သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူ့ကာကွယ်ရေးတပ် PDF ဖွဲ့စည်းမှု တနှစ်ပြည့်


ထားဝယ်မြို့ ဆန္ဒပြပွဲတခုတွင် PDF ကိုထောက်ခံကြောင်းပြသခဲ့သည့် ဆန္ဒပြသူများ။ (၁၀ မေ ၂၀၂၁)
ထားဝယ်မြို့ ဆန္ဒပြပွဲတခုတွင် PDF ကိုထောက်ခံကြောင်းပြသခဲ့သည့် ဆန္ဒပြသူများ။ (၁၀ မေ ၂၀၂၁)

[[Zawgyi/Unicode]]

စစ်တပ်ရဲ့လက်နက်အားကိုး ဖိနှိပ်မှုကိုကာကွယ်ဖို့နဲ့ ပြန်ပြီး တွန်းလှန်တိုက်ခိုက်ဖို့ ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF တွေဖွဲ့စည်းတာ ဒီနေ့ မေလ ၅ ရက်မှာ တနှစ်ပြည့်သွားပြီလို့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေး တနှစ်အတွင်းမှာ အားရကျေနပ်ရတာလည်း ရှိသလို အားနည်းချက်တွေ၊ လိုအပ်ချက်တွေကလည်း ရှိသေးတယ်လို့ PDF အဖွဲ့တွေက ဗွီအိုအေကို ပြောပါတယ်။ ဗွီအိုအေသတင်းထောက်ပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ဖို့အတွက် တနိုင်ငံလုံးမှာ စုဖွဲ့ထားတဲ့ PDF အဖွဲ့တွေထူထောင်လိုက်တာ အခုဆိုရင် တနှစ်ပြည့်သွားပြီလို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောလိုက်ပါတယ်။ အခုဆိုရင် PDF အဖွဲ့တွေဟာ ပြောက်ကျားစစ်၊ လှုပ်ရှားစစ်မှာ ပိုမိုကျွမ်းကျင်ပြီး ရန်သူကိုအထိနာအောင် တိုက်ခိုက်နိုင်တဲ့ ရဲဘော်တွေဖြစ်လာပြီလို့ ယုံကြည်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားတာပါ။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်မြေပြင်လိုဖြစ်ခဲ့ စစ်ကိုင်းထဲမှာတော့ PDF တွေဟာ အားကောင်းကောင်းနဲ့ ပေါ်ပေါက်လာပါတယ်။ တနှစ်ကာလကို ပြန်ကြည့်မယ်ဆိုရင် အားရကျေနပ်တာတွေရှိသလို လိုအပ်ချက်တွေလည်း အများအပြားရှိသေးတယ်လို့ မုံရွာ PDF ရဲ့ ခေါင်းဆောင်တဦးက ဗွီအိုအေကို ပြောပါတယ်။

"လက်နက်ကိုင် တော်လှန်ရေးကို ကျနော်တို့စခဲ့ပြီး ရရာလက်နက် တူမီးနဲ့ကျနော်တို့ တိုက်ခိုက်ခဲ့တယ်။ တနှစ်ပြည့်သွားတဲ့ အချိန်မှာဆိုရင် ကျနော်တို့မှာ တသက်မှာ မမြင်ခဲ့ဖူးတဲ့ သေနတ်အစစ်တွေနဲ့တောင် ဒီဘက်မှာ တော်လှန်တိုက်ခိုက်နေကြပြီပေါ့နော်။ ဒီတော့ တော်လှန်ရေးကာလ တနှစ်ပြည့်ချိန်မှာ PDF တွေရဲ့ စုဖွဲ့မှုအားကတော့ တော်တော်လေးကောင်းတယ်၊ စည်းစနစ်တကျရှိတယ် လူထုနဲ့လည်း မြေပေါ်လမ်းစဉ်၊ သပိတ်လမ်းစဉ်တွေနဲ့လည်း ဟန်ချက်ညီညီ ပေါ်ထွက်လာခဲ့တယ်။ ပြီးတဲ့အခါမှာ ကာကွယ်ရေး ဝန်ကြီးဌာနကနေ ချမှတ်ထားတဲ့ စည်းမျဉ်းတွေကိုလည်း စနစ်တကျကို လိုက်နာတယ်။ လုံးဝကိုပဲ ပြီးပြည့်စုံတဲ့ PDF အဖွဲ့တွေအဖြစ် အကောင်းဆုံး မြင်တွေ့ရတယ်ပေါ့။ ဒါ တော်လှန်ရေး တနှစ်ပြည့်တဲ့အချိန်မှာ ကျနော်တို့ မြင်ခဲ့ရတဲ့ အားသာမှုတွေ၊ အားကောင်းမှုတွေပေါ့။"

လက်နက်အင်အားနဲ့ ငွေအင်အား အလုံအလောက် မရှိသေးတာ၊ အမိန့်နာခံမှုတွေ အားနည်းနေသေးတာက မြေပြင်က PDF တွေအတွက် အဓိက စိန်ခေါ်မှုတွေလို့ မုံရွာ PDF ခေါင်းဆောင်က ပြောပါတယ်။ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ အကြမ်းဖက်နှိမ်နင်းခံရပြီးတဲ့နောက်ပိုင်း ငြိမ်းချမ်းစွာနဲ့ဆန္ဒပြခဲ့သူတွေဟာ ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖွဲ့စည်းခဲ့ကြတာပါ။ အဲဒီနောက်ပိုင်းတော့ ချင်းပြည်နယ် စစ်ကိုင်းတိုင်း မကွေးတိုင်းနေရာတချို့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ တိုက်ပွဲတွေဖြစ်လာတာနဲ့အတူ စစ်ကောင်စီတပ်တွေရဲ့ နယ်မြေရှင်းလင်းစစ်ဆင်ရေးမှာ ဒေသခံကျေးရွာတွေပျက်စီး မီးလောင်တာ၊ ဒေသခံပြည်သူတွေ အိုးအိမ်စွန့်ခွာပြေးရတဲ့အခြေအနေတွေလည်းရှိပါတယ်။

"သင်္ကြန်ပြီးနောက်ပိုင်းမှာ အထဲကလည်း ကျနော်တို့ သတင်းတွေကြားတယ်ပေါ့။ စစ်ကိုင်းတိုင်းထဲက PDF တွေကို အပြတ်ဖြုတ်မယ်တို့၊ မြေပေါ်မြေအောက် လုံးဝကို စစ်ကိုင်းတိုင်းကို မကြာခင်မှာ အပြတ်ဆော်ပြီးတော့ ငြိမ်သွားအောင် လုပ်မယ်ဆိုတဲ့ပုံစံတွေ ကြားတယ်။ အဲဒါကြားပြီးမကြာခင် နေရာအနှံ့မှာ စစ်ကောင်စီဘက်ကနေ စစ်ကြောင်းတွေ ထိုးပြီးတော့ PDF စခန်းတွေကိုလည်း ဖျက်စီးတယ်၊ ပြည်သူတွေအိမ်တွေလည်း ဖြိုချဖျက်စီးတယ်ပေါ့။ အဓိကတော့ ဒီကာလမှာက တော်တော်ကြီးကို ပြင်းထန်တဲ့ ဖိနှိပ်မှုမျိုးတွေကို ကျနော်တို့ ပြည်သူတွေရော PDF တပ်သားတွေရော ကြုံနေရတယ်ပေါ့။"

NUG ကတော့ တနှစ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းပေါင်း ၂၅၇ ခု ဖွဲ့စည်းထားပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဒေသအခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ ၄၀၀ ကျော်ကိုလည်း စုဖွဲ့ထားတယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း ဒီလက်နက်ကိုင်တပ်ဖွဲ့တွေအားလုံးဟာ NUG ကာကွယ်ရေးဌာနရဲ့ တိုက်ရိုက်အမိန့်အောက်မှာရှိမနေတာကြောင့် ဒီတပ်ဖွဲ့တွေကို ထိန်းကွပ်ဖို့ NUG အစိုးရဘက်က စွမ်းဆောင်နိုင်ပါ့မလားဆိုတာ မေးခွန်းဖြစ်နေပါတယ်။ အထူးသဖြင့် စစ်ကိုင်းတိုင်းအတွင်းဖြစ်ရပ်တခုမှာ ဒေသခံကာကွယ်ရေးအဖွဲ့နှစ်ဖွဲ့ကြား အချင်းချင်း ဖမ်းဆီးသတ်ဖြတ်မှုတွေရှိခဲ့တာကြောင့် စိုးရိမ်မှုတွေ တိုးခဲ့ပါတယ်။ NUG ကာကွယ်ရေးဌာနကတော့ သူတို့လက်အောက်ခံတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို စစ်သည်ကျင့်ဝတ်တွေနဲ့ စစ်ဖက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေလိုက်နာကြဖို့ သတိပေးတိုက်တွန်းနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်တပ်အနေနဲ့ PDF တွေ အခုလို ပေါ်ပေါက်လာမယ်ဆိုတာ သူတို့အနေနဲ့ ကြိုတင်မတွက်ဆခဲ့ဘူးလို့ သတင်းစာ ရှင်းလင်းပွဲတခုမှာ ပြောခဲ့ပါတယ်။ PDF တွေဟာ လူသတ်တာ၊ ကျေးရွာမီးရှို့တာတွေ စတဲ့ အကြမ်းဖက်လုပ်ရပ်တွေကျူးလွန်နေတယ်ဆိုပြီးတော့လည်း စွပ်စွဲထားပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ၂၀၂၂ ဟာ ငြိမ်းချမ်းရေးနှစ်ဖြစ်ပြီး လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ သူ့အနေနဲ့ ဆန္ဒရှိတယ်လို့ ဧပြီလ ၂၂ ရက်မှာ မြန်မာ့အသံရုပ်မြင်သံကြားကနေ ပြောခဲ့ပေမယ့် ဒီအထဲ PDF တွေမပါဘူးလို့ စစ်ကောင်စီပြောခွင့်ရက ဆိုပါတယ်။ နိုင်ငံရေးလေ့လာသူတွေကတော့ အာဏာသိမ်းနောက်ပိုင်း ပေါ်ပေါက်လာတဲ့ NUG/ PDF လို အဖွဲ့အစည်းတွေကို ချန်လှပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]











===========

XS
SM
MD
LG