သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝပြည်နယ်ထားရှိရေး စစ်ကောင်စီနဲ့ UWSA ဆွေးနွေး


စစ်ကောင်စီနဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP နှစ်ဘက်ကြား သုံးရက်ကြာ တွေ့ဆုံဆွေးနွေးပွဲ (မေ ၃၁၊ ၂၀၂၂/ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေး)
စစ်ကောင်စီနဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP နှစ်ဘက်ကြား သုံးရက်ကြာ တွေ့ဆုံဆွေးနွေးပွဲ (မေ ၃၁၊ ၂၀၂၂/ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေး)

[[Zawgyi/Unicode]]

စစ်ကောင်စီနဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP နှစ်ဘက်ကြား သုံးရက်ကြာ တွေ့ဆုံဆွေးနွေးမှုတွေမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အရေးကို အဓိက ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ မြန်မာပြည်ရဲ့ပဋိပက္ခကို ဖြေရှင်းရာမှာ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့နဲ့ ပါဝင်သင့် ပါဝင်ထိုက်သူအားလုံးပါဝင်ဖို့ကို UWSP ဘက်က တင်ပြခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့သတင်း ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ကိုယ်စားလှယ်အဖွဲ့ဟာ တနင်္လာနေ့တုန်းက စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ကနဦး တွေ့ဆုံဆွေးနွေးပြီး နောက် နှစ်ရက်မှာတော့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ တွေ့ဆုံခဲ့တာပါ။ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်စနစ်အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးမှာ သဘောတူညီခဲ့ကြတယ်လို့ ဆွေးနွေးပွဲကို ပါဝင်တက်ရောက်ခဲ့တဲ့ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက VOA ကို အခုလို ပြောပါတယ်။

“ကျနော်တို့ ဒီတွေ့ဆုံတဲ့အချိန်မှာပေါ့နော်။ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကျနော်တို့ ဆွေးနွေးခဲ့တယ်ပေါ့။ အဲဒီအချက်နဲ့ပတ်သက်ပြီးမှ ကျနော်တို့လည်း သဘောတူပါတယ်။ ထောက်ခံပါတယ်နော်။ တိုင်းရင်းသားပေါင်းစုံနဲ့ ပြည်သူတရပ်လုံးတောင်းဆိုနေတဲ့ အရာလည်း ဖြစ်တယ်လေ နော။”

UWSP ကိုယ်စားလှယ်အဖွဲ့ဟာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တနင်္လာနေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အင်္ဂါနေ့မှာတော့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တင်ပြဆွေးနွေးခဲ့တာတွေကို ပြန်လည်ထုတ်ပြန်ပါတယ်။ ဒီထုတ်ပြန်ချက်ထဲ ဘယ်အစိုးရတက်တက် ဗမာတိုင်းရင်းသားတွေရဲ့ အတွင်းရေးကိစ္စဖြစ်ပြီး ဘယ်ဘက်ကိုမှ မပါဘူးလို့ ရေးထားသလို UWSA အနေနဲ့ နိုင်ငံတော်ကနေ ခွဲထွက်ခြင်း လုံးဝလုပ်မှာမဟုတ်ဘူးလို့လည်း ကတိပေးထားပါတယ်။ မြန်မာပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး သက်ဆိုင်သူတွေ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့လည်း တိုက်တွန်းထားတယ်လို့ ဦးညီရမ်းက ပြောပါတယ်။

“တပြည်လုံးအရေးဖြစ်တဲ့အခါကျတော့ ပါဝင်သင့်ပါဝင်ထိုက်တဲ့သူတွေအားလုံး ပါဝင်နိုင်ရင်တော့ အကောင်းဆုံးပေါ့နော်။ ပိုပြီးတော့ ထိရောက်မယ်လို့တော့ ယုံကြည်ပါတယ်နော်။”

ဆွေးနွေးပွဲအတွင်း ဝပြည်နယ်တည်ထောင်ဖို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း ပြောပါတယ်။

“တခြားတိုင်းရင်းသားပြည်နယ်နဲ့ အဆင့်အတန်းတူတဲ့ ဝ ပြည်နယ်တည်ထောင်ဖို့အတွက်ဆိုတာလည်း ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။ ဒါကလည်း ကျနော်တို့ အစဉ်တစိုက် တောင်းဆိုလာခဲ့တဲ့ တောင်းဆိုချက်ပဲ။ နိုင်ငံရေးရည်မှန်းချက် တခုပဲနော်။ ကျနော်တို့ ရဲ့ တောင်းဆိုချက်တွေကို နစကဘက်ကလည်း ဂရုတစိုက်နဲ့ နားထောင်တာတော့ ရှိတယ်ပေါ့နော်။”

UWSP ရဲ့ သဘောထားထုတ်ပြန်ချက်မှာတော့ နိုင်ငံတော်ကခွဲထွက်မှာမဟုတ်ကြောင်းနဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ သံတမန်ရေးရာကလွဲလို့ ကျန်ကဏ္ဍတွေကို UWSP က စီမံအုပ်ချုပ်မှာဖြစ်ကြောင်းလည်း ပါဝင်ပါတယ်။

UWSP ရဲ့တောင်းဆိုချက်တွေအပေါ်မှာ စစ်ကောင်စီဘက်က သဘောထားကိုတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုထားပါတယ်။

“ကျနော်တို့အနေနဲ့က ဝ ကိစ္စနဲ့ပတ်သက်လာပြီးရင် မူဝါဒအားဖြင့်က ကျနော်တို့က တောင်းဆိုတဲ့ဟာပေါ့နော်။ မူဝါဒအားဖြင့်က ကျနော်တို့ ခုလို ပုံစံမျိုး၊ ဒါထက်မြင့်တဲ့ပုံစံမျိုး၊ ပေးနိုင်ဖို့အတွက် ယေဘုယျ မူဝါဒအားဖြင့်က ရှိပြီးဖြစ်ပါတယ်။ အဲဒီတခုတည်းမှ မဟုတ်ပါဘူး။ ကျန်တဲ့ ပြည်နယ်နဲ့တိုင်းတွေမှာလည်း ကျန်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း ယခုထက် ပိုမိုပြီးကျ ဆောင်ရွက်ခွင့်ပေါ့။ ဆောင်ရွက်ခွင့်၊ ပြဌာန်းခွင့်တွေကိုပေးဖို့အတွက် မူဝါဒအားဖြင့် သဘောတူညီပြီးဖြစ်ပါတယ်။”

ဆက်လက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါအချက်တွေအတိုင်း ဆောင်ရွက်မှာဖြစ်ကြောင်းနဲ့ ပါတီစုံဒီမိုကရေစီစနစ်၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး စတဲ့ မူဘောင်တွေကို အခြေခံပြီး လုပ်ဆောင်လို့ရသမျှကို မူဝါဒအရ လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း ထည့်သွင်း ပြောဆိုထားပါတယ်။ လွန်ခဲ့တဲ့ရက်တွေကတော့ စစ်ကောင်စီဥက္ကဋ္ဌနဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ဟာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS၊ မွန်ပြည်သစ်ပါတီ NMSP နဲ့ ကရင် ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC တို့ တွေ့ဆုံထားပါတယ်။ စစ်ကောင်စီဥက္ကဋ္ဌရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကမ်းလှမ်းချက်အပေါ် ဝပြည်သွေးစည်းရေးအဖွဲ့အပါအဝင် အဖွဲ့အစည်း ၁၀ ဖွဲ့က လတ်တလော လက်ခံထားပါတယ်။

တိုက်ရိုက် လင့်ခ်

==========

[[Unicode]]













==========

XS
SM
MD
LG