သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ကုလလူ့အခွင့်အရေးရုံးပြောဆိုချက် အထောက်အထားနဲ့ပြောဖို့ စစ်ကောင်စီတုံ့ပြန် 


ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာ မတ်လ ၁၀၊ ၂၀၂၂ မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုအတွင်း ပျက်စီးခဲ့တဲ့ ကက်သလစ်သီလရှင်ကျောင်း ။ (ဓာတ်ပုံ-ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်)
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာ မတ်လ ၁၀၊ ၂၀၂၂ မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုအတွင်း ပျက်စီးခဲ့တဲ့ ကက်သလစ်သီလရှင်ကျောင်း ။ (ဓာတ်ပုံ-ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်)


[[Zawgyi/Unicode]]

မြန်မာနိုင်ငံတွင်းမှာ စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ပြစ်မှုမြောက်တာတွေ ထင်ထင်ရှားရှားဖြစ်နေတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂရုံးကပြောတဲ့အပေါ် အထောက်အထားနဲ့ပြောပါလို့ စစ်ကောင်စီဘက်က တုံ့ပြန်ပါတယ်။ လူထုရဲ့ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေးအတွက် ဆောင်ရွက်နေတာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်း ထွန်းကပြောတာဟာ လက်တွေ့ဖြစ်နေတာနဲ့ ပြောင်းပြန်ဖြစ်နေတယ်လို့ တုံ့ပြန်ဝေဖန်တာလည်းရှိပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

မတ်လ ၁၅ ရက်နေ့ ဂျနီဗာမှာလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးပြောခွင့်ရ Ravina Shamdasani က အခုလိုပြောခဲ့တာပါ။

“ဒီအစီရင်ခံစာထဲမှာ ပြီးခဲ့တဲ့နှစ်အတွင်း ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ပုံစံကို တွေ့ရှိဖော်ပြနိုင်ခဲ့ပါတယ်။ အချက်အလက်တွေအရ တိုက်ခိုက်မှုတွေကို စနစ်တကျ ကြိုတင်ပြင်ဆင် ချိတ်ဆက်လုပ်ဆောင်ခဲ့တယ်ဆိုတာ ပြသနေပါတယ်။ တိုက်ခိုက်မှုတွေက စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ပြစ်မူကြီးတွေ မြောက်နိုင်တာကို ရှင်းရှင်းလင်းလင်းကြီးကိုပြနေပါတယ်။ ဒီပြစ်မှုတွေကျူးလွန်နေတယ်ဆိုတာ
လူ့အခွင့်အရေးကော်မရှင်အနေနဲ့ အခုချိန်ထိ အရှင်းလင်းဆုံး တင်ပြနိုင်တာဖြစ်တယ်လို့ ပြောနိုင်ပါတယ်။”

ဒ့ါအပြင် အစီရင်ခံစာမှာတွေ့ရှိထားတဲ့အသေးစိတ်အချက်အလက်ကိုလည်း Shamdasani က အခုလို ပြောခဲ့ပါတယ်။

“လွန်ခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း ဖြစ်ရပ်ပေါင်း ၂၀၀ ကျော်ရှိခဲ့ပါတယ်။ အဓိက က လက်နက်ကိုင်တိုက်ပွဲတွေနဲ့ ဆက်စပ်တဲ့ ဖြစ်ရပ်တွေဖြစ်ပါတယ်။ ဖြစ်တဲ့ပုံစံတွေကလည်း တူပါတယ်။ တပ်မတော်က လက်နက်ကြီးနဲ့စပစ်တယ်၊ ဒါမှမဟုတ် လေကြောင်းက စပစ်တယ် ပြီးတော့ ရွာတွေထဲဝင်တယ်၊ ရွာသားတွေကို လူသားဒိုင်းအဖြစ်သုံးတယ်။ PDF ဆိုရင်ဒါမှမဟုတ် သံသယရှိရင် ဘယ်သူဖြစ်ဖြစ် သတ်ပစ်တယ်။ နောက် လူသားဒိုင်းအဖြစ်သုံးခဲ့သူတွေကိုလည်း သတ်ပစ်တယ်။ နောက်ဆုံးကျရင် ရွာတွေကို မီးရိူ့တယ်။ ရွာသားတချို့အလောင်းတွေကို မီးရှို့တယ်၊ စစ်ကိုင်း၊ ကရင်နဲ့ ကယားမှာ ဒီပုံစံအတိုင်းဖြစ်နေတာ ကျမတို့ တွေ့နေရပါတယ်။”

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ငြင်းဆိုလိုက်ပါတယ်။

“သူတို့အနေနဲ့ တကယ်အထောက်အထားနဲ့...တာလေးပဲ ပြောချင်တယ်ဗျ။ သူတို့လုပ်မှာကတော့ ဆန့်ကျင်ဘက်ရေးသားနေတဲ့မီဒီယာတွေ၊ အမြဲတမ်းပဲရေးနေတဲ့ဟာတွေ..အဲဒါတွေအပေါ်ပဲသူက ယူပြီးရေးတာဖြစ်ရင်ဖြစ်မှာပေါ့။ တချို့နေရာတွေမှာတော့ စစ်ကိုင်းမှာ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေအနေနဲ့ သူတို့ကိုမထောက်ခံတဲ့ရွာတွေကို မီးရှို့နေတာတွေရှိတယ်။ ကျနော်တို့ လိုက်လံပြီးတော့ လုံခြုံရေးအရ ဆောင်ရွက်ပေးနေတာတွေရှိတယ်။ အဲဒီလုပ်ငန်း ဖြစ်စဉ်မျိုးတွေရှိတယ်။ ပြီးရင် ကယားဘက်မှာဆိုရင် ကျနော်တို့အနေနဲ့ အကြောင်းမဲ့လုပ်စရာမရှိဘူး။ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေအနေနဲ့ IDP စခန်းဆိုနာမည်ခံပြီးတော့ကျ အကြမ်းဖက်စခန်းတွေလုပ်ဆောင်လာတာ၊ စခန်းချနေတာရှိတယ်။ ဒါတွေကိုပဲ ကျနော်တို့တွေက ပြည်သူလူထုရဲ့အသက် အိုးအိမ် စည်းစိမ် ကာကွယ်ရေးကို ဆောင်ရွက်နေတာဖြစ်ပါတယ်။”

အခုလို ပြောလာတဲ့အပေါ် NUG အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကတော့ အခုလို တုံ့ပြန်ပြောဆိုပါတယ်။

“ဒီမြေပြင်မှာ ဖြစ်ပျက်နေတဲ့သတင်းတွေက ကျနော်တို့ဘက်ကနေ ဒေသခံပြည်သူတွေကို အဆင့်ဆင့် မေးမြန်းထားတဲ့သတင်းတွေဖြစ်ပါတယ်။ ကုလသမဂ္ဂကလည်း အဲလိုမျိုး သတင်းတွေကို ခိုင်လုံမှ ပြောပြတာဖြစ်ပါတယ်။ အင်တာနက်တွေ ဖြတ်တောက်ထားပေမယ့် ဒေသခံပြည်သူတွေက တကယ့်အဖြစ်အပျက်တွေကို တင်ပြထားပါတယ်။ မနေ့တုန်းကပဲ ကျနော်တို့ ဒေသခံတွေနဲ့တွေ့ဆုံတဲ့အခါမှာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းမှာရှိတဲ့ ယောတို့၊ ဆောတို့၊ ယင်းမာပင်တို့-တခြားနေရာဒေသတွေမှာ တကယ့်ကို အရပ်သားတွေနေတဲ့ကျေးရွာတွေကို ဦးတည်ထားပြီးတော့ ပစ်ခတ်တာ၊ သတ်ဖြတ်တာ - နောက်တခါ ဘယ်လောက်အထိ ဆိုးဆိုးဝါးဝါးလဲဆိုတော့ တကယ့်ကို ထွက်မပြေးနိုင်တဲ့ အဖိုးအို၊ အဖွားအိုတွေ အိမ်ထဲမှာရှိနေရဲ့သားနဲ့ မီးရှိုှု့တဲ့အကြောင်း ကိုယ်တိုင် မိသားစု ဆုံးရှုံးသွားတဲ့သူတွေရဲ့အသံကို ကျနော်တို့ကြားရပါတယ်။ အခုနက ပြောကြားသွားတာရဲ့ပြောင်းပြန် လုံးဝ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ PDF တွေနဲ့လုံးဝ မသက်ဆိုင်ဘဲနဲ့ သာမန်ကျေးရွာတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဆေးရုံတွေ၊ စာသင်တဲ့ကျောင်းတွေကအစ မီးရှို့ဖျက်စီးတာတွေ ဘယ်လိုမှ လက်နက်ကိုင်ဆန့်ကျင်တယ်လို့ ပြောလို့မရတဲ့ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေကို သတ်ဖြတ်နေတာ။ နောက်ပြီးမှ မုဒိန်းကျင့် စော်ကားမှုကိစ္စတွေက ပိုပိုပြီးတော့ များပြားလာတာကိုလည်း တွေ့ရတယ်။”

ဒါ့အပြင် KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး (၁) ခူးဦးဒယ်နီရာယ်ကလည်း (ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့စကားအပေါ်မှာ) အခုလို တုံ့ပြန်ပါတယ်။

“ဒါကတော့မဟုတ်ဘူး။ စစ်ရှောင်စခန်းက စစ်ရှောင်တာကတော့ အများကြီးရှိတယ်လေ။ သူ့ဟာသူနေပါတယ်။ PDF အဲဒီကြားထဲမှာတော့ မရှိဘူး။ သို့သော် ဒီအချိန်မှာက ပြေးလွှားတဲ့လူတွေနဲ့ ကူညီတဲ့လူကလည်း KNDF တို့၊ PDF တို့ကိုလည်း လိုက်ကူညီတယ်လေ။ မင်းသားတွေ ဘာညာ ရှိတယ်။ အဲလိုမျိုးဟာတွေ။ သူတို့ကိုသွားပို့ကူတာပဲ ရှိတာပေါ့။ ဥပမာ-အဲဒီမှာ သွားနေတာ၊ ထိုင်တာ၊ အခြေချတာ အဲလိုမျိုးကတော့ မရှိဘူး။ သူ အဲလိုမျိုးပြောရင်တော့ အများကြီးလွဲပြီ။”

တကယ်တော့ အခုလို ဖြစ်နေတာတွေက အရင်မြန်မာစစ်တပ်ကလုပ်နေကျ ဖြတ်လေးဖြတ်ထက်ပိုဆိုးလာနေပြီး အရပ်သားတွေကိုပါ ရန်သူလိုလုပ်ပစ်လာတယ်လို့ စောင့်ကြည့်သူတွေက ပြောနေပါတယ်ခင်ဗျား။

=================

[[Unicode]]















=================

XS
SM
MD
LG