သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို နောက်ထပ် ထောင်ဒဏ် ၂၁ နှစ်ချမှတ်

အဂတိမှုတွေနဲ့ထောင်ဒဏ် ၂၁ နှစ်ချမှတ်ခံရသူ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်မောင် (ယခင်ပုံဟောင်း)
အဂတိမှုတွေနဲ့ထောင်ဒဏ် ၂၁ နှစ်ချမှတ်ခံရသူ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်မောင် (ယခင်ပုံဟောင်း)

[[Zawgyi/Unicode]]


NLD အစိုးရလက်ထက် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဒေါတ်တာမြင့်နိုင်ကို စစ်ကောင်စီက အဂတိ လိုက်စားမှု တိုက်ဖျက်ရေးပုဒ်မ ၅၅ နဲ့ အမှု ၇ မှု စွဲဆိုထားတာမှာ ဒီကနေ့မှာတော့ တမှုကို ၃ နှစ်နဲ့ စုစုပေါင်း ထောင်ဒဏ် ၂၁ နှစ်ချမှတ်လိုက်ပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

မုံရွာအကျဉ်းထောင်မှာရှိတဲ့ အထူးတရားရုံးမှာ ဒေါက်တာမြင့်နိုင်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးပုဒ်မ ၅၅နဲ့ အမှု ၇ မှု စွဲဆိုထားတာကို ဒီကနေ့တော့ တမှုကို ၃ နှစ်နဲ့ စုစုပေါင်း ထောင်ဒဏ် ၂၁ နှစ်ချမှတ်လိုက်တာ ဖြစ်တယ်လို့ တရား ရုံးနဲ့နီးစပ်တဲ့ သူတဦးက ဗွီအိုအေကို ပြောပါတယ်။

“အဂတိ ၅၅ ... ၇ မှုနဲ့ ၂၁ နှစ်နော်။ တမှုကို ၃ နှစ်လေ။ အဂတိပုဒ်မ ၅၅ နဲ့။ အယူခံတက်ရမယ်၊ မတက်ရမယ်ဆိုတာကို ဆရာက ကျနော့်တို့ကို ဘာမှ ညွှန်ကြားချက်မပေးသေးဘူး။....”

အခုလိုအမိန့်ချတာနဲ့ပတ်သတ်လို့ ဒေါတ်တာမြင့်နိုင်ဘက်က အထက်တရားရုံးတွေကို အဆင့် ဆင့်အယူခံ တက်မတက်ကိုတော့ မသိရသေးပါဘူး။ သတ္တူတူးဖော်လိုင်စင်ရသူတွေ ကြွေးကျန်ပေးဖို့ ပျက်ကွက်မှုကို ပြန်မတောင်းခဲ့တာ၊ အမျိုးသမီးဂေဟာတခုအတွက် ခွင့်ပြုမိန့်ချပေးရာမှာ လုပ်ငန်းရှင်တဦးက အဲဒီဂေဟာအတွက် ကားလှူဒါန်းခဲ့တာ၊ တင်ဒါခေါ်ယူမှုမှာ တင်ဒါ စာရင်းပေါက်ကြားစေခဲ့လို့ နစ်နာစေတာ စတာတွေပါတဲ့ အမှု ၇ မှုနဲ့ ဒေါက်တာမြင့်နိုင် ကို ဒီကနေ့အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ပြစ်မှုစီရင်ခံရပေမယ့် တရားရုံးမှာ ဒီအမှုတွေကိုကျူးလွန်ကြောင်း တဘက်စွပ်စွဲသူတွေဘက် က တင်ပြနိုင်တာ မရှိဘူးလို့ အမည်မဖော်လိုတဲ့ တရားရုံးနီးစပ်သူတဦးက ဗွီအိုအေကို ခုလိုပြောပြပါတယ်။

“ပြောချင်တာက ပထမဆုံး ဓာတ်သတ္တုဆိုတဲ့ ရွှေတူးဖော်ရေးလုပ်ငန်း လိုင်စင်တွေကို ချပေးထားတဲ့ငွေ။ အဲဒီငွေတွေနဲ့ပတ်သက်တဲ့မြေကို၊ အဲဒီမြေတွေနဲ့ပတ်သက်တဲ့ ကြွင်းကျန်တွေကို ကောက်ရမှာ။ ...ဆရာပြောလေ့ပြောထရှိပါတယ်။ သူ့တာဝန်နဲ့သူ လွှဲထားတာလေ။ အဲဒီမှာ ရွှေဓာတ်သတ္တု တူးဖော်ရေးလုပ်ငန်းလိုင်စင်တွေ ပေးတယ်ဆိုတာ ...ချထားပေးတာရဲ့ လုပ်ဆောင်တဲ့ ဆပ်ကော်မတီတွေမှာပဲ တာဝန်ရှိတယ်လေ။ ဝန်ကြီးချုပ်နဲ့ဘာဆိုင်လဲ။ တင်ဒါကိစ္စကလည်း ဝန်ကြီးချုပ်ကပါပြီးတော့ ဝန်ကြီးချုပ်က ဒီလို...ဒီလို ဆောင်ရွက်တာပါလို့ မပေါ်ပါဘူး။....တင်ဒါ ၁/၂၀၁၇ ဆိုတဲ့ ဥပဒေစည်းမျဉ်းတွေအတိုင်း ဝန်ကြီးချုပ်က ဆောင်ရွက်ခဲ့တာ။ တင်ဒါရဲ့လုပ်ငန်းပိုင်းဆိုင်ရာတွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ခဲ့တာ။ ဝန်ကြီးချုပ်က ပါဝင်ပတ်သက်ခြင်းမရှိဘဲနဲ့ကို အခု ဝန်ကြီးချုပ်က ဖြေရှင်းနေရတာလည်း နစ်နာတာလေ။ သဘာဝအားဖြင့် လုံးဝကို မဆိုင်တဲ့ဟာကို အဂတိကျူးလွန်တယ်ဆိုတဲ့ဟာ ငြင်းထားပြီးသား။ ကျူးလည်းမကျူးလွန်ဘူးဗျာ။ တခုမှမကျူးလွန်တဲ့ မဆိုင်ဘူးပေါ့ဗျာ။ ကျနော်ပြောချင်တာက ဒါပဲ။ ကျနော်တို့ရဲ့ ဒီကာလကြီးမှာ အမှန်တရားတွေကို ကျနော်တို့ ဘယ်လောက်ပဲပြောပြော အခု သုံးနှစ်ဆိုတဲ့ဟာကို ကျခံရတယ်။ ဆရာ့အနေအထားနဲ့ကတော့ အခုကာလမှာတော့ ဘာမှ သူ ကွန်မဲန့်မပေးချင်ဘူး။”

လက်ရှိမှာ ကျန်းမာရေး ချို့တဲ့နေတဲ့ ဒေါတ်တာမြင့်နိုင်ကို ရွေးကောက်ပွဲမှာ မဲမသမာမှု ဖြစ်အောင် မလျော်ဩဇာသုံးလုပ်တယ်ဆိုတဲ့ ရာဇသတ်ကြီးပုဒ်မ ၁၇၁-စ နဲ့လည်း ထပ်မံတရားစွဲထားပါတယ်။ ဒီကနေ့တော့ ဒီအမှုအတွက် စစ်ကိုင်းတိုင်းရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူးနဲ့ တရားလိုပြသက်သေတဦးကို စတင်စစ်ဆေးကြားနာခဲ့တယ်လို့ စုံစမ်း သိရပါတယ်။ လာမယ့် မတ် ၉ ရက်နေ့မှာ အမှုကို ထပ်မံကြားနာဖို့ ရုံးချိန်းပေးထားတယ်လို့ စုံစမ်းသိရပါတယ်။ ဒီပုဒ်မပြဌာန်းချက်အရ အပြစ်ရှိတယ်လို့ တရားရုံးကဆုံးဖြတ်ရင် ထောင်ဒဏ် ၃ နှစ်ထိကျခံရနိုင်တယ်လို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅- ခ ပုဒ်မနဲ့လည်း ထောင်ဒဏ် ၂ နှစ်ချမှတ်ထားပါတယ်။ ဒီကနေ့ ချမှတ်ခဲ့တဲ့ ထောင်ဒဏ်အပါဝင်ဆိုရင်တော့ ဒေါက်တာမြင်နိုင်ဟာ ထောင်ဒဏ် ၂၃ နှစ်ထိ အမိန့်ချခံထားရပါတယ်။


#MyanmarMilitaryCoup #MyanmarPrison #VOABurmese #ဒေါက်တာမြင့်နိုင် မုံရွာထောင် #စစ်ကိုင်းတိုင်းဝန်ကြီးချုပ် #ထောင်ဒဏ် ၂၁ နှစ် #စစ်ကောင်စီ #ဗွီအိုအေ
=========

[[Unicode]]












=========

​
XS
SM
MD
LG