သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် မာန်အောင်ကျွန်းမှာ မပေါက်ကွဲသေးတဲ့ တော်ပီဒိုကျည် တွေ့ရှိ


ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်း မိမကြွယ်ကမ်းခြေမှာ မပေါက်ကွဲသေးဘဲတွေ့ရတဲ့ LWT-XT D&P Torpedo စာတန်းပါ တော်ပီဒို (ဓာတ်ပုံ-ဒေသခံ/ ဇူလိုင် ၁၃၊ ၂၀၂၂)
ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်း မိမကြွယ်ကမ်းခြေမှာ မပေါက်ကွဲသေးဘဲတွေ့ရတဲ့ LWT-XT D&P Torpedo စာတန်းပါ တော်ပီဒို (ဓာတ်ပုံ-ဒေသခံ/ ဇူလိုင် ၁၃၊ ၂၀၂၂)

[[Zawgyi/Unicode]]

ဒီကနေ့ မနက်ပိုင်းက ရခိုင်ပြည်နယ် မာန်အောင်ကျွန်း မိမကြွယ်ကမ်းခြေမှာ မပေါက်ကွဲသေးတဲ့ တော်ပီဒိုလက်နက်ကြီးကျည်တလုံးကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အမ်းမြို့နယ်မှာလည်း ဇူလိုင်လ ၉ ရက်နေ့က မိုင်းပေါက်ကွဲမှုကြောင့် ၈ တန်းကျောင်းသားတဦး သေဆုံးပါတယ်။ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်စခန်းချခဲ့ရာ နေရာတွေနဲ့ လှုပ်ရှားမှုရှိခဲ့တဲ့နေရာတွေမှာ မြေမြှုပ်မိုင်းတွေ ရှိနေတာကြောင့် ရခိုင်ဒေသခံတွေအနေနဲ့ အန္တရာယ်ကို အမြဲစိုးရိမ်နေကြရတယ် လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို မအိသန့်စင်က တင်ပြပေးထားပါတယ်။

စစ်ကောင်စီရဲ့ ရခိုင်ကမ်းရိုးတန်းတလျှာက် စစ်ရေးလေ့ကျင့်မှုပြီးတဲ့နောက် မပေါက်ကွဲဘဲ ကျန်နေခဲ့တဲ့ တော်ပီဒို လက်နက်ကြီးကျည်တခုကို ဒီကနေ့ ဇူလိုင်လ ၁၃ ရက် မနက် ၉ နာရီဝန်းကျင်လောက်က မာန်အောင်မြို့ မိမကြွယ်ကျေးရွာ ကမ်းခြေမှာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနက် ၉ နာရီလောက်ကတွေ့တယ်။ အဲ့ဒါက ကမ်းစပ်မှာပါးနေတာပေါ့နှော်။ ဘယ်လိုဖြစ်ပြီး ဒီဘက်ကို ရောက်လာမှန်းတော့ ကျနော်လည်း အတိအကျတော့မသိဘူး။ စာတော့ပါတာပေါ့နှော်၊ တော်ပီဒိုလို့ပါတယ်၊ အဲ့မှာရေးထားတာ။ ခန့်မှန်းကြည့်ရသလောက်တော့ မပေါက်ကွဲသေးဘူးလို့ ထင်တယ်။ သက်ဆိုင်ရာ ဌာနတွေ ကတော့ ရောက်နေကြပြီ အဲ့ဒီမှာ။ ရေတပ်က လူကြီးတွေရော၊ ကြည်းတပ်က လူကြီးတွေရော ရောက်နေကြပြီ အဲ့ဒီမှာ။ အဲ့ဒါကို အခု တင်ယူသွားဖို့ လုပ်နေပြီ။ ဒီလိုအခြေအနေက ပြောရမယ်ဆိုရင် ဒီလိုသာ ခဏခဏဖြစ်နေမယ်ဆိုရင်တော့ ပြည်သူတွေအတွက် စိုးရိမ်ရတာပေါ့။ အန္တရာယ်ဖြစ်နိုင်တာပေါ့။”

ခန့်မှန်း အရှည် ၉ ပေ၊ လုံးပတ် ၃ ပေပတ်လည် ရှိပြီး LWT-XT D&P Torpedo လို့ ရေးသားထားတဲ့ မပေါက်ကွဲသေးတဲ့ အဲ့ဒီလက်နက်ကြီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အခုလို တိုပီဒိုလက်နက်ကြီးတွေ့ရတာနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီ ပြောခွင့်ရသူကို ဆက်သွယ်မေးမြန်းလို့မရခဲ့ပါဘူး။

နိုင်ငံတော်ရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေး စွမ်းရည်မြင့်မားဖို့အတွက်ဆိုပြီး ရခိုင်ကမ်း ရိုးတန်းမှာ စစ်ကောင်စီကရေငုတ်သင်္ဘောတွေ၊ ရဟတ်ယာဉ်တွေ အသုံးပြုပြီး ဇူလိုင်လ ၁ ရက်နေ့ကစပြီး ၅ ရက်နေ့အထိ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ခုလိုပြောခဲ့ဖူးပါတယ်။

“ရခိုင်ဒေသမှာ မည်သည့်စစ်အင်အားမှ တိုးမြှင့်ထားတာမရှိဘူး။ ရခိုင်ဒေသမှာရော ရခိုင်၊ ဧရာဝတီတိုင်းဒေသ၊ ဘင်္ဂလားပင်လယ်အော်ဒေသတွေမှာတော့ ကျနော်တို့ ရေတပ် စစ်ရေးလေ့ကျင့်မှု လုပ်ခဲ့တယ်။ ဒီ ရေတပ် စစ်ရေးလေ့ကျင်မှုဟာ ဘာကို ရည်ရွယ်ပြီး လုပ်တယ်ဆိုတာ အားလုံး သိတယ်။ ကျနော်ပြောချင်တာက ဒီမှာလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုသည် ဒေသစစ်ရေးလေ့ကျင့်ခန်းသည် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခနဲ့ ဘာမှမဆိုင်ဘူးလို့ပဲပြောချင်ပါတယ်ဗျာ။ ဒီမှာ လုပ်သွားတဲ့ စစ်ရေးလေ့ကျင့်မှုတွေ နည်းစနစ်တွေသည် ကျနော်တို့အနေနဲ့ တိုင်းပြည်ရဲ့ ပြည်ပရန်ကာကွယ်ရေး၊ ပြည်တွင်းဒေသ အကျိုးစီးပွားလုံခြုံရေး၊ ရေပြင်ပိုင်နက် လုံခြုံရေးအတွက် ဆောင်ရွက်တာဖြစ်တယ်ဆိုတာကိုတော့ လေ့လာသူတွေအားလုံး သိနိုင်တယ်လို့ပဲ ပြောချင်ပါတယ်။”

အမ်းမြို့နယ်မှာလည်း ဇူလိုင်လ ၉ ရက်နေ့က မိုင်းပေါက်ကွဲမှုကြောင့် ၈ တန်းကျောင်းသားတဦး သေဆုံးခဲ့ပါတယ်။ စစ်ကောင်စီရဲ့ တပ်စခန်းအနီးမှာ မျှစ်ချိုးသွားရာကနေ မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ မိုင်းအန္တရာယ်တွေကြောင့် သေဆုံးသူကို ဇူလိုင် ၁၀ ရက်နေ့မှ သွားရောက် ရှာဖွေပြီး သဂြိုဟ်နိုင်ခဲ့တယ်လို့ ဒေသခံတဦးက ခုလိုပြောပါတယ်။

“မြေမြှုပ်မိုင်းနင်းမိတာက တပ်မတော်က တပ်စခန်းချထားတဲ့နေရာမှာ မျှစ်ချိုးဖို့ သွားတာပေါ့။ မိုင်းထိတာက ၉ နာရီဝန်းကျင်၊ ၉ ရက်နေ့ပေါ့နှော်။ ဇူလိုင်လ ၉ ရက်နေ့ ၉ နာရီဝန်းကျင်မှည ပေါက်တာ။ နောက်တရက်မှ အဲ့ဒီမိုင်းပေါက်တဲ့နေရာမှာ ရွာသားတွေက သွားရှာလို့ တွေ့တယ်ပေါ့။ အမှန်ကဆို အဲ့ဒီနေ့က သွားရှာဖို့ က အဲ့ဒီ တပ်စခန်းချထားတဲ့နေရာမှာက မြေမြှုပ်မိုင်းတွေက တောက်လျှောက်ရှိနေတဲ့ ရွာသားတွေကလည်း သွားဖို့အတွက် အခွင့်မသာ၊ နောက်ပြီး တပ်ကလည်း သွားလာခွင့် ကန့်သတ်ထားတဲ့ နေရာဖြစ်တယ်ပေါ့။ တပ်မတော်က စခန်းချထားတဲ့ နေရာဆိုတော့ တပ်မတော်က မြှုပ်ထားတဲ့ မိုင်းကို နင်းမိတာပေါ့။ သူ့ကိုတော့ ၁၀ ရက်နေ့မှ သဂြိုဟ်ရတယ်၊ ၁၀ ရက်နေ့မှ တွေ့တာကိုး။ ၉ ရက်နေ့က မိုင်းပေါက်တဲ့အခါ ရွာသားတွေကလည်း မိုင်းအန္တရာယ်ကြောင့် သွားလို့မရသလို တပ်ကလည်း သွားခွင့်မပေးဘူးပေါ့။ ၁၀ ရက်နေ့မှ တပ်ကလည်း ခွင့်ပြုတယ်။ ရှာတဲ့အခါမှာတော့ တပ်စခန်းအနီးမှာ တွေ့တယ်ပေါ့။”

ရခိုင်မှာ ရခိုင်တပ်တော် AA နဲ့ မြန်မာစစ်တပ်တို့ ထိတွေ့တိုက်ပွဲတွေ လက်ရှိအချိန်မှာ ရှိမနေပေမယ့် ရခိုင်ပြည်အတွင်းက စစ်တပ်စခန်းချခဲ့ရာနေရာတွေနဲ့ သူတို့တွေလှုပ်ရှားမှုရှိခဲ့တဲ့ နေရာတွေမှာ မြေမြှုပ်မိုင်းတွေထားခဲ့တာကြောင့် ဒေသခံတွေရဲ့ အန္တရာယ်အတွက် စိုးရိမ်ဖွယ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ပွဲကာလပြီးနောက်ပိုင်းမှာ အခုအချိန်ထိ အဲ့ဒီမြေမြှုပ်မိုင်း အန္တရာယ်ကတော့ ရှိနေတယ်ပေါ့နှော်။ အဓိကကတော့ ကျေးရွာနဲ့ နီးတဲ့ နေရာတွေ အဲ့ဒီဒေသမှာရှိတဲ့ တောင်သူတွေရဲ့ ဥယျာဉ်တွေထဲမှာ အဲ့လိုနေရာတွေမှာ မိုင်းကွဲလို့ တောင်သူတွေ သေဆုံးတာတွေ၊ ထိခိုက်ဒဏ်ရာ ရတာတွေ၊ ကျေးရွာသားတွေ ထိခိုက်သေဆုံးတာတွေ အဲ့တာတွေကတော့ ဆက်တိုက်ရှိနေတယ်ပေါ့နှော်။ အထူးသဖြင့် အဲ့လိုပေါက်ကွဲတဲ့နေရာတွေကို ကြည့်လိုက်တဲ့အခါမှာ တပ်မတော်ကနေပြီး စခန်းချခဲ့တဲ့ နေရာတွေ၊ တပ်မတော်က လှုပ်ရှားခဲ့တဲ့ နေရာတွေ။ အဓိကကတော့ မြန်မာစစ်တပ်က လှုပ်ရှားစခန်းချခဲ့တဲ့ နေရာတွေများတယ်ပေါ့။ ပြည်သူတွေ ထိခိုက်သေဆုံးရတဲ့ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရတဲ့ အသက်ဆုံးရှုံးရတဲ့အများစုကတော့ တပ်မတော် စခန်းချခဲ့တဲ့နေရာတွေ အဲ့ဒီနေရာတွေမှာတော့ အဖြစ်များတယ်ပေါ့။”

လက်ရှိ ရခိုင်ပြည်နယ်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီကြား စစ်ရေးတင်းမာနေသလို စစ်ကောင်စီဘက်ကလည်း အင်းအားတိုးချဲ့တာတွေနဲ့ ရေတပ် စစ်ရေးလေ့ကျင့်တာတွေ ရှိနေပါတယ်။ ဒါအပြင့် ရခိုင်ပြည်အနှံ့က မြို့ဝင်မြို့ ထွက်တွေမှာ စစ်ကောင်စီဘက်က လုံခြုံရေး တင်းကြပ် စစ်ဆေးနေတာတွေရှိသလို ခရီးသည်တင်ယာဉ်တွေနဲ့ ရေယာဉ်တွေကိုလည်း စစ်ဆေးနေတာတွေလည်းရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]













XS
SM
MD
LG