သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၅ လအတွင်း ကချင်ဒေသခံ ၆,၀၀၀ နီးပါး အိုးအိမ်မဲ့ ဖြစ်ခဲ့


The Plight of Kachin IDPs (ယခင်မှတ်တမ်းဓာတ်ပုံ)
The Plight of Kachin IDPs (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းဒေသတွေမှာ စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ၅ လအတွင်းမှာ ဒေသခံ၂၁ ဦးသေဆုံးခဲ့ရပြီး ဒေသခံ ၆,၀၀၀ နီးပါး အိုးအိမ်စွန့်ခွာပြေးနေကြရတယ်လို့ ကချင်အမျိုးသမီးအစည်းအရုံး (KWAT) က ထုတ်ပြန်ပါတယ်။ ဒီစစ်ပြေးဒုက္ခသည်တွေအတွက် အကူအညီလိုအပ်ချက်တွေ ရရှိဖို့ ခက်ခဲလာတယ်လို့လည်း ဒေသခံကူညီရေးအဖွဲ့တွေက ပြောပါတယ်။ ရန်ကုန်က စုံစမ်းမေးမြန်းပေးပို့တဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေမှာ စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ထိခိုက်မှုတွေရှိခဲ့တယ်လို့ ကချင်အမျိုးသမီးအစည်းအရုံး (KWAT) က “ဝေဟင်မှခြိမ်းခြောက်မှုအသစ်များ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဇွန်လ ၁ ရက်နေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ၂၀၂၁ နိုဝင်လကနေ ၂၀၂၂ ဧပြီလအထိ အရပ်သားတွေ ထိခိုက်နစ်နာမှုတွေကို ပြုစုထားတာပါ။

အခုနှစ် အစောပိုင်းလတွေအတွင်း ပူတာအို၊ ဖားကန့်နဲ့ ဧရာဝတီမြစ်ကြောင်း တလျှာက် လေကြောင်းတိုက်ခိုက်မှု ၅ ခုကြောင့် ၂ ဦးသေဆုံးပြီး ကလေး ၆ ဦး အပါအဝင် ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ လက်နက်ကြီး ပစ်ခတ် မှု ၁၃ ကြိမ်ကြောင့် ဒေသခံ ၈ ဦးသေဆုံးပြီး ကလေး ၆ ဦးအပါအဝင် ၂၀ ထိခိုက် ဒဏ်ရာ ရခဲ့တယ်လို့ ဖော်ပြပါတယ်။ စစ်ကောင်စီတပ်တွေရဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် အသက် ၇ နှစ်အရွယ် ကလေးအပါအဝင် ၁၁ ဦး သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာ ရခဲ့တယ်လို့လည်း အစီရင်ခံစာမှာရေးပါတယ်။

ကချင်အမျိုးသမီးအစည်းအရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ မဆန်ထွယ်က ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်းက အခြေအနေတွေနဲ့ ပတ်သက်လို့ ခုလိုပြောပါတယ်။

“ပြည်သူတွေကို Target ထားပြီးတော့ လေယာဉ်နဲ့ ဗုံးကြဲတဲ့ ကိစ္စတွေ၊ ပြည်သူတွေရှိတဲ့ ဒေသတွေမှာ လက်နက်ကြီးတွေနဲ့ပစ်တဲ့ ကိစ္စတွေကြောင့်မို့လို့ လူတွေသေတဲ့အကြောင်းတွေ၊ ပြီးရင် စကစရဲ့စစ်သားတွေက ရွာတွေမှာ လိင်ပိုင်းဆိုင်ရာ ကျုးလွန်ဖို့ ကြိုးစားတဲ့ကိစ္စတွေကို ကျမတို့ Highlight လုပ်ထားတယ်။ တချိန်တည်းမှာပဲ နောက်တခုကတော့ လူသားဒိုင်းအနေနဲ့ပေါ့ စစ်မျက်နှာပြင်မှာ ရွာသားတွေကို အသုံးပြုတဲ့ကိစ္စတွေပေါ့။ ဒါတွေကို Highlight လုပ်တယ်။ ကျမတို့က ၆ လအတွင်းမှာ ဖြစ်ခဲ့တာတွေကို အဓိက ဖော်ပြထားတယ်။ ဒါတောင်မှ ကျမတို့ KWAT အဖွဲ့အနေနဲ့ လက်လှမ်းမီသလောက်ပေါ့။ အဲ့ဒါက ကချင်ဒေသနဲ့ မြောက်ပိုင်း ရှမ်းဒေသပေါ့။ အဲ့ဒီမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ တချိန်တည်းမှာပဲ ဒီဟာတွေကြောင့် ပြည်သူတွေ အိုးအိမ်စွန့်ခွာပြီးမှ ထွက်ပြေးခဲ့ရတဲ့ အကြောင်း၊ ၅,၀၀၀ ကျော်ပေါ့။ အဲ့ဒါကတော့ အခု လက်ရှိ အခြေအနေတွေပေါ့။”

၂၀၂၁ နိုဝင်ဘာလကနေ ၂၀၂၂ ဧပြီလအထိ စစ်ကောင်စီတပ် ခလရ ၃၇၊ ခလရ ၅၈၊ တပ်မ ၃၃ တို့က ဗန်းမော်၊ မြစ်ကြီးနား၊ ပူတာအို၊ ဖားကန့်မြို့တွေမှာ ဒေသခံတွေကို PDF ဒါမှမဟုတ် KIA နဲ့ ချိတ်ဆက်မှု ရှိတယ်ဆိုပြီး ပြည်သူ ၂၃ ဦးကို ဖမ်းဆီးမှုရှိခဲ့သလို အပြင်းအထန် ရိုက်နှက် စစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အင်ဂျားယာန်၊ မိုးမောက်၊ ဖားကန့်နဲ့ နမ္မတူမြို့နယ်တွေမှာ စစ်ကောင်စီရဲ့ ခမရ ၄၃၇၊ တပ်မ ၃၃၊ တပ်မ ၁၀၁ တို့က ဒေသခံ ၄၃ ယောက်ကို လူသားဒိုင်းအဖြစ်ဖမ်းဆီးပြီး အတင်းအဓမ္မ လုပ်အားခိုင်းစေမှုတွေ ရှိခဲ့တယ်လို့ KWAT ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အသေးစိတ် ဖော်ပြထားပါတယ်။

မိုင်းဖောက်ခွဲသူလို့ သံသယနဲ့ ဖမ်းဆီးခံခဲ့ရပြီး ပြန်လွတ်လာသူတဦးက သူ့ကို စစ်ကောင်စီက ဖမ်းဆီးပြီး KIA နဲ့ အဆက်အသွယ်ရှိသူဖြစ်ကြောင်း ရိုက်နှက်ဝန်ခံခိုင်းခဲ့တယ်လို့ VOA ကို ခုလိုပြောပြပါတယ်။

“မိုင်းကွဲပြီး ၁၅ မိနစ် နာရီဝက်လောက် ကြာသွားတဲ့အချိန် ကျနော်က ဆိုင်ကယ်ပြင်နေရင်း ဆီလိုလို့ သွားဝယ်တာ။ အဲ့ဒါနဲ့လမ်းမှာ စစ်ကောင်စီနဲ့ တွေ့သွားတော့ ကျနော့်ကို တရားခံဆိုပြီးမှ ဖမ်းဆီးသွားတယ်။ အဲ့ဒါနဲ့ပဲ ရဲစခန်းကို မခေါ်ခင် ထုနှက်ပြီးမှ ရဲစခန်းကို ခေါ်သွားတယ်။ ရဲစခန်းကို ရောက်တော့ ရိုက်နှက်ပြီး မျက်စိကို ပိတ်စနဲ့ ချည်လိုက်တာပဲ။ အဲ့ဒါနဲ့ ကျနော်လည်း ဘာမှ မသိတော့ဘူး။ အဲ့နောက်ပိုင်း စစ်တပ်ထဲကို ပြန်ခေါ်သွားတယ်။ စစ်တပ်ထဲ ခေါ်သွားတော့ သတိတော့ရတယ်။ အဲ့တုန်းကတော့။ စစ်သားလား၊ ဘာလား (KIA စစ်သားလား) ပေါ့ မေးတာ၊ ကျနော်ကလည်း စစ်သားလည်းမဟုတ်ဘူး၊ ဘာမှမဟုတ်ဘူး။ ဒီတိုင်း ရိုးရိုးသာသား လုပ်ကိုင်စားသောက်နေတယ်ပဲ ပြောတာပဲ။ အဲ့ဒါလည်း သူတို့က မယုံကြည်ဘူး။ တရားခံဆိုပြီးတော့ ရိုက်နှက်သွားတာပဲ။ ကျနော့်ကို။ ဘယ်လိုပြောမလဲ၊ KIA ပေါ့- သူတို့က အဲ့လိုထင်ပြီးတော့ မေးတာပေါ့။ မေးမြန်းပြီး ရိုက်တာ။”

ပူတာအို၊ ဖားကန့်၊ မိုးမောက်၊ မူဆယ်၊ လားရှိုး၊ နမ္မတူ စတဲ့ မြို့နယ်တွေအတွင်းက ဒေသခံ ၅,၇၀၀ ကျော်ဟာ ခုအချိန်ထိ စစ်ရှောင်စခန်းတွေ၊ ဘုရားကျောင်းတွေနဲ့ တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေကြရဆဲဖြစ်ပြီး စားဝတ်နေရေး အခက်အခဲတွေ ရင်ဆိုင်နရတယ်လို့ KWAT ရဲ့ ပြောရေးဆိုခွင့်ရှိသူ မဆန်ထွယ် က ပြောပါတယ်။

“ခုနောက်ပိုင်း စစ်ရှောင်တွေက ကျမတို့ သိတဲ့အတိုင်းပဲ။ စစ်ရှောင်စခန်းရယ်လို့ မယ်မယ်ရရ ပံ့ပိုးနိုင်တဲ့ အခြေအနေ မရှိတော့ဘူးလေနော်။ မြို့ထဲမှာလည်း လုံခြုံမှု မရှိဘူး၊ တောထဲမှာလည်း လုံခြုံမှုမရှိဘူးဆိုတော့ များသောအားဖြင့် လုံခြုံမယ် ထင်တဲ့ ဒေသကို ထွက်ပြေးတယ်။ တချို့ကျလည်း ရှိပြီးသား IDP ကမ့်တွေမှာ သွားရောက်ခိုလှုံတဲ့သူတွေ ရှိတယ်။ တချို့ကျလည်း ဘုရားကျောင်းတွေမှာ ဆိုတော့ အခု လောလောဆယ်ရဲ့အခြေအနေက သူတို့တွေရဲ့ စားဝတ်နေရေး ခက်ခဲတယ်။ ပြီးလို့ရှိရင် အဓိကကတော့ ကျန်းမာရေးပေါ့နှော်။ စားဝတ်နေရေးနဲ့ ကျန်းမာရေးက အခက်အခဲ အများကြီးရှိတယ်ပေါ့ သူတို့ အနေနဲ့က။ တချို့ကျတော့လည်း ကမ့်မှာလည်းမဟုတ်ဘဲနဲ့ အဖွဲ့လိုက်ပေါ့နော် ပူတာအိုဖက်ဆိုရင် တောထဲမှာ သွားပြီး ရှောင်နေကြရတယ်ပေါ့နော်။ ဆိုတော့ သူတို့ဘက်က စားဝတ်နေရေး အခက်အခဲဖြစ်တယ်။ ကျန်းမာရေးကလည်း တဘက်မှာဆိုရင် မိုးရာသီလည်းဖြစ်တယ်။ လွန်ခဲ့တဲ့အချိန်ကတော့ အရမ်းအေးတဲ့အချိန်ပေါ့။ ပူတာအိုဆိုတာ အရမ်းအေးတဲ့ နေရာဆိုတော့ အများကြီး ဒုက္ခဖြစ်တယ်။”

မြန်မာနိုင်ငံမှာ လူသားချင်းစာနာ ထောက်ထားမှု အကျပ်အတည်းတွေ ပိုပြီးဆိုးရွားလာတဲ့အတွက် လူသားချင်းစာနာတဲ့ အကူအညီတွေကို ခွင့်ပြုပေးဖို့နဲ့ လူမှုဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် စစ်အာဏာရှင်ကို ဖိအားပေးကြဖို့ ဒေသတွင်းက မိတ်ဖက်နိုင်ငံတွေကို တိုက်တွန်းနေကြောင်း အားပေးတိုက်တွန်းနေကြောင်း အမေရိကန်သံရုံးကလည်း ဧပြီလတုန်းက ထုတ်ပြန်ထားပါတယ်။ အာဆီယံကလည်း ပဋိပက္ခအတွင်းက မြန်မာတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ဖို့ မြန်မာစစ်ကာင်စီနဲ့ညှိနှိုင်းလုပ်ဆောင်နေပါတယ်။ လက်ရှိအားဖြင့် ပြည်တွင်းစစ်ရှောင် တသန်းလောက်ရှိပြီး အများစုဟာ အကူအညီတွေလက်လှမ်းဝေးနေတုန်းပဲလို့ OCHA ကုလ လူသားချင်းစာနာကူညီမှုညှိနှိုင်းရေးရုံးက ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

==========

[[Unicode]]













==========

XS
SM
MD
LG