[[Zawgyi/Unicode]]
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ဟာ မတ်လ ၂၀ ရက်နေ့ ကနေ ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်မယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာနက ဒီကနေ့ပြောတဲ့အကြောင်း အေပီ သတင်းတပုဒ်မှာ ရေးထားပါတယ်။
အထူးကိုယ်စားလှယ် Prak Sokhonn ရဲ့ မြန်မာခရီးစဉ်နဲ့ပတ်သက်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာန ပြောခွင့်ရတဦးက အတည်ပြုပြောဆိုပေမယ့် အသေးစိတ်တွေကတော့ အပြီးမသတ်ရသေးဘူးလို့ အေပီသတင်းမှာ ရေးထားပါတယ်။
အာဆီယံ အထူးကိုယ်စားလှယ်အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေနဲ့တွေ့ဆုံဖို့ မကြာသေးခင်ကပဲ စစ်ကောင်စီက ခွင့်ပြုချက်ပေးခဲ့တယ်လို့ ကမ္ဘောဒီးယား တာဝန်ရှိသူတွေကပြောပါတယ်။
ဒါပေမယ့်လည်း ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိပ်တန်းခေါင်းဆောင်တွေအားလုံးအပြင် ပါတီဝင်အတော်များများ ဖမ်းဆီးခံထားရပြီး ပါတီ ဗဟိုအလုပ်အမှုဆောင် အများအပြားဟာလည်း ပြည်တွင်းမှာ ထွက်ပြေး တိမ်းရှောင်နေရတာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေဆီ တိမ်းရှောင်သွားရတာကြောင့် ဘယ်လို NLD ပါတီဝင်တွေနဲ့ အာဆီယံအထူးကိုယ်စားလှယ် တွေ့ခွင့်ရမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒီခရီးစဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တရားဝင် သတင်းထုတ်ပြန်တာလည်း မရှိသေးပါဘူး။
အရင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဘရူူနိုင်းနိုင်ငံရဲ့ မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်တုံးကတော့ ထိန်းသိမ်းခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တောင်းတာမရလို့ မြန်မာနိုင်ငံကိုမသွားနိုင်ခဲ့ဘူးလို့ အာဆီယံနဲ့ နီးစပ်သူတွေက ဆိုထားပါတယ်။
=============
[[Zawgyi/Unicode]]
=============