သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘားအံမြို့နယ်တွင်း စစ်ဘက်အရပ်ဘက်ဝန်ထမ်းတွေ နုတ်ထွက်ဖို့ KNU သတိပေး


စစ်အာဏာသိမ်း ဆန့်ကျင်ကန့်ကွက်သည့် လူငယ်များ KNU စခန်းတွင် စစ်သင်တန်းတက်နေကြစဉ်
စစ်အာဏာသိမ်း ဆန့်ကျင်ကန့်ကွက်သည့် လူငယ်များ KNU စခန်းတွင် စစ်သင်တန်းတက်နေကြစဉ်


[[Zawgyi/Unicode]]

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ နုတ်ထွက် ထွက်ခွာကြဖို့ KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၁) ကနေ သတိပေးထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားရပ်တန့်အောင် ထုတ်ပြန်တာလို့ KNU တာဝန်ရှိသူတွေကပြောပါတယ်။ ဒီသတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ ရက်စွဲနဲ့ KNU ရဲ့ သတိပေးချက် ထုတ်ပြန်ချက်မှာ မြို့နယ်အတွင်း ရှိနေတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်ဘက်၊ အရပ်ဘက် ဝန်ထမ်းတွေအားလုံး အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်ဖို့ အချိန်မနှောင်းမီ ပြည်သူနှင့်အတူရပ် တည်ပြီး မှန်ကန်သောလမ်းကြောင်းပေါ်ကိုလျှောက်လှမ်းဖို့သတိပေးထားပါတယ်။ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ရပ်တန့်စေဖို့ အခုလို ထုတ်ပြန်တာလို့ KNU-ကရင်အမျိုးသားအစည်းအရုံး နိုင်ငံခြားရေးဌာန တာဝန်ခံ ပဒိုစောတောနီးက ပြောပါတယ်။

“အဓိကစစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေ အလုပ်မလုပ်တော့အောင် အဲဒါ အဓိကအကြောင်းအရင်းဖြစ်တယ်။ ကျနော်တို့မူဝါဒအတိုင်းဆိုရင်မှာလည်း အထူးသဖြင့် စစ်အာဏာရှင် စံနစ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့သူတွေ၊ စစ်အာဏာသိမ်းမှု လက်မခံတဲ့သူတွေအားလုံးနဲ့ ပူးပေါင်းပြီးတော့ ကျနော်တို့ လက်တွဲပြီးတော့လုပ်နေကြတာဖြစ်တယ်။ အဲဒါကြောင့်မို့ ကျနော်တို့မူအတိုင်းအရ ဒီလိုလုပ်နေပြီဆိုတော့ အကောင်အထည်ဖော်ရတဲ့ကျနော်တို့အောက်ခြေပိုင်းကတော့ သူတို့ လုပ်သင့်တာသူတို့လုပ်သွားတာပဲလေ။”

ဘားအံမြို့နယ်အတွင်း နယ်ခြားစောင့်တပ် BGF နဲ့ ပြည်သူ့စစ်တွေလည်း မိမိလက်ရှိ လုပ်ငန်းတာဝန်မှ ထွက်ပေးဖို့ စစ်ကောင်စီနဲ့မပူးပေါင်းဖို့၊ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေအရ (BGF) တပ်စခန်းမှာနေထိုင်နေတေဲ့ မိသားစုဝင်အားလုံး စခန်းအတွင်းမှ ထွက်ခွာပေးဖို့ KNU ဘက်က သတိပေးထားပါတယ်။

လက်ရှိ KNU တပ်မဟာ(၁) နယ်မြေမှာ KNU နဲ့ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခနဆိုသလိုဖြစ်ပွါးနေတာပါ။ ဒီတိုက် ပွဲတွေမှာ ကရင်နယ်ခြားစောင့်တပ် BGF တွေကနေ စစ်ကောင်စီတပ်နဲ့ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။

“ဒီနေ့ ဒီအချိန်ခါမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း တိုက်ပွဲတွေအများကြီးဖြစ်ပေါ်လာတဲ့အခါမှာ အထူးသဖြင့် စစ်ကောင်စီနဲ့ တွဲပြီးသွားနေတဲ့အပိုင်းကတော့ ကျနော်တို့တော်တော်လေး ခက်ခဲလုပ်ရတဲ့အနေအထားရှိပါတယ်။ အဲတာကြောင့်မို့လို့ တတ်နိုင်သလောက်ပေါ့နော်။ စစ်ကောင်စီတွေနဲ့ တွဲသွားတွဲလာမလုပ်ဖို့ ဆိုတာလည်း အောက်ခြေတပ်တွေက အကြိမ်ကြိမ် အခါခါသတိပေးခဲ့တယ်။ ဒါပေမယ့်လို့ ဒီလိုမျိုးတွဲသွားတွဲလာတဲ့အခါကျတော့ ကျနော်တို့ လုပ်ရ ကိုင်ရတာ အများကြီးခက်ပါတယ်။”

KNU ရဲ့သတိပေးချက်အပေါ် သဘောထားမှတ်ချက်မပေးလိုဘူးလို့ နယ်ခြားစောင့်တပ် BGF ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး နိုင်မောင်ဇော်ကတုံ့ပြန်ပါတယ်။

“ကျနော်တို့လူကြီးတွေမေးတာပိုကောင်းမယ်။ အဲဒါဖြေဖို့ကျတော့ ကျနော်တို့က ချာတိတ်တွေဖြစ်နေတယ်လေ။”

အောက်ခြေ BGF တပ်မှူးတဦးကတော့ ၎င်းတို့ဒေသကနေ ထွက်ခွါဖို့မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ အခုထုတ်ပြန်တဲ့ KNU ရဲ့သတိပေးချက်ကြောင့်တော့ ဘားအံမြို့မှာရှိတဲ့ အစိုးရဝန်ထမ်း တွေအကြား သက်ရောက်မှုတော့ သိပ်မရှိလှဘူးလို့ ဘားအံမြို့ခံ ကရင်အရေးလှုပ်ရှားသူတဦးက ပြောပါတယ်။

“ကျနော်တို့ဘက်မှာတော့ ထူးထူးထွေထွေမရှိဘူး။ သူက အခုကလေ ဘားအံမြို့နယ်ဆိုပေမယ့် သူတို့သုံးနေတဲ့ဘားအံမြို့နယ်က ကျနော်တို့ရဲ့ ထွေအုပ်ကမြို့နယ်ရဲ့ မြောက်ဖားအံ မြောက်ဂွင်ပေါ့။ သူတို့ဟိုဘက်ကမ်းမှာရှိတဲ့ သူတို့ရဲ့ KNU တပ်မဟာ (၁) ရဲ့ အဲဒီဒုံတမိချောင်းနဲ့ ဒီသံလွင်ကြားမှာ ရှိတဲ့ဟာတွေဖြစ်တယ်။ ဆိုတော့ ဒီဘက်မှာတော့ သက်ရောက်မှုမရှိဘူးပေါ့ဗျာ။”

ဘားအံမြို့နယ်မြောက်ပိုင်းသံလွင်မြစ်နဲ့ ဒုံတမိချောင်းဒေသ KNU တပ်မဟာ (၁) ထိန်းချုပ် နယ်မြေမှာ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဝန်ထမ်းအများအပြား CDM လှုပ်ရှားမှုမှာပါဝင်လာကြပေမယ့် ဘားအံမြို့နဲ့ ဘားအံတောင်ပိုင်းဒေသတွေမှာတော့ KNU ဘက်က ထိန်းချုပ်နိုင်မှု အားနည်းနေပါတယ်။

အလားတူ KNU ရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA တပ်မဟာ ၅ ထိန်းချုပ်တဲ့ ဖာပွန်ခရိုင်ထဲမှာလည်း စစ်ကောင်စီ ယန္တရားလည်ပတ်လို့ မရနိုင်အောင်လို့ဆိုပြီး တပ်မဟာ ၅ နယ်မြေထဲမှာရှိနေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ဖေဖော်ဝါရီ ၁ ရက်ကနေ ၁၀ ရက်အတွင်း အမြန်ဆုံးပြန်လည်ထွက်ခွာသွားဖို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

==========

[[Unicode]]














==========

XS
SM
MD
LG