[[Zawgyi/Unicode]]
ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းအနေနဲ့ သူအခုနေထိုင်နေတဲ့ သံအမတ်ကြီး နေအိမ်ကနေ ထွက်သွားပေးဖို့ ဗြိတိန်အစိုးရက တိုက်တွန်းထားတဲ့အကြောင်း ရိုက်တာသတင်းတပုဒ်မှာ ရေးထားပါတယ်။
မနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့အပေါ် ဝေဖန်ပြောဆိုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သံအမတ်ရာထူးက ဖယ်ရှားခံခဲ့ရပေမယ့် လက်ရှိအချိန်အထိ သံအမတ်ကြီးနေအိမ်မှာ ဆက်လက် နေထိုင်နေဆဲဖြစ်ပါတယ်။
သံအမတ်နေအိမ်မှာ ဦးကျော်စွာမင်း အခုလို ဆက်နေထိုင်နေတဲ့ကိစ္စကို ဖြေရှင်းပေးဖို့ စစ်ကောင်စီက အတော်လေး ဖိအားပေးတာနဲ့ ကြုံတွေ့နေရတယ်လို့ ဗြိတိသျှနိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိတဦးက သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းဆီ မတ်လ ၄ ရက်နေ့မှာပေးပို့ခဲ့တဲ့ အီးမေးလ်ထဲမှာရေးထားတာကို ရိုက်တာသတင်းမှာ ကိုးကားဖော်ပြထားပါတယ်။
ဗြိတိန် နိုင်ငံခြားရေးဌာနက မနှစ် အောက်တိုဘာလအတွင်း ရေးပို့ခဲ့တဲ့ စာထဲမှာတော့ ဦးကျော်စွာမင်း အခုလို သံအမတ်ကြီးနေအိမ်မှာ ဆက်နေထိုင်ခြင်းက ဗြိတိန်အတွက်ရော မြန်မာနိုင်ငံမှာရှိနေတဲ့ သူတို့သံရုံးက ဝန်ထမ်းတွေအတွက်ပါ ဥပဒေကြောင်းအရ ပြဿနာရှိစေတယ်လို့ ဖော်ပြထားပါတယ်။
ဦးကျော်စွာမင်းနဲ့ ဗြိတိန်နိုင်ငံခြားရေးဌာနကြား စာပေးစာယူကိစ္စနဲ့ပတ်သက်လို့ ရိုက်တာသတင်းဌာနရဲ့မေးခွန်းကို ဗြိတိန်နိုင်ငံခြားရေးဌာနက တိုက်ရိုက်ဖြေကြားခြင်းမရှိပေမယ့် ဦးကျော်စွာမင်းဟာ ဒီမိုကရေစီရေးအတွက် သတ္တိရှိစွာ ရပ်တည်ခဲ့သူဖြစ်ကြောင်းနဲ့ သူနဲ့ သူ့မိသားစု ဗြိတိန်မှာ ဘဝသစ် တည်ဆောက်နိုင်ရေးအတွက် သိသာတဲ့ ပံ့ပိုးပေးမှုတွေ လုပ်ဆောင်ခဲ့ကြောင်း ဗြိတိန် နိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြန်လည် ဖြေကြားခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီကို ဆက်သွယ်ခဲ့ပေမယ့် တစုံတရာ တုံ့ပြန် ပြောဆိုခြင်း မရှိဘူးလို့ ရိုက်တာသတင်းမှာ ရေးထားပါတယ်။
စစ်အာဏာသိမ်းပြီး ဖမ်းဆီးခံထားရတဲ့ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးဖို့ တောင်းဆိုခဲ့တဲ့အတွက် မနှစ် ဧပြီလအတွင်းက သူ့လက်အောက်ဝန်ထမ်းတွေက ဦးကျော်စွာမင်းကို သံရုံးထဲအဝင်မခံဘဲ အတွင်းကနေ တံခါးပိတ်ထားခဲ့ကြပါတယ်။
ရာထူးက အဓမ္မဖယ်ရှားခံရပြီးတဲ့နောက် ဦးကျော်စွာမင်းဟာ လန်ဒန်မြို့ အနောက်မြောက်ပိုင်းမှာရှိပြီး သံဆူးကြိုးတွေ၊ CCTV ကင်မရာတွေ တပ်ထားတဲ့ သံအမတ်ကြီးနေအိမ်မှာ ဆက်နေနေပြီး လက်ရှိမြန်မာသံအမတ်ဟာ တရားမဝင်အစိုးရကခန့်ထားတဲ့ သံအမတ်ဖြစ်တဲ့အတွက် နေအိမ်ကိုလွှဲပြောင်းပေးဖို့ ငြင်းဆိုနေတာပါ။
ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်အဖြစ် ၇ နှစ်နီးပါးလောက် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးကျော်စွာမင်းကတော့ ဗြိတိသျှနိုင်ငံခြားရေးဌာနကပို့တဲ့ အီးမေးနဲ့ပတ်သက်လို့ တစုံတရာ မှတ်ချက်ပေးပြောကြားဖို့ ငြင်းဆန်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့အထိ ဒါမှမဟုတ် ဗြိတိန်အစိုးရက အသိအမှတ်ပြုတဲ့ အရပ်သားအစိုးရတရပ် မြန်မာနိုင်ငံမှာ တက်လာသည်အထိ ဖယ်ပေးမှာ မဟုတ်ဘူးလို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
မြန်မာစစ်ကောင်စီက နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ရရှိရေးအတွက် အစွမ်းကုန် ကြိုးစားနေတာကြောင့် သံအမတ်ကြီး နေအိမ်ကို ဘယ်သူပိုင်ဆိုင်သင့်တယ်ဆိုတဲ့ကိစ္စဟာ သံတမန်ရေးအရ အင်မတန် အရေးပါတယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
သံအမတ်ကြီးနေအိမ်ကို မြန်မာလူထုကသာပိုင်ဆိုင်ပြီး အာဏာသိမ်းပြီး တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ တရားမဝင် စစ်ကောင်စီက မပိုင်ဆိုင်ဘူးလို့ Myanmar Accountability Project ရဲ့ ညွှန်ကြားရေးမှူး Chrisr Gunness ကလည်း ပြောပါတယ်။
မြန်မာစစ်ကောင်စီက ဗြိတိန်ဆိုင်ရာသံရုံး ယာယီအကြီးအကဲကို မနှစ် ဇူလိုင်လမှာ ခန့်အပ်တာဝန်ပေးခဲ့သလို ဗြိတိန်ဘက်ကလည်း မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအသစ် ခန့်အပ်ခဲ့ပါတယ်။
==============
[[Unicode]]
==============