သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆောမြို့နယ်ဘက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ ရဟတ်ယာဉ်နဲ့တိုက် 


မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းက ဧပြီလ ၁၄ ရက်မှာ တိုက်ပွဲဖြစ်ပွါးခဲ့တဲ့ ကြခတ်၊ ဖိုလယ်နဲ့ ပေါက်တောကျေးရွာများ။ (MIMU)
မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းက ဧပြီလ ၁၄ ရက်မှာ တိုက်ပွဲဖြစ်ပွါးခဲ့တဲ့ ကြခတ်၊ ဖိုလယ်နဲ့ ပေါက်တောကျေးရွာများ။ (MIMU)


[[Zawgyi/Unicode]]


မကွေးတိုင်းဒေသကြီး ဆောမြို့နယ်ထဲမှာတော့ သင်္ကြန်အကျနေ့ဖြစ်တဲ့ ဒီနေ့မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ပစ်ခတ်တဲ့အထိ တိုက်ပွဲတွေပြင်းထန်နေပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသခံတွေလည်း ဘေးလွတ်ရာ ထွက်ပြေး ပုန်းခိုနေကြရပါတယ်။ နေအိမ်တွေ မီးရှို့ခံထားရတဲ့ ပေါက်မြို့နယ် တောင်ပိုင်းမှာ လည်း ဆေးဝါးအကူအညီတွေ လိုအပ်နေပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

မကွေးတိုင်းဒေသကြီး ဆောမြို့နဲ့ ၆ မိုင်ခန့်သာကွာဝေးတဲ့ ကြခတ်၊ ဖိုလယ်၊ ပေါက်တော ကျေးရွာတွေအနီးမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ဧပြီ ၁၃ ရက်ကတည်းက တိုက်ပွဲတွေ ဖြစ်နေတာပါ။ ဒီကနေ့ ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့ မနက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကြခတ်၊ ဖိုလယ်၊ ပေါက်တော ကျေးရွာတွေအနီးကို စစ်ကောင်စီက ရဟတ်ယာဉ်တွေနဲ့ လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ဆောဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“တိုက်ပွဲကပြင်းထန်တယ်။ မနေ့က ဖိုလယ်မရောက်ခင် ရန်သူ့စစ်ကြောင်းကိုတားဆီးလို့ ဖိုလယ်ရွာထဲ ဝင်သွားတဲ့အချိန်မှာ ကျနော်တို့ ဝိုင်းဝန်းပိတ်ဆို့ထားတယ်ဗျ။ ပိတ်ဆို့ထားတော့ မနက် ၆ နာရီကစပြီး ၂ ဘက်အပြန်အလှန် ပစ်ခတ်ကြတယ်။ ဟိုဘက်က လက်နက်ကြီး လက်နက်ငယ်နဲ့ ပြန်ပစ်တယ်ပေါ့။ အဲ့လိုတွေဖြစ်နေတယ်။ အဓိက တိုက်ပွဲပြင်းထန်တာလည်းပါတယ်။ ပိတ်ဆို့ခံလိုက်ရတဲ့အတွက် ဘယ်မှာမှ ထွက်ပေါက်မရှိတော့ဘူး။ သူတို့က ရွာကို Cover လုပ်ပြီး ပစ်တယ်ပေါ့။ ပစ်တဲ့အခါကျ တော့ ကျနော်တို့က ပတ်ချာလည် ရွာကိုပိတ်ထားလိုက်တယ်။ ရွာကို ပိတ်ပြီး အထဲကို ဝင်စီးဖို့လုပ်တဲ့အချိန်မှာ သူတို့ စစ်ကြောင်း တကြောင်းလုံးကို ဝင်စီးဖို့လုပ်တာဗျ။ ကျနော်တို့ ဝင်စီးမယ့်အချိန်မှာ လေကြောင်းပစ်ကူလာပြီး နာရီဝက်လောက် ပစ်ခတ်သွားတယ်။ Mi35 နဲ့ စက်သေနတ်နဲ့ပစ်တယ်။ နောက်ပြီး ရော့ကတ်တွေနဲ့ Mi35 မှာ တပ်ဆင်ထားတဲ့ ရော့ကတ်တွေနဲ့ ထုတယ်။”

တိုက်ပွဲကြောင့် ကြခတ်၊ ဖိုလယ်၊ ပေါက်တော ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ကျေးရွာသားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရ ပါတယ်။ လေကြောင်းကနေ ပစ်ခတ်တဲ့အတွက် ရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရတဲ့ အခြေအနေကို ဒေသခံတဦး က အခုလိုပြောပါတယ်။

“လာတာက ၁ စီးထဲလာတယ်။ ပစ်တာက ၅ ကြိမ် ၆ ကြိမ် လောက်ပစ်ပါတယ်။ ပစ်တာက တော်တော်ကြီးကိုပစ်တယ်။ ပစ်တာ က ကျနော်တို့ရွာ ဘုန်းတော်ကြီးကျောင်းမှာလည်း ပစ်ပါတယ်။ အခု စစ်ဘေးရှောင်တွေရှိနေတဲ့ တောစပ်ထဲကိုလည်း ပစ်ပါ တယ်။ ရွာထဲတွေကိုလည်း ပစ်ပါတယ်။ ကျနော်တို့ရွာ တောင်ဘက်က ပေါက်တောရွာ ဘုန်းကြီးကျောင်းဝင်းထဲကိုလည်း လက်နက်ကြီးကျည်တွေကျပါတယ်။ ကြခတ်၊ ပေါက်တော၊ ဖိုလယ် အဲ့ရွာတွေ အကုန်ပြေးနေရတယ်။ အခုပြေးနေရတာ လောလောဆယ် လူဦးရေ ၁,၅၀၀ အထက်မှာ ရှိပါတယ်။ နီးစပ်ရာ တောတောင်တွေထဲပဲ ပြေးနေရတာ။ ကျနော်တို့မှာဆိုရင် နေပူတဲ့ရာသီကဖြစ်ပြန် အရိပ်အာဝါသကမရှိ မတရားဒုက္ခရောက်ပါတယ်။ စစ်ဘေးရှောင်တွေဆိုရင် အရိပ်အာဝါသမရှိ တောတောင်ထဲဆိုတော့ ခြောက်ခမ်းတဲ့ရာသီဆိုတော့ ရေတွေကလည်းမရှိ ပြဿနာတွေက အမျိုးမျိုးဖြစ်နေပါတယ်။”

ဆောမြို့နဲ့ကပ်လျက် ပေါက်မြို့နယ်တောင်ပိုင်းမှာလည်း ဧပြီ ၇ ရက်ကတည်းက ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တို့ တိုက်ပွဲတွေဖြစ်နေပြီး ကျေးရွာ ၅ ရွာထက်မနည်းက နေအိမ်တွေကို စစ်ကောင်စီက မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေ ပေါက်မြို့နယ်တောင်ပိုင်းကို နယ်မြေရှင်းလင်းခဲ့စဉ် တစူးကျေးရွာကို ဧပြီ ၁၂ ရက်က လက်နက်ကြီးတွေ ပစ်ခတ်ခဲ့လို့ တစူးကျေးရွာသား ၈ ဦး လက်နက်ကြီး ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပေါက်မြို့နယ်တောင်ပိုင်းနဲ့ ဆောမြို့မှာ လေကြောင်းကနေပစ်ခတ်ပြီး တိုက်ပွဲတွေ ဖြစ်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီက တစုံတရာ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

လက်ရှိမှာ ဒေသခံတွေက ကျေးရွာတွေကိုစွန့်ခွါပြီး ဘေးလွတ်ရာ တိမ်းရှောင်နေရသလို ဆေးဝါးအကူအညီတွေ လိုအပ်နေ တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“တချို့တွေက ပြေးရင်းလွှားရင်းနဲ့ အားနည်းပြီး အားဆေးမရှိတော့တာ။ အားနည်းတဲ့ကလေးတွေပေါ့ အခုက ဝမ်းပျက်ဝမ်းလျော လေ။ ဝမ်းပျက်ဝမ်းလျောတို့ ကလေးတွေက ပြေးရတော့ အပူမိပြီးမှ ချွေးငုတ်တာတို့ အဲ့လိုဟာတွေဖြစ်နေတာ။ အဖိုးကြီး အဖွား ကြီးအိုတွေ မျက်စိမှုန်တဲ့သူတွေကျတော့ အားဆေးတွေပါ လိုအပ်နေတာ အားနည်းတဲ့ အဖိုးကြီးအို အဖွားကြီးအိုတွေက အမျိုးသမီးတွေက အမျိုးသားတွေကောပေါ့။ အမျိုးသမီးတွေကြတော့ သူတို့ဝေယာဝစ္စတွေနဲ့ ကိုက်ညီတဲ့ဟာတွေပေါ့။”

ပေါက်မြို့နယ်နဲ့ ဆောမြို့နယ်တွေကို တခြားမြို့တွေကနေ ဆေးဝါး အစားအသောက်နဲ့ အဝတ်အထည်တွေ သယ်ဆောင်တာကို စစ်ကောင်စီက တင်းကြပ် စစ်ဆေးနေပြီး ခွင့်ပြုချက် အကန့်အသတ်နဲ့သာ သယ်ယူခွင့်ပေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

============
[[Unicode]]












============

XS
SM
MD
LG