သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းတနှစ်ပြည့် မြန်မာ့အခြေအနေ ကန်အောက်လွှတ်တော် ကြားနာပွဲကျင်းပ 


US Congress
US Congress


[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့ တနှစ်တာကာလအတွင်း အပြစ်မဲ့ ပြည်သူတွေအပေါ် မြန်မာစစ်တပ်ရဲ့ ကျူးလွန်ခဲ့မှုတွေဟာ ရေတွက်လို့မရနိုင်အောင် ကြီးမားကျယ်ပြန့်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ အကြီးတန်း ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kim Moy ဒီကနေ့ အောက်လွှတ်တော်မှာ ထွက်ဆိုဖို့အတွက် ပြင်ဆင်ထားတဲ့ မူကြမ်းထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန်အောက်လွှတ်တော်၊ အာရှ၊ ပစိဖိတ်၊ ဗဟိုအာရှဒေသများနဲ့ လက်နက်မပြန့်ပွားရေးဆိုင်ရာ ဆပ်ကော်မတီမှာ “မြန်မာ့အကျပ်အတည်း၊ စစ်အာဏာသိမ်း တနှစ်ပြည့်ပြီးနောက်” လို့ဆိုရမယ့် ခေါင်းစဉ်နဲ့ မြန်မာ့အရေး ကြားနာပွဲတရပ် လုပ်နေပြီး အကြီးတန်း ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kim Moy နဲ့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာအေဂျင်စီ (USAID) ဒုတိယအကြီးအကဲ Craig Hart တို့ တင်ပြ ပြောဆိုကြပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့လက်ချက်ကြောင့် ကလေးငယ် ၁၁၇ ဦး အပါအဝင် သေဆုံးခဲ့တယ်လို့ အတည်ပြုနိုင်သူ ၁,၅၀၀ ကျော် ရှိခဲ့ပြီး ဖမ်းဆီးခံခဲ့ရသူ ၁၂,၀၀၀ ဦး ရှိခဲ့တာမှာ ၉၀၀ ဟာ အခုထိ ထိန်းသိမ်းခံထားကြရဆဲဖြစ်တယ်လို့ ဒုလက်ထောက်ဝန်ကြီး Kim Moy က မြန်မာစစ်တပ်ရဲ့ ရက်စက်မှုတွေကို ဥပမာပေးထားပါတယ်။ ဒါ့အပြင် ဖမ်းဆီး ထိန်းသိမ်းထားသူတွေကို ညှဉ်းပန်း နှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေ စစ်တပ်က ကျူးလွန်ခဲ့တယ်ဆိုတဲ့ သတင်းတွေ အများအပြား ကြားသိရတယ်လို့လည်း ပြောထားပါတယ်။

(USAID) ဒုတိယအကြီးအကဲ Craig Hart ကလည်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်တဲ့အတွက် မြန်မာပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ထိခိုက်ပျက်စီးခဲ့သလို တိုင်းပြည်ရဲ့ ဖွံ့ဖြိုးရေးအစီအစဉ်တွေကိုလည်း ခြိမ်းချောက်လာနေတယ် လို့ ပြောထားပါတယ်။

ဒါ့အပြင် စစ်တပ်က အာဏာသိမ်းလိုက်ပေမယ့် အမေရိကန် ဒေါ်လာ ၄၂.၄ သန်းကို မြန်မာပြည်သူတွေအတွက် အကျိုးရှိစေမယ့် အရပ်ဘက်အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ သူတို့နဲ့ လုပ်ငန်း သဘောသဘာဝတူညီတဲ့ တခြား အဖွဲ့အစည်းတွေကတဆင့် USAID အနေနဲ့ အာဏာသိမ်းပြီး ၁၀ ရက်အကြာမှာ ကူညီ ထောက်ပံ့ပေးခဲ့ကြောင်း၊ အဲဒီ အကူအညီ တွေဟာ စစ်တပ်လက်ထဲကို ပေးခဲ့ခြင်းမဟုတ်ကြောင်း USAID ဒုတိယအကြီးအကဲကပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်၊ ဖမ်းဆီးမှုတွေ ရှိခဲ့တာတွေကို သူကပြောထားသလို မြန်မာနိုင်ငံဟာ လူဦးရေအချိုးအစားအရ ကိုဗစ်-19 ကာကွယ်ဆေး ထိုးပေးနိုင်မှု အနည်းဆုံးနိုင်ငံဖြစ်တယ်ဆိုတာကိုလည်း ထည်းသွင်း ပြောဆိုထားပါတယ်။

#MyanmarMilitaryCoup #USCongress #KimMoy #CraigHart #voaburmese #စစ်အာဏာသိမ်းမှု #အောက်လွှတ်တော် #ဗွီအိုအေမြန်မာပိုင်း
==============

တိုက်ရိုက် လင့်ခ်

[[Unicode]]








==============

XS
SM
MD
LG