သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေပြည်တော်နဲ့ မန္တလေး သင်္ကြန်ပွဲတော် အများလူထု နွှဲပျော်သူနည်း 


နေပြည်တော် မြို့တော်ဝန်မဏ္ဍပ် သင်္ကြန်အကျနေ့မြင်ကွင်း (ဧပြီ ၁၄၊ ၂၀၂၂/ဗွီအိုအေမြန်မာဌာန)
နေပြည်တော် မြို့တော်ဝန်မဏ္ဍပ် သင်္ကြန်အကျနေ့မြင်ကွင်း (ဧပြီ ၁၄၊ ၂၀၂၂/ဗွီအိုအေမြန်မာဌာန)


[[Zawgyi/Unicode]]

သင်္ကြန်ပွဲတော်အချိန် ရေကစားမဏ္ဍပ်တွေနဲ့ အစည်ကားဆုံးမြို့တမြို့ဖြစ်တဲ့ မန္တလေးမြို့မှာ စစ်ကောင်စီကစီစဉ်တဲ့ ကျုံးပတ်လည် ရေကစားမဏ္ဍပ်တွေကလွဲလို့ တခြားမဏ္ဍပ်တွေ မရှိသလောက်နည်းတယ်လို့ မန္တလေးမြို့ခံတွေကပြောပါတယ်။ စစ်ကောင်စီ ရုံးစိုက်တဲ့ နေပြည်တော်မှာလည်း မဏ္ဍပ်ကြီး နှစ်ခုပဲရှိပြီး ဒေသခံပြည် သူအများကြား ရေကစားသူ တော်တော်လေးနည်းတယ်လို့ ပြောကြပါတယ်။ မန္တလေးနဲ့ နေပြည်တော်က သင်္ကြန်အကျနေ့ အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

ကိုဗစ်ကပ်ရောဂါအန္တရာယ် တော်တော်လေးကျဆင်းသွားတဲ့ မြန်မာနိုင်ငံမှာ ဒီနှစ် သင်္ကြန်ပွဲတော်စည်ကားအောင် စစ်ကောင်စီက ပြင်ဆင်ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ သင်္ကြန်မြို့တော်လို့တောင် ပြောရမယ့် မန္တလေးမြို့မှာ သာမန်ပြည်သူတွေကြား ရေပက်ကစားတာမျိုး မရှိသလောက်ဖြစ်နေတယ်လို့ မန္တလေးမြို့ခံတွေကပြောပါတယ်။ အာဏာပိုင်တွေ စီစဉ်ထားတဲ့ မြို့တော်ဝန်မဏ္ဍပ်နဲ့ ကျုံးပတ်လည်မှာ ရေကစားမဏ္ဍပ်တွေရှိပေမယ့် လုံခြုံရေးအစစ်အဆေး တင်းကြပ်ထားပြီး သာမန်ပြည်သူတွေ သွားဖို့ခက်ခဲတယ်လို့ မန္တလေးမြို့က ဦးသန့်ကပြောပါတယ်။

"မဏ္ဍပ်ကတော့ အများကြီးပဲလေ။ အများကြီးဆိုတာ ကျုံးအတွင်းပေါ့။ ဒါပေမယ့် အဲဒီအထဲကို ဘယ်သူမှဝင်လို့မရဘူး ပိတ်ထား တာ။ အပြင်မှာတော့ ဘာမှမရှိဘူးလေ။ ဦးတို့လည်း ဝင်လို့မရဘူးလေ။ ပတ်ပတ်လည်က အကုန်ပိတ်ထားတာကို။ အပြင်လူ တောင်မှ ဝင်လို့မရဘူး။ သူကစဖွင့်တဲ့နေ့ကဆိုရင် ဥပမာ လမ်း ၈၀ ပိတ်တယ်ဆိုရင် ၈၁ လမ်းထိ သူက စစ်ဆေးရေးတွေက တအားကြမ်းတော့ အဲဒီဘက်ကို သိပ်မသွားကြတာလေ။"

အရင်ပုံမှန်ဆိုရင် မန္တလေးသင်္ကြန်ဟာ ဖျော်ဖြေရေးအစီအစဉ်မျိုးစုံရှိတဲ့ ရေကစားမဏ္ဍပ်တွေ၊ ရေပက်ခံထွက်သူတွေ၊ အလှပြယာဉ် တွေနဲ့ မိုးလင်းမိုးချုပ် သိပ်ကိုစည်ကားခဲ့တာပါ။ ဒီနှစ်တော့ လူသူကင်းမဲ့ပြီး ခြောက်သွေ့နေတယ်လို့ ဒေသခံတဦးက ပြောပါ တယ်။

"အရင်တုန်းက သင်္ကြန်ဆိုရင် ကျုံးဘေးမှာ တိုးလို့တောင် မရတော့ဘူး။ လမ်းလျှောက်သင်္ကြန်တောင် လုပ်ပေးရတယ် ကားတွေ တိုးမရလို့။ အဲတုန်းကတော့ တိုးမပေါက်ဘူးပေါ့။ ညဘက်ဆိုလည်း သူ့ဟာသူ ဖျော်ဖြေရေးတွေနဲ့ မိုးအလင်းပဲလေ။"

ခုလို မန္တလေးမြို့မှာ ခြောက်ကပ်နေသလို စစ်ကောင်စီအခြေစိုက်တဲ့ နေပြည်တော်မှာ မြို့တော်ဝန်မဏ္ဍပ်အပါအဝင် ရေကစား မဏ္ဍပ် နှစ်ခုသာရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ မြို့တော်ဝန်မဏ္ဍပ်မှာ ဖျော်ဖြေရေးအစီအစဉ်တွေရှိပေမယ့် ရေကစားဖို့ေ ရာက်လာသူ သိပ်မတွေ့ရဘူးလို့ မျက်မြင်တွေ့သူတဦးက ပြောပါတယ်။ တချို့ရေကစားဖို့ လာသူတွေကိုတော့ အရင် စစ်ဆေးပြီး မှ အဲဒီမဏ္ဍပ်တွေကနေ ဖြတ်သွားခွင့်ပြုတယ်လို့ ပြောပါတယ်။ အရင် သင်္ကြန်နှစ်တွေကထက်စာရင် ရေကစားသူသိပ်မရှိတော့တဲ့ နေပြည်တော်မှာ ကလေးငယ်တွေ ရေကစားတာလောက်ပဲ ခပ်ကျဲကျဲတွေ့ရတော့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"နေပြည်တော်မဏ္ဍပ်ကတော့ နှစ်မဏ္ဍပ်ပဲရှိတယ်။ သူတို့ စစ်သားတွေနေတဲ့ နေရာမှာပဲ။ ခန်းမရှေ့ရယ်၊ ဦးသိန်းစိန် ... သဘာဝ ထန်းတောနားမှာရယ်။ လူကတော့ အရမ်းကြီးတော့ မစည်ဘူးပေါ့ နည်းနည်းပါးပါးပေါ့။ အရင်ကထက်စာရင်တော့ သုံးပုံပုံ တပုံ လောက်ပဲ ရှိတာပေါ့။ တချို့ကလေးတွေကတော့ သူ့ရွာဘက်သူ ဆော့တာပေါ့။"

မန္တလေးတိုင်းနဲ့ကပ်နေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်တွေမှာ တိုက်ပွဲတွေဖြစ်နေ သလို အညာဒေသ ကျေးရွာတော်တော်များများကို စစ်ကောင်စီက နယ်မြေရှင်းလင်း မီးရှို့တာတွေလုပ်နေတဲ့အတွက် သင်္ကြန်ပွဲ တော်မှာ ပျော်ပွဲရွင်ပွဲတေ မလုပ်ကြဖို့ စစ်အာဏာရှင်ဆန့်ကျင်သူတွေက ဆော်သြထားကြပါတယ်။ ပြည်သူအများစုကလည်း လက်ရှိမြန်မာနိုင်ငံအခြေအနေကြောင့် ဒီနှစ်သင်္ကြန်ကို တိတ်တိတ်ဆိတ်ဆိတ်ပဲ ဖြတ်သန်းနေကြတယ်လို့ ပြောကြပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]










============

XS
SM
MD
LG