သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရနောင်း-ကော့သောင်းနယ်စပ်ဂိတ် ပြန်ဖွင့်


ထိုင်း-မြန်မာနယ်စပ် ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ် Border Pass (ဓာတ်ပုံ-မဝေ)
ထိုင်း-မြန်မာနယ်စပ် ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ် Border Pass (ဓာတ်ပုံ-မဝေ)


[[Zawgyi/Unicode]]


ကိုဗစ်ကပ်ဘေးကြောင့်၂ နှစ်ကျော်ကြာ ပိတ်ထားတဲ့ ထိုင်း-မြန်မာနယ်စပ် ရနောင်း-ကော့သောင်းနယ်စပ်ဂိတ်ကို ဇွန်လ ၆ ရက်နေ့ကစပြီး တရားဝင်ပြန်ဖွင့်ခဲ့ပါပြီ။ လောလောဆယ်မှာတော့ မြန်မာဘက်ခြမ်းကနေ ထိုင်းဘက်ခြမ်းကို နယ်စပ်ဖြတ်ကျော်လက်မှတ်ဖြစ်တဲ့ Border Pass (ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ်) နဲ့ သွားရောက်အလုပ်လုပ်ကိုင်တာဈေးရောင်းဈေးဝယ်လုပ်တာတွေ ပြန်လည် လုပ်ကိုင်နိုင်ပြီဖြစ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကိုဗစ်ကပ်ဘေးကြောင့်၂ နှစ်ကျော်ကြာပိတ်ထားတဲ့ ထိုင်းမြန်မာနယ်စပ် ရနောင်းကော့သောင်း နယ်စပ်ဂိတ်ကို ဇွန်လ ၆ ရက်နေ့ကစပြီး တရားဝင် ပြန်ဖွင့်ခဲ့တာကြောင့် မြန်မာနိုင်ငံဘက်ကနေ ထိုင်းနိုင်ငံထဲကို သွားရောက်အလုပ်လုပ်ကိုင်လိုသူတွေ၊ ဈေးရောင်းတဲ့သူတွေ၊ သွားရောက်လည်ပတ်လိုသူတွေဟာ Border Pass (ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ်) လုပ်ပြီး သွားလာလို့ရပြီဖြစ်ပါတယ်။ အခုဇွန်လ ၆ ရက်နေ့ကနေ တရားဝင်သွားလာခွင့်ပြုလိုက်တာဖြစ်ကြောင်း ကော့သောင်းမြို့ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ရွှေ့ပြောင်းအလုပ်သမားအရင်းအမြစ်စင်တာက ဝန်ထမ်း ကိုပီတာက အခုလိုပြောပြပါတယ်။

“၆ ရက်နေ့က BP စာအုပ်တွေနဲ့ နယ်စပ်ဖြတ်ကျော်ခွင့် တရားဝင် သွားလာခွင့်ပေးတယ်။ Border Pass (ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ်) စာအုပ်အပြာရောင်ပေါ့။ များသောအားဖြင့် ဒီနေ့သွားလာတာကတော့ ငါးရောင်းတဲ့သူတွေ သွားတယ်။ နေ့ချင်းပြန်သွားတာပေါ့။ မြန်မာဘက်ကဘောတံတားကနေပဲ သွားတာ။ အခုက လဝကမှာ တုံးထုပြီးတော့ ပဲ့ချိတ်လေးတွေနဲ့ သွားကြတယ်။”

အခုဆိုရင် နေ့စဉ် ရာဂဏန်းလောက် ထိုင်းဘက်ခြမ်း ရနောင်းဘက်ကို သွားလာတာတွေရှိနေပေမယ့် ထိုင်းဘက်ကနေ မြန်မာဘက်ကိုလာရောက်တာတွေတော့ မရရှိသေးဘူးလို့လည်း ကိုပီတာကပြောပါတယ်။

“ရာဂဏန်းလောက်ရှိတယ်။ တနေ့ကို နှစ်ရာ သုံးရာလောက်ရှိတယ်။ လဝက ရုံးတွေမှာ BP စာအုပ်တွေလုပ်တဲ့သူတွေကလည်း တိုးကြိတ်ပြီးလုပ်နေကြတယ်။ နယ်စပ်ဂိတ်ပြန်ဖွင့်တယ်ဆိုတော့ ဈေးဝယ်သွားတဲ့လူတွေကလည်းများတယ်။ ကျနော်တို့မြန်မာဘက်ခြမ်းကပဲ သွားလို့ရသေးတယ်။ လောလောဆယ်သွားလို့ရတာ ၆ ည ၇ ရက် သွားလို့ရသေးတယ်။ နောက်တော့မှ တဖြည်းဖြည်းနဲ့ဖြေလျော့ပေးမယ်ပြောတယ်။”

ကော့သောင်း-ရနောင်းနယ်စပ်ဂိတ်ကို ဇွန်လ ၁ ရက်နေ့ကစပြီး ထိုင်းဘက်ကို ဆေးသွားကုသူအချို့ကိုသာ သွားလာခွင့်ပြုခဲ့ပြီး လူအများသွားလာကတော့ ဇွန်လ ၆ မှ တရားဝင်ပြန်ဖွင့်တာလို့လည်း ကိုပီတာကပြောပါတယ်။

“ဇွန်လ ၁ ရက်နေ့က သွားတာကတော့ ဆေးသွားကုတဲ့သူတွေကိုပဲ ခွင့်ပြုတာ။ လဝက ခရိုင်မှူးလက်မှတ်နဲ့ပဲ ခွင့်ပြုတာ။ အခုတော့ ၆ ရက်နေ့ကတော့ တရားဝင်ခွင့်ပြုလိုက်တာပါ။”

ဒါဟာ ကိုဗစ်ကပ်ဘေးကြောင့် ၂ နှစ်ကျော်ကြာပိတ်ထားတဲ့ နယ်စပ်ဂိတ်တွေထဲက ကော့သောင်း-ရနောင်းလမ်းကို ပထမဦးဆုံး ပြန်ဖွင့်ပေးတာဖြစ်ပြီး တခြားနယ်စပ်ဂိတ်တွေတော့ ပြန်ဖွင့်တာမရှိသေးပါဘူး။ အခုဆိုရင် ထိုင်းနိုင်ငံမှာအချုပ်ကျပြီး လွတ်ရက်စေ့လို့ ပြန်လာသူတွေ၊ ထိုင်းကနေ နေရပ်ကို အပြီးပြန်ကြသူတွေကိုတော့ မဲဆောက်-မြဝတီ၊ မဲဆိုင်-တာချီလိတ်လမ်းတွေနဲ့ အခု ရနောင်း-ကော့သောင်းလမ်းတွေကနေ ပြန်လည် လွှဲပြောင်းပေးနေတာတွေတော့ရှိနေပါတယ်။ ဒါပေမယ့် နှစ်နိုင်ငံပြည်သူတွေ သွားလာလည်ပတ်တာမျိုး၊ အလုပ်လာလုပ်တာမျိုးတွေကိုတော့ ခွင့်မပြုထားပါဘူး။ ကော့သောင်း-ရနောင်းလမ်းကတော့ ၂ နှစ်ကျော်ကြာပိတ်ထားရာကနေ အခု ပထမဦးဆုံးအကြိမ်အဖြစ် ပြန်လည် သွားလာခွင့်ပေးခဲ့တာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

============
[[Unicode]]








============

XS
SM
MD
LG