သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားငွေလဲလှယ်မှုဆိုင်ရာကန့်သတ်ချက် ကင်းလွတ်ခွင့်စာရင်း စစ်ကောင်စီထုတ်ပြန် 


မြန်မာနိုင်ငံ၊ ဗဟိုဘဏ် လုပ်ငန်းခွင်မြင်ကွင်း။ (ယခင်ပုံဟောင်း)
မြန်မာနိုင်ငံ၊ ဗဟိုဘဏ် လုပ်ငန်းခွင်မြင်ကွင်း။ (ယခင်ပုံဟောင်း)


[[Zawgyi/Unicode]]

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားငွေ လက်ခံရရှိသူတွေအနေနဲ့ တရက်အတွင်း မြန်မာကျပ်ငွေနဲ့လဲရမယ်ဆိုတဲ့ သတ်မှတ်ချက်ကနေ ကင်းလွတ်ခွင့်ရှိတဲ့ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေစာရင်းကို စစ်ကောင်စီက ဒီကနေ့ ထုတ်ပြန်လိုက်တာမှာ အဲဒီ ကင်းလွတ်ခွင့်ရှိတဲ့အထဲ နိုင်ငံခြားက လာရောက်ရင်းနှီးမြှုပ်နှံထားသူတွေ၊ သံရုံးတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ NGO အဖွဲ့အစည်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဗဟိုဘဏ်က ဧပြီလ ၃ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ နိုင်ငံခြားငွေလဲလှယ်မှုဆိုင်ရာ ကန့်သတ်ချက်နဲ့ဆိုင်တဲ့ အသေးစိတ် စည်းမျဉ်းစည်းကမ်းတွေကို ရေးဆွဲနေဆဲဖြစ်ကြောင်း စစ်ကောင်စီခန့် ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ဒီကနေ့ကျင်းပတဲ့ အွန်လိုင်းစည်းဝေးပွဲမှာ ပြောကြားခဲ့ကြောင်း အေပီသတင်းမှာ ရေးပါတယ်။

ဒါပေမယ့် နိုင်ငံခြားကုမ္ပဏီတွေနဲ့ တခြားအဖွဲ့အစည်းတွေအနေနဲ့ အလိုအလျောက် ကင်းလွတ်ခွင့်ရကြမယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံရဲ့ တခုတည်းသော အထူးစီးပွားရေးဇုံဖြစ်တဲ့ သီလဝါ အထူးစီးပွားရေးဇုံက စီးပွားရေးလုပ်ငန်းတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒေါ်လာနဲ့လဲလှယ်ရာမှာ ကျပ်ငွေတန်ဖိုး ၂,၀၀၀ ကျော်အထိ ကျဆင်းသွားတာကို ထိန်းချုပ်နိုင်ဖို့အတွက် ဗဟိုဘဏ်က အဲဒီ ကန့်သတ်ချက်ကို ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ ဦးအောင်နိုင်ဦးရဲ့ ပြောကြားချက်ကိုကိုးကားပြီး အေပီသတင်းမှာ ရေးပါတယ်။ ဧပြီလ ၃ ရက်နေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာတော့ တဒေါ်လာကို ၁,၈၅၀ ကျပ်နဲ့ လဲလှယ်ဖို့ ဗဟိုဘဏ်က သတ်မှတ်ခဲ့ပါတယ်။

ဈေးကွက်ပေါက်ဈေးထက် လျှော့ပြီးသတ်မှတ်ထားတဲ့ ငွေလဲနှုန်းနဲ့ အဲဒီလို နိုင်ငံခြားငွေ ပြန်သွင်းရမယ့ ်ဥပဒေသစ်ကြောင့် မြန်မာနိုင်ငံထဲ နိုင်ငံခြားငွေသုံးစွဲမူကို ပြင်းပြင်းထန်ထန် ထိခိုက်သွားလိမ့်မယ်လို့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ သြစတြေးလျနဲ့ တခြားကုန်သည်ကြီးများအသင်းတွေက ထုတ်ပြန်ခဲ့ကြသလို ဂျပန်၊ စင်္ကာပူ စတဲ့ မြန်မာနိုင်ငံမှာ အများအပြား ရင်းနှီးမြှုပ်နှံထား ကြတဲ့ နိုင်ငံတွေက
သံရုံးတွေကလည်း သူတို့ကို ကင်းလွတ်ခွင့်ပေးကြဖို့ တောင်းဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ မနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း ပြည်ပကုမ္ပဏီ အတော်များများ နိုင်ငံတွင်းက ထွက်ခွာသွားကြပြီးတဲ့နောက် စစ်ကောင်စီအနေနဲ့ နိုင်ငံခြားငွေပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ ပြောဆိုမှုတွေ လည်း ထွက်ပေါ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

==========
[[Unicode]]








==========

XS
SM
MD
LG