[[Zawgyi/Unicode]]
ကယားပြည်နယ် လွိုင်လင်လေးမြို့နယ် ထီးစဲခါးကျေးအုပ်စုတွေဘက် ဇွန်လ ၂ ရက် မနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းဆင်နေပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီဒေသခံအဖွဲ့တွေအကြား နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ တဦးသေဆုံး၊ ၃ ဦးဒဏ်ရာရရှိပြီး နေအိမ်တချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံနဲ့ KNDF က ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်း မဆုမွန်က တင်ပြပေးထားပါတယ်။
လွိုင်လင်လေးမြို့နယ် ထီးစဲခါးကျေးအုပ်စုတွေဘက် ဇွန်လ ၂ ရက် မနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းဆင်လာတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ ပြန်ကြားရေးတာဝန်ခံ တဦးက ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီရဲ့ လွိုင်လင်မြို့အခြေစိုက် (၅၃၀) တပ်ရင်းက ထီစဲခါးကျေးရွာအုပ်စု လင်ဖုံကြီးရွာနဲ့ ကုန်းမှီကိုရွာဘက် လက်နက်ကြီးပစ်ခတ်နေတာပါ။ မနေ့ကနေ ဒီနေ့ မနက်ပိုင်းအထိ ဒေသခံ အရပ်သားပြည်သူ တဦးသေဆုံး၊ ၃ ဦးဒဏ်ရာရရှိပြီး နေအိမ်တချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ပြောပါတယ်။
အဲ့ဒီနောက် မနေ့ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီနဲ့ KNDF၊ ကရင်နီတပ်မတော်(KA) ပူးပေါင်းတို့ကြား နှစ်ဘက်ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တာလို့ KNDF ပြန်ကြားရေးတာဝန်ခံက အခုလို ပြောပါတယ်။
“လင်ဖုံကြီးဘက်ကို စစ်ကြောင်းထိုးလာတယ်ပေါ့နော်။ ပြီးတော့ စစ်ကြောင်းထိုးဖို့ အရင် သူတို့ လမ်းရှင်းတာ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တာ ပြီးရင် ရွာထဲမှာ ဝင်မီးရှို့တယ်။ ပြီးတော့ အဲ့မှာရှိတဲ့ KNDF တပ်ဖွဲ့တွေ၊ ကရင်နီတပ်မတော် (KA) နဲ့ပေါ့။ အဲ့လိုမျိုးတွေ့ပြီးတော့ နှစ်ဘက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပြီးတဲ့နောက်မှာ လက်နက်ကြီးနဲ့ ထပ်ပစ်တယ်လို့ ပြောပါတယ်။ လက်နက်ကြီးက မနက်အစောကြီးပိုင်းလည်း ပစ်တယ်။ ပြီးတော့ ညနေပိုင်းမှာလည်း ဒါ ဟိုရမ်းသမ်းပစ်တယ်။ လက်နက်ကြီးနဲ့ ကျေးရွာတွေကို ဒါပစ်မှတ်ထားပြီးတော့ ပစ်တဲ့အနေအထားဖြစ်ပါတယ်။ (ဒေသခံ)ဒဏ်ရာရတဲ့လူတွေက စုစုပေါင်း ၃ဦးပေါ့နော်။ ၃ဦး ဒဏ်ရာရတယ်။ အမျိုးသားတဦးကတော့ ဆုံးသွားတယ်ပေါ့ စုစုပေါင်း ၄ ဦးထိတာပေါ့နော်။ အမျိုးသားတဦးကတော့ ဆုံးသွားတယ်ခင်ဗျ။”
လတ်တလော လွိုင်လင်လေးမြို့နယ်ဘက်က တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီကတော့ တစုံတရာ ထုတ်ပြန်ကြေညာတာမျိုး မတွေ့ရသေးပါဘူး။
လက်နက်ကြီးပစ်ခတ်မှုနဲ့ တိုက်ပွဲအခြေအနေကြောင့် လင်ဖုံကြီးကျေးရွာ၊ ကုန်းမှီကိုကျေးရွာဘက်က ဒေသခံတွေ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံက ပြောပါတယ်။ ဒီနေ့မှာတော့ တိုက်ပွဲအခြေအနေ ငြိမ်သက်နေပေမယ့် အရပ်သားတဦး ရွာအပြန်မှာ ပစ်ခတ်ခံရတယ်လို့ ဒေသခံက ပြောပါတယ်။
“ဒီနေ့ကတော့ မဖြစ်ဘူး။ ဒီနေ့ကတော့ အဲ့သူတို့ တပ်ရင်းနားက ဖြတ်တဲ့လူကိုတော့ ပစ်လိုက်သေးတယ်၊ အဲ့ဒါတော့ ရှိတယ်။ နှစ်ဘက်ပစ်တာတော့ မရှိဘူးဗျ။ သိသလောက်ကတော့ ဟိုနေ့က လက်နက်ကြီးထိလို့ တယောက်တော့ ဆုံးတယ်။ ဒီနေ့တယောက်ပေါ့နော်။ ဒီနေ့တယောက်က မဆုံးဘူးဗျ၊ ဒီနေ့ တယောက်က ဘယ်လက်ကောက်ဝတ်နားပေါ့ (ဒဏ်ရာရ) ။ သူ့အိမ်က အဲ့ဒီလွိုင်လင်လေးက ၅၃၀ တပ်ရှိတာရော သူ့က အဲ့ဒီနဲ့မလှမ်းမကမ်းမှာ ရှိတာ၊ အဲ့ဒါ သူ့အိမ်ကို သွားပြီးတော့ ပစ္စည်းပြန်ယူတဲ့အချိန် ဟိုကလှမ်းပစ်လိုက်တာ။”
အလာတူ ကယားနယ်ထဲက ဖရူဆိုမြို့နယ်မှာလည်း မနေ့က တိုက်ပွဲဖြစ်ပွားနေပါတယ်။ ကယားနယ်ထဲက လွိုင်ကော်၊ ဘောလခဲ၊ ဒီးမော့ဆို၊ ဖရူဆို စတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီကာကွယ်ရေးပူးပေါင်းအဖွဲ့တွေကြား မကြားမကြား ပစ်ခတ်မှုနေရှိနေတာပါ။ ဒေသခံတွေလည်း အခုချိန်ထိ ဆက်လက်တိမ်းရှောင်နေကြရပြီး၊ အကူအညီတွေလည်း လိုအပ်နေတယ်လို့သိရပါတယ်။
===========
[[Unicode]]
===========