သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေး သွေးသောက်အဖွဲ့ သူတို့ဖွဲ့စည်းတာမဟုတ် စစ်ကောင်စီငြင်းဆန်


မန္တလေး
မန္တလေး

[[Zawgyi/Unicode]]

မန္တလေးမြို့မှာ NLD ထောက်ခံသူတွေကို သတ်ဖြတ်ခဲ့တဲ့ သွေးသောက်အဖွဲ့ဟာ မိမိတို့နဲ့ မသက်ဆိုင်ကြောင်း စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ မန္တလေး PDF အဖွဲ့ရဲ့ စစ်ဆင်ရေးကို လက်တုံ့ပြန်မယ်လို့ သွေးသောက်အဖွဲ့က ကြေညာလိုက်ပြီးနောက် အခုလို သတ်ဖြတ်မှုတွေဖြစ်ခဲ့တာပါ။ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ ဒါဟာ တရားဥပဒေစိုးမိုးမှုမရှိတာကို ပြသနေသလို လက်ရှိ နိုင်ငံရေးပဋိပက္ခတွေကို မဖြေရှင်းနိုင်ရင် ဒီလို သတ်ဖြတ်မှုတွေ ဆက်ရှိနေနိုင်ကြောင်း သုံးသပ်ကြကြောင်း ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

မန္တလေးမြို့မှာ NLD ထောက်ခံသူအချို့ကို အမည်မသိလက်နက်ကိုင်တွေက ဒီလ ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေက ဖမ်းဆီးခဲ့ပြီး နောက်ရက်တွေမှာ သေနတ်ဒဏ်ရာ ဓါးဒဏ်ရာနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းတွေကိုပဲ ပြန်တွေ့ခဲ့ပါတယ်။

ဒီလို ဖမ်းဆီးခံပြီး သေဆုံးရသူ ၅ ယောက်ရှိကြောင်းနဲ့ သူတို့ကို သွေးသောက်အဖွဲ့ က သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း ၎င်းတို့နဲ့ နီးစပ်တဲ့ မန္တလေး ဒေသခံတဦးက VOA ကို ပြောပါတယ်။

“ကျနော်တို့ အခု သိရှိသလောက်ဆိုရင် ပထမရက် ၂၄ ရက် စိန်ဝင်းဝင်းနဲ့ပတ်သက်ပြီးတော့ ၃ ယောက်။ ကျောက်ဝိုင်းအနောက်ဘက်မှာက ကိုသိန်းဌေးဦး တယောက်။ အခု ကိုဖုန်းမြင့်မိုးခေါ် ကိုမိုးကြီး တယောက်။ ၅ ယောက် ကျနော်တို့ သိရသမျှပေါ့။ လက်ရှိ မန္တလေးမှာပေါ့ဗျာ။ သေဆုံးပြီးတော့ သွေးသောက်၊ သွေးသောက်ဆိုတဲ့ လည်ဆွဲကတ်ကို ထားပြီး လုပ်သွားတာက လက်ရှိ အဲဒီ ၅ ယောက်ပေ့ါ။”

အခြားသေဆုံးသွားသူ ၃ ဦးဟာ စိန်ဝင်းဝင်းလက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးခင်မောင် သိန်းနဲ့ ဇနီးဒေါ်ခခ၊ ဦးခင်မောင်သိန်းရဲ့ညီ ဦးတင်တို့ဖြစ်ကြောင်းနဲ့ ဦးဖုန်းမြင့်မိုးကတော့ မဟာအောင်မြေမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်အောင်ရဲ့အကိုဖြစ်ကြောင်း ပြောပါတယ်။

ဒီလ ၁၉ ရက်နေ့က မန္တလေး PDF အဖွဲ့က အနက်ရောင်သေမင်းအမည်နဲ့ စစ်ကောင်စီလက်ပါးစေနဲ့ သူတို့မိသားစုတွေကို အရေးယူမယ့် ဇေယျစစ်ဆင်ရေး စတင်ပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

၂၁ ရက်နေ့မှာတော့ သွေးသောက်အဖွဲ့က NLD နဲ့ NLD ထောက်ခံသူ အစွန်းရောက်တွေ၊ PDF နဲ့ ဆက်နွယ်တဲ့ မိသားစုတွေကို ချေမှုန်းသွားမယ်လို့ တန်ပြန် ထုတ်ပြန်ခဲ့နောက် ဒီသတ်ဖြတ်မှုတွေဖြစ်ခဲ့တာပါ။

သွေးသောက်အဖွဲ့ဟာ စစ်တပ်ကျောထောက်နောက်ခံနဲ့ ဖွဲ့စည်းတာဖြစ်နိုင်ကြောင်း သုံးသပ်သူတွေရှိပါတယ်။ ဒါမှမဟုတ် စစ်တပ်ကို ထောက်ခံသူတွေရဲ့ လက်ချက် ဖြစ်တယ်လို့လည်း ယူဆကြပါတယ်။

ဒီနေ့ကျင်းပတဲ့ နေပြည်တော်က သတင်းစာရှင်းလင်းပွဲမှာတော့ သွေးသောက်အဖွဲ့ဟာ မိမိတို့နဲ့ မသက်ဆိုင်ကြောင်း စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေအရလည်း နယ်မြေတနေရာရာပဲဖြစ်ဖြစ်၊ ဒေသတခုမှာဖြစ်ဖြစ် လုံခြုံရေးအရ လိုအပ်လာရင် ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းပိုင်ခွင့်ရှိပါတယ်။ အစိုးရအနေနဲ့ကတော့ ပြည်သူလူထုရဲ့ နယ်မြေခံလူထုရဲ့ တောင်းဆိုချက်နဲ့အညီ တရားဝင် ဖွဲ့စည်းခွင့်ရှိတဲ့ ပြည်သူ့စစ်များ ဖွဲ့စည်းဆောင်ရွက် လျက် ရှိတယ်။ ကျန်တဲ့အဖွဲ့အစည်းများနဲ့ပတ်သက်ပြီး ကျနော်တို့ ဖွဲ့စည်းဆောင်ရွက်လျက် မရှိပါဘူး။ ဒါကို တိတိလင်းလင်း ပြောချင်ပါတယ်။”

လက်ရှိ မန္တလေးမှာ ဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေအပေါ်မှာတော့ နိုင်ငံရေးသုံးသပ်သူ ဦးရဲထွန်းက အခုလို ပြောပါတယ်။

“ဒီဟာတွေကတော့ တရားဥပဒေ ယိုယွင်းလာနေတဲ့ ပြယုဂ်တွေပေါ့ဗျာ။ ဒလန်၊ဒလျှိုတို့ စွပ်စွဲတာတို့၊ Non CDM ဆိုပြီး အညှိုးထားတာတို့ အဲလိုဖြစ်ပြီး သတ်တာဖြတ်တာတွေ ရှိလာသလို တဘက်ကလည်း ဒီဟာတွေကို အစိုးရက မကာကွယ်နိုင်တော့ သူတို့နည်း သူတို့ဟန်နဲ့ ပြန်ပြီးတော့ လက်စားချေတဲ့ဟာမျိုးပေါ့။ ဒီလုပ်ရပ်နှစ်ခုစလုံးက မမှန်ဘူး။ အစိုးရက မထိန်းနိုင်ရင် ပိုဆိုးလာဖို့ ရှိတယ်။ အဓိက ပဋိပက္ခကို ဖြေရှင်းနိုင်မှ ဒါတွေက ပျောက်မှာ။ အဓိက ပဋိက္ခကလည်း အခုအတိုင်းက ၂၀၂၃ ရွေးကောက်ပွဲ လုပ်ပြီးတဲ့အခါကျတော့ ၂၀၀၈ အခြေခံဥပဒေနဲ့ ချီတက်ဖို့ ခင်းထားတာပေါ့။ ဒီလမ်းအတိုင်းသွားမယ်ဆိုရင် အခုလို ပြဿနာတွေက ထပ်ရှိနေအုံးမှာ”

စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ အကြမ်းဖက်နှိမ်နင်းခံရပြီးတဲ့နောက်၊ ဆန္ဒပြသူအများအပြားဟာ စစ်တပ်ကို လက်နက်ကိုင်ပုန်ကန်မှုတွေ မြန်မာနိုင်ငံနေရာအတော်များများမှာဖြစ်လာပါတယ်။ တဆက်တည်းပဲ မြို့ကြီးတွေမှာတော့ စစ်တပ်ကိုသတင်းပေးတယ်လို့စွပ်စွဲခံရသူတွေ စစ်တပ်ကိုထောက်ခံသူတွေ သတ်ဖြတ်ခံရတာတွေရှိလာပါတယ်။

လက်ရှိအခြေအနေမှာတော့ စစ်ကောင်စီဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ PDF အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ မရှိကြောင်း ပြောဆိုနေသလို NUG နဲ့ PDF အဖွဲ့တွေကလည်း စစ်ကောင်စီနဲ့ ဆွေးနွေးမှာမဟုတ်ကြောင်း ထုတ်ပြန်တာတွေ ရှိနေပါတယ်။ နိုင်ငံတကာကတော့ မြန်မာပြည်ရဲ့ ပြဿနာကို ဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းနေကြပါတယ်။


#MyanmarViolence #MandalayViolence #VOABurmese #သွေးသောက်အဖွဲ့ #ဗွီအိုအေ
==================

[[Unicode]]















==================

XS
SM
MD
LG