်အသတ်နဲ့ ပို့တာဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ ထိုင်းအကျဉ်းထောင်တွေထဲမှာ လွတ်ရက်စေ့တဲ့ မြန်မာ နိုင်ငံသား ထောင်ဂဏန်းလောက်ရှိနေပေမယ့် ကိုဗစ်စည်းကမ်းတွေအရ အကန့်အသတ်နဲ့သာ မြန်မာဘက်က လက်ခံနိုင်တာကြောင့် ထိုင်းလူဝင်မှုကြီးကြပ်ရေး စခန်းတွေမှာ အမြောက်အများ ယာယီထိန်းသိမ်းခံနေရပါတယ်။ အချုပ်တွေ အကျဉ်းထောင်တွေထဲမှာ လနဲ့ချီနေခဲ့ကြရပြီး လွတ်ရက် စေ့နေပေမယ့် နေရပ်ပြန်သွားဖို့ကို ထပ်ကြန့်ကြာပြီး စောင့်နေကြရတဲ့အတွက် ထိုင်း လဝကစခန်းတွေ မှာ မြန်မာတွေ ဆန္ဒပြတာတွေ ရုန်းရင်းဆန်ခတ်ဖြစ်တာတွေလည်း ရှိခဲ့ပါတယ်ရှင်။

#MyanmarMigrants #MyanmarThailand #VOABurmese #မြန်မာရွှေ့ပြောင်းအလုပ်သမား #ထိုင်းလဝက #နေရပ်ပြန်ပို့ #အေးအေးမာ #ဗွီအိုအေ

==========


[[Unicode]]









==========

XS
SM
MD
LG