သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်သုံးဆီဆိုင်အများစု အလုံအလောက်ရောင်းချဖို့ အခက်ကြုံနေဆဲ


ဧပြီလ ၁၉ ရက်၊ စက်သုံးဆီရဖို့ စောင့်ဆိုင်းတန်းစီနေတဲ့ ကားတန်းကို တွေ့ရစဉ်။ (ဓာတ်ပုံ-နေမျိုးလင်း)
ဧပြီလ ၁၉ ရက်၊ စက်သုံးဆီရဖို့ စောင့်ဆိုင်းတန်းစီနေတဲ့ ကားတန်းကို တွေ့ရစဉ်။ (ဓာတ်ပုံ-နေမျိုးလင်း)


[[Zawgyi/Unicode]]

စက်သုံးဆီဆိုင်တွေမှာ ဆီကို လိုသလောက်ဝယ်လို့ရနေတယ်လို့ စစ်ကောင်စီက အင်္ဂါနေ့ညနေပိုင်းက သတင်းထုတ်ပြန်ခဲ့ပေမယ့် မြို့ကြီးတွေက ဆီဆိုင်အများစုမှာ အကန့်အသတ်နဲ့ပဲ ရောင်းချနေတုန်းဖြစ်ပါတယ်။ ဓာတ်ဆီဈေးကလည်း သင်္ကြန်နောက်ပိုင်းမှာ တလီတာကို ပျမ်းမျှကျပ် ၂,၀၀၀ ဝန်းကျင်ပေးဝယ်နေရပြီး တက္ကစီယာဉ်မောင်းတွေလို နေ့တိုင်း ဆီဝယ်ယူနေရတဲ့သူတွေအဖို့ အခက်အခဲတွေ ရှိနေပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

နေ့စဉ်သုံး စက်သုံးဆီဝယ်ယူမှု အကျပ်အတည်းဖြစ်လာတဲ့နောက် ပြည်တွင်းမှာ စက်သုံးဆီအလုံအလောက်ရှိပြီး ပြတ်လပ်မှုလုံးဝမဖြစ်နိုင်ဘူးလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဆီဆိုင်တွေကလည်း လိုသလောက်ရောင်းချပေးမယ်လို့ စာတွေ အသီးသီးထုတ်ပြန်ခဲ့ပေမယ့် ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြို့ကြီးတွေက စက်သုံးဆီဆိုင်တချို့မှာ ဒီနေ့အထိ အကန့်အသတ်နဲ့ ရောင်းချနေရတုန်း ဖြစ်ပါတယ်။ မနက်ပိုင်းတုန်းက စက်သုံးဆီဆိုင်တချို့ လိုသလောက်ရောင်းချပေးခဲ့ပေမယ့် နောက်ပိုင်း ဆီပြတ်ပြီး ဆိုင်ပိတ်သွားတာတွေရှိပါတယ်။ ဒါပေမယ့် ရန်ကုန်က တချို့ဆိုင်တွေမှာတော့ ဆီလက်ကျန်မရှိလို့ မရောင်းပေးတဲ့ဆိုင်တွေ ရှိတယ်လို့ ဆီငါးသောင်းဖိုးရဖို့ ဆိုင်သုံးလေးဆိုင်မှာ လှည့်ပတ်ဝယ်ခဲ့တဲ့ တက္ကစီ ယာဉ်မောင်းတဦးက ပြောပါတယ်။

"ကျနော်ကိုယ်တိုင် တညင်းကုန်းအကျော်က ဂတ်စ်ဆိုင်ရှေ့ကဆိုင်မှာ သွားထည့် တယ်။ မယုံလို့ဆိုပြီးတော့ ကျနော်တို့သွားထည့်တယ်။ ထည့်တဲ့အချိန်မှာ 92 နဲ့ 95 ဆိုရင် မရပါဘူးဆိုပြီး ကုန်သွားပါပြီ၊ ဒီအတိုင်းပြောလိုက်တယ်။ ၁၂ နာရီ ၁၅ မိနစ်ကပါ။ ကားနည်းတဲ့ဆိုင်မှန်သမျှ ကျနော်တို့ ဝင်ထိုးရတယ်။ ကျနော်တို့ကားတွေကျ အခက်အခဲရှိတာပေါ့။"

ဆီလက်ကျန်ပြတ်သွားလို့ ဆိုင်ပိတ်ခဲ့ရရင် တာဝန်ရှိသူတွေ ခေါ်ယူမေးမြန်းမှာစိုးတာကြောင့် ဆိုင်အများစုကတော့ ထိန်းပြီးရောင်းနေကြတယ်လို့ ဆီဆိုင်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

မန္တလေးအပါအဝင် တခြားမြို့တွေက ဆိုင်တွေမှာလည်း မနေ့ကလောက် တိုးကြိတ်တာတွေ မရှိပေမဲ့လည်း ဓာတ်ဆီ၊ ဒီဇယ်ဈေးတွေကတော့ သင်္ကြန်အပြီးမှာ ထပ်ပြီး တက်လာပါတယ်။ ပရီမီယံဒီဇယ် တပီပါကို သင်္ကြန်မတိုင်ခင်က ဈေးထက် သင်္ကြန်အပြီးမှာ ကျပ် ၂၀၀,၀၀၀ (နှစ်သိန်း) နီးပါးလောက် ဈေးတက်လာတယ်လို့ မန္တလေးက စက်သုံးဆီလုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

"လက်ကားဈေးက ပိုမြောက်သွားတယ် ၅၈၀,၀၀၀၊ ၆၀၀,၀၀၀ ပတ်ချာလည်ကို ကြိုက်ရောင်းကြိုက်ဝယ်တွေ ရောက်သွားတယ်။ သင်္ကြန်မတိုင်ခင်က ဆီတပီပါကို ၄၂၀,၀၀၀ လောက်ပဲရှိတာ။ အောက်တိန်းဆိုရင် ၅၁၀,၀၀၀ လောက်ကို ရောက် သွားတယ်။ တော်တော်ကွာသွားတယ်။ ဒီနေ့ တချို့ဆိုင်ကြီးတွေက ပိတ်သွားတယ်၊ ဒါပေမဲ့ ကျနော်တို့ကတော့ မပိတ်ဘူး။ ဆီပြတ်တဲ့အထိ ရောင်းလိုက်တယ်။"

ဓာတ်ဆီကို လိုသလောက်ဝယ်လို့မရသေးတာဟာ တက္ကစီလုပ်ငန်းတွေလို နေ့တိုင်း မရှိမဖြစ် ဓာတ်ဆီသုံးရတဲ့ လုပ်ငန်းတွေအတွက် အခက်အခဲရှိပါတယ်။ တက္ကစီယာဉ်စီးခနှုန်းတွေလည်း ဒီရက်ပိုင်းထဲမှာ ပိုပြီးယူနေရတယ်လို့ ရန်ကုန်က တက္ကစီယာဉ်မောင်းတဦးက ပြောပါတယ်။

ရန်ကုန်နဲ့ မန္တလေးက စက်သုံးဆီအခြေအနေတွေကို အကဲခတ်ပြီး ဝေးလံခေါင် ဖျား ဒေသတွေက ဆီဆိုင်တွေလည်း အကန့်အသတ်နဲ့ပဲ ထိန်းပြီးရောင်းချကြပါတယ်။ စက်သုံးဆီတင်သွင်းတဲ့ လုပ်ငန်းရှင်တချို့ကတော့ ပြည်ပကနေ ဆီတင်သွင်းဖို့အတွက် သူတို့လက်ထဲမှာ ဒေါ်လာငွေအလုံအလောက် မရှိတာကြောင့်လို့ ဗွီအိုအေပြောပါတယ်။ စက်သုံးဆီဈေးတက်ပြီး လိုသလောက်မပေးနိုင်တာဟာ ပြည်တွင်းမှာ ဒေါ်လာရှားပါးတာကြောင့် လုပ်ငန်းရှင်တွေက ပြောပေမယ့် ဒီလိုပြောတာတွေဟာ ကောလာဟလတွေသာဖြစ်ပြီး စက်သုံးဆီဈေး တည်ငြိမ်ဖို့အတွက် ဒေါ်လာတွေ ရောင်းချပေးထာတာရှိကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။ ဒါ့အပြင် စက်သုံးဆီလုပ်ငန်းရှင်တွေကိုလည်း တာဝန်ရှိသူတွေက မနေ့က ခေါ်ယူတွေ့ဆုံပြီး၊ စက်သုံးဆီ ဝယ်ယူဖြန့်ဖြူရေးအတွက် ညှိုနှိုင်းဆွေးနွေးခဲ့တယ်လို့ မြန်မာစစ်ကောင်စီသတင်းတွေမှာ ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

=============
[[Unicode]]









=============

XS
SM
MD
LG