သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း တကျော့ပြန်တိုက်ပွဲများ ပြင်းထန်


Karen National Union (KNU)
Karen National Union (KNU)

[[Zawgyi/Unicode]]


ကရင်ပြည်နယ် မြဝတီခရိုင်ထဲက KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်တွေနဲ့ KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး KNLA တပ်၊ ပြည်သူ့ကာကွယ်ရေး PDF တပ် စတဲ့ပူးပေါင်းတပ်တွေကြား တကျော့ပြန် တိုက်ပွဲတွေ ဖြစ်နေပါတယ်။ လေးကေ့ကော်နဲ့ ဖလူးဒေသကြားက ရသေ့ဂူဆိုတဲ့ရွာအနီးမှာ မတ်လ (၇) ရက်နေ့ တနင်္ဂနွေ မနက်ပိုင်းကစပြီး ဒီနေ့ညနေပိုင်းအထိ တိုက်ပွဲတွေဖြစ်နေတဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြဝတီခရိုင် လေးကေ့ကော်နဲ့ ဖလူးဒေသကြားမှာရှိတဲ့ ရသေ့ဂူ ရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA ရဲ့တပ်ရင်း (၂၇)၊ ပြည်သူ့ကာကွယ် ရေးတပ်ရဲ့ ဆင်ဖြူတပ်ရင်း စတဲ့ပူးပေါင်းတပ်တွေဟာ မတ်လ (၇) ရက် တနင်္ဂနွေနေ့ မနက်ပိုင်းကစပြီး တိုက်ပွဲတွေပြန်ဖြစ်နေပါတယ်။ ဒီနေ့ တနင်္လာနေ့ နေ့လယ် ၃ နာရီကျော်အထိ တိုက်ပွဲတွေဖြစ်နေတဲ့အကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့က ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုစောမွန်က အခုလိုပြောပြပါတယ်။

“ဆက်ဖြစ်နေတယ်။ အခုချိန်ထိပစ်နေတုန်းပါ။ လက်နက်ကြီးကော လက်နက်ငယ်တွေနဲ့ကောပစ်နေတာပါ။ ရသေ့ဂူရွာနားနဲ့ ဖလူးလေးကြားမှာ ကားလမ်းရှိနေတယ်။ ဒေသဖွံ့ဖြိုးရေးအတွက် နန်းခင်ထွေးမြင့်လက်ထက်က ဖောက်ထုတ်ထားတဲ့လမ်းမှာဖြစ်နေတာပါ။ မနက်ခင်းကနေ အခုထိဖြစ်နေတုန်းပါပဲ။ လေးကေ့ကော်အပိုင် ပေါ့ရသေ့ဂူဆိုတဲ့ရွာမှာပါ။ အဲဒီရွာက အိမ်ခြေတော့သိပ်မရှိဘူး။ ရသေ့ဂူနဲ့ ဖလူးကြားမှာ ဖြစ်တာပေါ့။”

KNU တပ်မဟာ (၆) ထိန်းချုပ်ရာ လေးကေ့ကော်ဒေသဘက်ကို စစ်ကောင်စီတပ်တွေနဲ့ နယ်ခြားစောင့် BGF တပ်တွေ မတ်လ (၂) ရက်နေ့ထဲက တိုးချဲ့နေရာယူနေပြီး နေ့စဉ်လည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ စစ်လေယာဉ်တွေနဲ့ ပျံဝဲကြည့်တာတွေလုပ်နေတာကြောင့် စစ်ရေးတင်းမာနေခဲ့ပါတယ်။ တိုက်ပွဲအတွင်း ပူးပေါင်းတပ်တွေဘက်က ၁ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လေးကေ့ကော် စစ်ဘေးဒုက္ခသည်တွေအတွက် စားသောက်ရေး အကူညီပေးနေသူတဦးကပြောပါတယ်။ မြဝတီခရိုင်ထဲက ကျေးရွာတွေရှိရာဘက်ကို တိုက်ပွဲတွေ ရပ်နေချိန်မှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ မကြာမကြာ ပစ်ခတ်နေလို့ အရင်ကတည်းက ပုန်း ရှောင်နေကြတဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ် မပြန်နိုင်ကြသေးဘဲ အခုဆို အိုးအိမ်ပြစ် ထွက်ပြေးနေရသူ စုစုပေါင်း ၆ ထောင်ဝန်းကျင်လောက်ရှိနေတယ်လို့ ပြောပါတယ်။

“အခြေအနေကတော့ အခုထိပစ်ခတ်နေတုန်းပဲ။ ဒီဘက်ကတော့ တယောက်ထိသွားတယ်။ အခုတော့ဆေးရုံပို့နေပြီ။ ဒုက္ခသည်ကတော့ ၆ ထောင်နီးပါးရှိတယ်။ သောင်ရင်းမြစ်တလျှောက်မှာ ကျနော်တို့ထောက်ပံ့ပေးနေတဲ့နေရာမှာတော့လူဦးရေ ၂,၀၀၀ နီးပါးထိရှိတယ်။”

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ဒီဇင်ဘာလ ၁၅ ရက်နေ့ကတည်းက လေးကေ့ကော်ဘက်မှာ တိုက်ပွဲတွေ စတင်ခဲ့တဲ့အတွက် လေးကေ့ကော်အပါအဝင် ကျေးရွာ ၁၀ ရွာလောက်က ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။ ၃ လကြာတဲ့အထိ လေးကေ့ကော်အပါအဝင် ကျေးရွာ ၅ ရွာခန့်က စစ်ပြေးဒုက္ခသည် ၆ ထောင်လောက်ကတော့ နေရပ်ကိုမပြန်နိုင်ကြသေးပဲ သောင်ရင်းမြစ်တလျှောက်မှာ အခုချိန်ထိနေထိုင်နေရဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]








===========

XS
SM
MD
LG