သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်ရောင်းဝယ်မှုက မြန်မာစစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ အကျိုးဖြစ်နေကြောင်း ICG ပြော


နိုင်ငံတကာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ရန်ကုန်မြို့မှာ မီးရှို့ ဖျက်ဆီးနေတဲ့ သိမ်းဆည်းရမိထားတဲ့ မူးယစ်ဆေးဝါးများ။ (ဇွန်လ ၂၆၊ ၂၀၁၇)
နိုင်ငံတကာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ရန်ကုန်မြို့မှာ မီးရှို့ ဖျက်ဆီးနေတဲ့ သိမ်းဆည်းရမိထားတဲ့ မူးယစ်ဆေးဝါးများ။ (ဇွန်လ ၂၆၊ ၂၀၁၇)

မြန်မာနိုင်ငံ ရှမ်းပြည်နယ်ဟာ ကမ္ဘာတဝှမ်းမှာ မက်သာဖက်တမင်း မူးယစ်ဆေးဝါးအဓိက ဖြန့်ဖြူးထုတ်လုပ်တဲ့ အကြီးမားဆုံး ဗဟိုအချက်အချာနေရာ ဖြစ်လာနေပြီး ဆိုးကျိူးရလာဒ်အဖြစ် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အန္တရာယ်ပြုနေကြောင်း Brussels အခြေစိုက် ICG နိုင်ငံတကာပဋိပက္ခလေ့လာရေး အဖွဲ့ရဲ့ အင်္ဂါနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာအသစ်မှာ သတိပေးပြောဆိုလိုက်ပါတယ်။

မဲခေါင်ဒေသတွင်း တနှစ်ကို အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံဖိုးရှိနေတဲ့ မူးယစ်ဆေးဝါးရောင်း ဝယ်မှုကနေ မြန်မာစစ်တပ်နဲ့ မဟာမိတ် ပြည်သူ့စစ် လက်နက်ကိုင် အုပ်စုငယ်တွေသာမက အစိုးရမဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့ငယ်တွေက အကျိုးအမြတ်တွေကို ရရှိနေကြောင်း ICG အစီရင်ခံစာက ထောက်ပြထားပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ဆက်မှာပါ။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၇၀ နီးပါးရှိလာနေတဲ့ ပြည်တွင်းစစ် အကျိုးဆက်အဖြစ် ရှမ်းပြည်နယ်မှာ မက်သာဖက်တမင်း ပုံဆောင်ခဲ အိုက်စ် Ice ထုတ်လုပ်မှုဟာ ကမ္ဘာမှာ အကြီးဆုံး ဗဟိုချက်တခုဖြစ်နေကြောင်း Fire and Ice ဆိုတဲ့ခေါင်းစဉ်နဲ့ ရှမ်းပြည်နယ်က ပဋိပက္ခနဲ့ မူးယစ်ဆေးပြဿနာများဆိုပြီး စစ်တမ်းကောက်ယူ ပြုစုရေးသားထားတဲ့ ICG ရဲ့ အစီရင်ခံစာမှာ သတိပေးထားတာပါ။

ဒီမူးယစ်ဆေး ထုတ်လုပ်မှုတွေရှိနေတဲ့နေရာတွေဟာ မြန်မာတပ်မတော်နဲ့ မဟာမိတ်ဖြစ်နေတဲ့ ပြည်သူ့စစ်တွေနဲ့ လက်နက်ကိုင်အုပ်စုငယ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ၊ နောက်ပြီး အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာဖြစ်နေတယ်လို့ ထောက်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးထုတ်လုပ်၊ ရောင်းဝယ်မှုတွေကို နှိမ်နင်းဖို့ အဓိက ခက်ခဲတဲ့အကြောင်းအရင်းတွေထဲမှာ သူတို့ သြဇာအာဏာလွှမ်းမိုးထားတဲ့ နယ်စပ်ဒေသက ပြည်သူ့စစ်တွေနဲ့ လက်နက်ကိုင်အုပ်စုငယ်တွေဆီကနေ အကျိုးအမြတ်ရနေတဲ့ မြန်မာတပ်မတော်က ဒီအဖွဲ့တွေဆက်ပြီး ရပ်တည်နိုင်ရေး ပိုပြီးလိုလားနေတာကြောင့် ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ သျှမ်းသံတော်ဆင့်သတင်းဌာန အယ်ဒီတာဟောင်း ဦးခွန်ဆိုင်းကတော့ ဒီအစီရင်ခံစာပါ အချက်တွေဟာ ယေဘုယျအားဖြင့် မှန်ကန်ကြောင်း ဗွီအိုအေကို အခုလို ပြောပါတယ်။

"အစိုးရဘက်ကတော့ တော်လှန်ရေးအဖွဲ့အစည်းတွေကို နှိပ်ကွက်ဖို့ဆိုပြီးတော့ သူကလည်း အင်အားလိုတယ်။ ဆိုတော့ ဘာလုပ်လည်း နံပတ်၁ ကတော့ သူ့ဘက်ကို ပါနိုင်မယ့်အင်အားစုတွေကို သူက ဆွဲသွင်းတာပေါ့ ၊ ဆွဲသွင်းပြီးတော့ ကျနော့်ဘက်ပါတယ်ဆိုရင် ခင်ဗျားတို့က ပါဝင်ပတ်သက်လို့ရတယ်ဆိုတဲ့ အခွင့်အရေးမျိုးပေးခဲ့တဲ့အခါကျတော့ ဒီအစိုးရဘက်ကို ဝင်လာတဲ့ ပြည်သူ့စစ်တွေရှိလာတယ်။ နောက်ပြီးတော့ အပစ်ရပ်တွေရှိလာတယ်။ အရင်က အပစ်ရပ်အဖွဲ့တွေပေ့ါခင်ဗျ ။ အဲလိုမျိုးဖြစ်လာတဲ့အခါကျတော့ အစိုးရကလည်း ပတ်သက်လာတာပေါ့။ အဲဒီတော့ ထွက်လာတဲ့ အစီရင်ခံစာဟာ ယေဘုယျအားဖြင့် မှန်ကန်တယ်လို့ ကျနော်တို့ သုံးသပ်နိုင်တာပေါ့နော်။ အရေးကြီးတာကတော့ ဒီအခြေအနေကို ဘယ်လို ကျနော်တို့ ကျော်လွှားမလဲဆိုတာကို ငြိမ်းချမ်းရေးကို လိုလားသူတိုင်း အားလုံး ဝိုင်းဝန်း စဉ်းစားပြီးတော့ ပိုကောင်းအောင်လုပ်ရမယ့် အခြေအနေဖြစ်တယ်။"

ICG ရဲ့ ၃၆ မျက်နှာပါ အစီရင်ခံစာရဲ့ အကြံပြုချက်ထဲမှာလည်း မြန်မာ တပ်မတော်အနေနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ ပြည်သူ့စစ်တွေ၊ လက်နက်ကိုင်အုပ်စုငယ်တွေကို ပိုပြီးကန့်သတ်မှုတွေ ပြုလုပ်သင့်ပြီး နောက်ပိုင်း တဖြေးဖြေးနဲ့ ဒီအဖွဲ့တွေကို ဖြုတ်သိမ်းတဲ့ အထိ ရည်ရွယ်လုပ်ဆောင်သင့်တယ်လို့ အကြံပြုထားပါတယ်။ ဒီအပေါ်မှာ ဦးခွန်ဆိုင်းရဲ့ အမြင်ကတော့-

"တဖက်က ကြည့်ရင် ကျနော်တို့ ဟုတ်ပါတယ် ဒါလိုအပ်ပါတယ်။ နောက်တဖက်ကကြည့် မယ်ဆိုရင်လည်း ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်းကြည့်ဖို့လိုပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကြည့်ဖို့လိုတယ်ဆိုတာ ဘာလဲဆိုတော့ ငြိမ်းချမ်းရေး သဘောတူညီချက်တွေရအောင် ဘယ်လိုလုပ်မလဲဆိုတာ တကယ်တော့ငြိမ်းချမ်းရေးသဘောတူညီချက်တွေရတယ်ဆိုရင် အစိုးရက လည်း ဒီတော်လှန်ရေးအဖွဲ့အစည်းတွေကို သူက ရန်သူလို့ သဘောထားစရာမလိုတော့ဘူး ။ ဒီတော်လှန်ရေးအဖွဲ့အစည်းတွေကလည်း အစိုးရကို ရန်သူလို့ သဘောထားစရာမလိုတော့ဘူး။ အဲဒီအချိန်မှာဆိုရင် ဒီပြည်သူ့စစ်တွေရဲ့ ကဏ္ဍကလည်း လျော့ကျသွားမယ် အခုဖြစ်နေတာတွေ။ ဒီလိုမျိုး လျော့ကျသွားမယ်ဆိုရင် တဖက်က ထိန်းသိမ်းနိုင်မှာဖြစ်တယ် ဒီလို ထိန်းသိမ်းတဲ့ နေရာမှာလည်း ကျနော်တို့က ဒီလိုဖွံ့ဖြိုးရေးတို့ drug enforcement တို့နဲ့ ထိန်းသိမ်းရမှာပေါ့ ။ ချက်ချင်း ငြိမ်းချမ်းရေးရလို့တော့ တခါတည်းပျောက်သွားမှာတော့ မဟုတ်ဘူး ပေါ့ဗျာ။"

ဇန်နဝါရီလ ၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အဲဒီအစီရင်ခံစာမှာ အန်ဖက်တမင်းဆေးပြား၊ ဘိန်းဖြူတွေနဲ့ အိုက်စ် ရောင်းဝယ်မှုကနေ အလွန်ကြီးမားတဲ့ အမြတ်အစွန်းရရှိနေတာကြောင့် ရှမ်းပြည်နယ်ရဲ့ နိုင်ငံရေး၊ စီးပွားရေးကဏ္ဍာမှာ အသက်သွေးကြောဖြစ်လာတဲ့ အဆင့်ထိ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။ အကျိုးဆက်တွေအဖြစ် ဥပဒေနဲ့ ငြိစွန်းတဲ့ ပစ်မှု ကျူးလွန်မှုတွေ၊ အဂတိလိုက်စားမှုတွေ ပိုမိုဖြစ်ပေါ်စေတယ်လို့ ဖေါ်ပြထားပါတယ်။

မူးယစ်ဆေးရောင်းဝယ်မှုဟာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အန္တရာယ်ပြုနေသလို နှစ်ပေါင်းကြာရှည်နေတဲ့ တိုင်းရင်းသား ပဋိပက္ခချုပ်ငြိမ်းဖို့ ကြိုးပမ်းချက်တွေကိုလည်း နှောင့်နှေးစေတယ်လို့ ဆိုပါတယ်။ ဥပမာ-၂၀၁၈ ဇန်နဝါရီလက မြောက်ပိုင်းရှမ်းပြည်နယ်မှာ ပျက်စီးနေတဲ့ အိမ်တအိမ်ကိုရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ရှာဖွေရာမှာ အန်ဖက်တမင်းဆေးပြားတွေနဲ့ ဘိန်းဖြူ တန်ဖိုးပေါင်း အမေရိကန်ဒေါ်လာ ၅၄ သန်းဖိုး သိမ်းဆည်းရမိခဲ့တဲ့ဖြစ်ရပ် ဆိုရင် တရုတ်-မြန်မာနယ်စပ် မူဆယ် လမ်းမကြီးပေါ်က အိမ်တအိမ်ဖြစ်ကြောင်းနဲ့ နောက်ဆက်တွဲ ဘယ်သူတွေကို ဖမ်းဆီးမိသလဲ၊ ဘယ်သူတွေရဲ့ လက်ချက်လဲဆိုတာလည်း ရဲတပ်ဖွဲ့ဘက်က လုပ်ဆောင်နိုင်ခြင်း မရှိဘူးလို့ အစီရင်ခံစာမှာ ရေးထားပါတယ်။ အဲဒီနေရာဟာ မြန်မာစစ်တပ်နဲ့ နှစ်ပေါင်း ၂၈နှစ်နီးပါး အပစ်အခတ်ရပ်စဲထားတဲ့ ပြည်သူ့စစ် လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ထားတဲ့နေရာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလောက် ပမာဏများပြားတဲ့ မူးယစ်ဆေးတွေ ဖမ်းဆီးရမိခဲ့တာကို အရေးမယူနိုင်တဲ့ ဖြစ်ရပ်ဟာ မြန်မာစစ်တပ်နဲ့ ပြည်သူ့စစ်လက်နက်ကိုင်အဖွဲ့ကြား အပေးအယူရှိနိုင်တယ်ဆိုတာကို ပြနေတယ်လို့ အစီရင်ခံစာက ထောက်ပြထားပါတယ်။

မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကို အဓိကနှိမ်နင်းနိုင်ဖို့ မြန်မာအစိုးရ ဘက်က အဓိကလုပ်ဆောင်သင့်တဲ့ အရာကတော့ သုံးစွဲသူတွေ၊ အသေးစားရောင်းချနေသူတွေကို အရေးယူ အာရုံစိုက်လုပ်ဆောင်နေတာတွေကို ရပ်သင့်ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းပြီး မူးယစ်ဆေးဝါး ကုန်သွယ်မှုကနေ အမြတ်ရနေတဲ့ အဓိက ကွန်ရက်တွေ၊ အုပ်စုတွကို မဟာဗျူဟာ ကျကျ ဖြတ်တောက် လုပ်ဆောင်သင့်တယ်လို့ ICG အစီရင်ခံစာက တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG