သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုးရာနှစ်ကူး အတာသင်္ကြန်ကာလ အစဉ်အလာပျော်ရွှင်ပွဲများ လျော့နည်း


၂၀၂၂ ခု၊ ဧပြီလ ၁၅ ရက်၊ သင်္ကြန်တတိယမြောက်နေ့မြင်ကွင်း။ (ဓာတ်ပုံ-Asia Heritage & History)
၂၀၂၂ ခု၊ ဧပြီလ ၁၅ ရက်၊ သင်္ကြန်တတိယမြောက်နေ့မြင်ကွင်း။ (ဓာတ်ပုံ-Asia Heritage & History)

[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ လူမျိုး ဘာသာမရွေး ပျော်ကြလေ့ရှိတဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်မှာ ဒီနှစ် တော်တော် များများ မပျော်နိုင်ဘူးဖြစ်နေကြပါတယ်။ လက်နက်ကိုင်ပဋိပက္ခကြောင့် ဘေးဒုက္ခရောက်နေကြတဲ့ အခြေအနေနဲ့ နိုင်ငံတွင်း မတည်ငြိမ်တဲ့ အခြေအနေတွေကြောင့် အများစုအတွက် ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းနေတယ်လို့ ကိုယ်တိုင်ခံစားနေကြသူတွေက ပြောပါတယ်။ စိတ်လွတ် ကိုယ်လွတ်ပျော်ကြလေ့ရှိတဲ့ သင်္ကြန်ပွဲတော် ရဲ့ အနှစ်သာရ ပျောက်ဆုံးသလိုဖြစ်နေတဲ့အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန် က တင်ပြပေးထားပါတယ်။

မြန်မာသက္ကရာဇ် နှစ်ဟောင်းကနေ နှစ်သစ်ပြောင်းချိန် ဆင်နွဲကြလေ့ရှိတဲ့ သင်္ကြန်ပွဲမှာ တနိုင်ငံလုံး ပျော်ပျော်ပါးပါး စည်စည်ကားကား မပါဝင်ကြတာ ၃ နှစ်ရှိသွားပါပြီ။ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ပထမလှိုင်းဖြစ်တဲ့ ၂၀၂၀ ခုနှစ်၊ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်နဲ့ စစ်ကောင်စီအုပ်ချုပ်နေတဲ့ အခု ၂၀၂၂၊ ၃ နှစ်ဆက်တိုက် သင်္ကြန်ဟာ တိတ်ဆိတ် ခြောက်ကပ်နေပါတယ်။ အထူးသဖြင့် ကိုဗစ်ကပ်ဘေး စိုးရိမ်စရာမရှိတော့တဲ့ ဒီနှစ်မှာ နိုင်ငံအနှံ့က မြို့တွေမှာ သိသိသာသာကို လမ်းပေါ် ရေထွက်ကစားသူ မရှိသလောက်နည်းလှပါတယ်။ စစ်အာဏာသိမ်း အုပ်ချုပ်နေတာ ဒုတိယမြောက်နှစ်မှာ ပြည်သူတွေအနေနဲ့ စိတ်ဒုက္ခရောက်စရာတွေသာ ပိုများနေတာမို့ ပျော်ရမယ့် ပွဲတော်ကာလမှာတောင် ပျော်ချင်စိတ် မရှိကြတော့ဘူးလို့ ရန်ကုန်ဒေသခံတဦးက ပြောပါတယ်။

၂၀၂၂ ခု၊ ဧပြီလ ၁၅ ရက်၊ သင်္ကြန်တတိယမြောက်နေ့မြင်ကွင်း။ (ဓာတ်ပုံ-Asia Heritage & History)
၂၀၂၂ ခု၊ ဧပြီလ ၁၅ ရက်၊ သင်္ကြန်တတိယမြောက်နေ့မြင်ကွင်း။ (ဓာတ်ပုံ-Asia Heritage & History)

"ငယ်ငယ်တုန်းကတော့ ပျော်တာပေါ့။ တနှစ် တနှစ် ရေပတ်ခံထွက်ကြတယ်။ ရုံးမှာလည်း ရေပတ်ကြတာပေါ့။ လည်ကြတယ်။ မဏ္ဍပ်တွေသွားကြည့်ကြတာပေါ့နော်။ အခု ကလေးတွေဆိုရင် အိမ်မှာအန်တီ့သမီး ရှိတယ်လေ။ အန်တီ့သမီးဆို အပြင်မသွားဘူး။ အန်တီ့သားတွေဆိုလည်း တယောက်က ကိုရင်ဝတ်တယ်။ တယောက်ကကျတော့ ရိပ်သာဝင်တယ်ပေါ့နော်။ ဟိုး ကိုဗစ်ပထမ တနှစ်ကတည်းကနဲ့ မနှစ်ကအာဏာသိမ်းတော့ အဲနှစ်မှာလည်း တော်တော်လေးခြောက်ကပ်တယ်ပေါ့နော်။ ဒီနှစ်ကတော့ အန်တီတို့တွေ လုံးဝကိုအပြင်မထွက်သလောက်ပဲပေါ့။"

မြန်မာ့ရိုးရာ အစဉ်အလာအရ သင်္ကြန်အချိန်မှာ နှစ်ဟောင်းက အညစ်အကြေးတွေကို ရေနဲ့ ဆေးကြော ဖယ်ရှားသန့်စင်ကြတာဖြစ်ပါတယ်။ သင်္ကြန်ကာလမှာ အလှူအတန်း၊ ကောင်းမှုကိုသိုလ်တွေကိုလည်း လုပ်ကြပါတယ်။ ဒီနှစ်မှာတော့ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကြားမှာပါ စုဝေး စတုဒီသာ ကျွေးမွေး ပေးဝေမှုမျိုးတောင် မလုပ်ဖြစ်တော့တာ များတယ်လို့လည်း ပြောပြပါတယ်။

"အနည်းနဲ့အများတော့ ဒီအရွယ်ရောက်လာပေမယ့်လည်း ရပ်ကွက်ထဲမှာ အလှူလုပ်တာတွေ၊ ပျော်ပျော်ပါးပါးပေါ့နော်။ မုန့်လုံးရေပေါ်လုံးတာတွေ ရှိတာပေါ့နော်။ အခု အသက်ကြီးတော့ မဏ္ဍပ်တွေဘာတွေ မလည် သည့်တိုင်အောင် မုန့်လုံးရေပေါ်လုပ်တာလေးတွေ၊ တယောက်နဲ့တယောက် ဝေတာလေးတွေ၊ ရေလောင်းရေပက်တယ်။ ဒါပေမယ့်လည်း အခုချိန်မှာတော့ အဲဒါမျိုးတွေလည်း ရှိတာမတွေ့ရဘူးပေါ့နော်။ များသာအားဖြင့်ကတော့ ကိုယ့်အိမ်မှာ ကိုယ်နေကြတာပဲများတယ်။ အဓိကတော့ လူငယ်တွေပေါ့၊ အန်တီတို့ငယ်ငယ်တုန်းက ၂၀၊ ၂၁၊ ၂၄၊ ၂၅ ထိတော့ အန်တီတို့အရွယ်နဲ့ဆိုရင် ပျော်ခဲ့ရတဲ့အချိန်တွေပေါ့နော်။ တကယ်ဆိုလို့ရှိရင် အခုခေတ်ကလေးတွေဆိုရင် ပိုပြီးတော့တောင် ပျော်စရာများသေးတယ်။ ဒါပေမယ့်လည်း အခုတော်တော်များများက မဏ္ဍပ်တွေ အပြင်တွေ မသွားကြဘူးပေါ့နော်။"

တချို့နေရာတွေမှာတော့ ကလေးငယ်တွေ ရေဆော့ကစားတာ ရှိပေမယ့် ပုံမှန်လို အခြေအနေတော့ မဟုတ်ဘူးလို့ ပြောကြပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်သူတွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေဖြစ်နေသလို၊ စစ်ကောင်စီရဲ့ နယ်မြေရှင်းမှုတွေအတွင်း နေအိမ်တွေ မီးလောင်ဆုံးရှုံးကုန်ပါတယ်။ အဲဒီလိုဒုက္ခရောက်နေကြသူတွေကို စာနာတဲ့အနေနဲ့ သင်္ကြန်မှာ ပျော်ပွဲ ရွှင်ပွဲတွေထဲ မပါကြဖို့ စစ်အုပ်ချုပ်ရေးဆန့်ကျင်နေသူတွေကလည်း တိုက်တွန်းထားပါတယ်။ စစ်ကောင်စီရဲ့ သင်္ကြန်မဏ္ဍပ်တွေကို တိုက်ခိုက်မယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တချို့ကလည်း ခြိမ်းခြောက်ထားပါတယ်။ ပြည်သူအများစုကတော့ ပုံမှန်လို ပျော်စရာတွေ ဆိတ်သုဉ်းနေတာမို့ သင်္ကြန်ပွဲကို မဆင်နွဲကြတာလို့ ပြောကြပါတယ်။ နှစ်ပေါင်း အစဉ်အဆက်လက်ဆင့်ကမ်းလာတဲ့ မြန်မာ့ရိုးရာပွဲတော်ကို ပုံမှန်လို မကျင်းပ မဆင်နွဲကြတော့တဲ့အတွက် နောင်မျိုးဆက်တွေအတွက် သက်ရောက်မှုတွေ ရှိနိုင်တယ်လို့ မန္တလေးမြို့ခံတယောက်ကလည်း ပြောပါတယ်။

"သင်္ကြန်ပွဲက မိသားစုအမွေပေးလို့ ရတာမဟုတ်ဘူး။ အမွေပေးခဲ့တာလည်း မဟုတ်ဘူး။ အဲတော့ ကလေးငယ်တွေပေါ့နော်၊ ကိုဗစ်အချိန်မှာတောင်မှ သူတို့သဘောနဲ့သူတို့ နည်းနည်းပါးပါးပက်ကြတာလေး တွေ့မိတာ ပေါ့နော်။ ဒီအချိန်မှာကျတော့ သူတို့မတောင်းဆိုဘူးဗျ။ သူတို့ကို မကစားရဘူးလို့ ဘယ်သူမှလည်း မပိတ်ပင်ဘူး။ ရေကစားတဲ့ကလေး နည်းနည်းပါးပါးတော့ ရှိတာပေါ့နော်။ ဒါပေမယ့် အလွန်အင်မတန် အနည်းစုလေး။ ကျနော်တို့ မြို့သူမြို့သားတယောက်အနေနဲ့၊ မြန်မာနိုင်ငံသား တယောက်အနေနဲ့ ငယ်စဉ်ဘဝကနေ ကြီးလာတဲ့အချိန်အထိ အနေအထားနဲ့ လက်ရှိအပေါ်မှာ ကျနော်တို့ ခံစားကြည့်တာပေါ့နော်။ ဘယ်လိုစိတ်ဒဏ်ရာတွေ၊ ဘယ်လိုခံစားချက်တွေ၊ သူတို့အပေါ်မှာ ပါသွားပြီလဲ။ တကယ်တမ်းပြောရရင်တော့ အများကြီးတွေးစရာဖြစ်တယ်။ ပျော်ရမယ့်အချိန်မှာ မပျော်ရတာ၊ ပျော်ခွင့်မရတာ ဒဏ်ရာဒဏ်ချက်ပါနော်။"

တနှစ်ပတ်လုံး သောက အမောတွေပြေအောင် သင်္ကြန်ရေနဲ့ ဆေးကြောပေးတယ်လို့ တင်စားပြောကြလေ့ရှိ တဲ့ သင်္ကြန်ပွဲကို မန္တလေးမြို့မှာ ဘယ်လိုအခြေအနေရောက်ရောက် ဆင်နွဲခဲ့ကြပေမယ့် အခုတော့ အခြေအနေပြောင်းသွားပြီလို့လည်း ခုလိုပြောပါတယ်။

"ကျနော်တို့ မန္တလေးက ၁၉၈၄ ဖေဖော်ဝါရီ လကုန်ပိုင်းလောက်မှာ မီးလောင်တယ်။ အဲဒီခေတ်က အနေအထားနဲ့ဆိုရင် သုံးပုံ ပုံ တပုံ မြို့လည်ခေါင် - တကယ်ကို သင်္ကြန်စည်ကားတဲ့နေရာကြီးတွေ လောင်သွားတယ်။ လောင်သွားတော့ ကျနော်တို့ လူငယ်ဘဝ တက္ကသိုလ်ကျောင်းသားတွေက တို့သင်္ကြန်တော့ ပျက်ပြီလို့ထင်တာပေါ့။ အကြိုနေ့ တရက်လောက်ပဲ။ နောက်ရက်တွေမှာ မီးလောင်ပြင်ငုတ်တိုဘေးတွေမှာ ပုံးတွေချ ရေပက်နေတော့တာ။ နောက်တခါ မြို့ပေါ်လမ်းမတွေပေါ်မှာ ပက်နေတာ။ အမလေး စည်ကားလိုက်တာမှ တကယ်ကိုစည်ကားတာ။ ပြောရရင် တဘက်မှာဖြစ်သွားခဲ့တဲ့ တကယ်ကို ကြီးကြီးမားမားကြီးရှိတယ်။ သို့သော်လည်း ဒီအချိန်မှာ သူတို့ရဲ့ရိုးရာ ပျော်ရွှင်ချိန်မှာ သူတို့ရဲ့ စိတ်ထွက်ပေါက်၊ ခံစားခွင့်၊ လုပ်ဆောင်ခွင့်၊ ပျော်ရွှင်ခွင့်၊ လွတ်လပ်စွာ ဖန်တီးခွင့် အဲဒီအပေါ်တွေမှာ သူတို့အေးအေးဆေးဆေးပဲ လုပ်နေကြတာ။ ကနေ့ပုံစံကျတော့ တခြားစီလို့ ကျနော်တို့ ခံစားမိတာပေါ့နော်။"

သူကတော့ ပြည်သူအများ မလိုလားတဲ့ စစ်အုပ်ချုပ်ရေးစနစ်ရဲ့ ဆိုးကျိုး ဂယက်တွေဖြစ်တယ်လို့ သူ့အမြင်ကို ခုလိုပြောပါတယ်။

"သင်္ကြန်ဟာကြီးမားတဲ့ ဈေးကွက်တခုပါဗျ။ ဒီအပေါ်မှာ မှီတွယ်ပြီးတော့ လက်လုပ်လက်စား ခေါင်းရွက် ဗျတ်ထိုး ဈေးသည်ကအစ လုပ်ငန်းကြီးတဲ့အထိ ဖက်တွယ်ပြီးရှင်သန်ရတဲ့ စီးပွားရေးစက်ဝန်းပေါ့နော်။ ဒါက စီးပွားရေးသဘော။ ယဉ်ကျေးမှုသဘောဆိုရင် ဒါက ထောင်စုနှစ်နဲ့ချီတဲ့ ယဉ်ကျေးမှုသဘောရှိတယ်၊ အစဉ် အဆက်ပေါ့။ နောက်တခါ လူတွေရဲ့ တနှစ်တာပင်ပန်းခဲ့ရတဲ့အချိန်၊ ရာသီအရလည်း ပူပြင်းတဲ့အချိန်မှာ သူတို့ဖြေလျှော့ခွင့်တွေရတယ်။ ဒါဟာ အလွန်အင်မတန် မက်မောစရာကောင်းတဲ့ အခင်းအကျင်းတခု။ ဒီအခင်းအကျင်းတခု ပျက်စီးသွားနိုင်လောက်တဲ့ ပုံစံမျိုးကြီးဖြစ်ရတာ အလွန်အင်မတန် ဝမ်းနည်းတယ်။ ကျနော်တို့ဖြစ်တည်နေရတဲ့ လူသားတွေဘဝမှာ ဒီအပေါ် မှာ မေးခွန်းတွေ - ဘာသာရေးအပေါ်မှာရော၊ လူမှုရေးအပေါ်မှာရော၊ စီးပွားရေးအပေါ်မှာရော၊ လက်ရှိနိုင်ငံရေးကတော့ ပြောမနေနဲ့တော့ပေါ့ဗျာ အများဆုံးပေါ့။ အများကြီးမေးခွန်း ထုတ်မိကြတယ်။ ထုတ်မိတဲ့အခါမှာလည်း အတူ တသမတ်တည်း နားလည်ကြတယ်။ လက်ရှိ ပြည်သူတွေမကြိုက်တဲ့ အုပ်ချုပ်ပုံစနစ်ကနေ နောက်ဆက်တွဲအကျိုး သက်ရောက်မှုတွေက ဒီလို ဆင့်ကဲဖြစ်ကုန်တာ သူတို့အားလုံး တွေးမိကြလိမ့်မယ်လို့ ထင်တယ်ဗျ။"

စစ်ကောင်စီကတော့ သူတို့လက်ထက်မှာ သင်္ကြန်ပွဲတော်ကို စည်စည်ကားကားကျင်းပတယ်ဆိုတာ ပြသနိုင်ဖို့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့မြို့ကြီးတွေမှာ မဏ္ဍပ်ကြီးတွေထိုးပြီး ဖျော်ဖြေ ရေကစားပွဲတွေလုပ်နေပါတယ်။ ဒါပေမဲ့လည်း အဲဒီပွဲတွေမှာ ပါဝင်သူ သိသိသာသာနည်းပါးလှပါတယ်။ အဲဒီလို ရေကစားမဏ္ဍပ်ကြီးတွေနားမှာလည်း ပေါက်ကွဲမှုတွေ ရှိပါတယ်။ ဒီနေ့ သင်္ကြန်အကြတ်နေ့မှာပဲ ဧရာဝတီတိုင်း မအူပင်မြို့က စစ်ကောင်စီရဲ့ ရေကစားမဏ္ဍပ်မှာ ပေါက်ကွဲမှုဖြစ်ခဲ့သလို၊ မန္တလေးမြို့မှာ သင်္ကြန်ပွဲတော်ကျင်းပနေတဲ့ ဘားတခုမှာလည်း ပေါက်ကွဲမှုတခု ဖြစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]














============

XS
SM
MD
LG