သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ဖို့ စစ်ကောင်စီကို အာဆီယံ အထူးကိုယ်စားလှယ် တိုက်တွန်း


မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn 
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn 

[[Zawgyi/Unicode]]

မြန်မာစစ်တပ်အနေနဲ့ စစ်ဆင်ရေးတွေဆောင်ရွက်တဲ့အခါ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့အတွက် တောင်းဆိုခဲ့တယ်လို့ မြန်မာနိုင်ငံကို ၃ ရက်ကြာ သွားရောက်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဒါ့အပြင် အမှုရင်ဆိုင်ဆဲကာလဖြစ်တဲ့အတွက် ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပေးနိုင်ဘူးလို့ စစ်ကောင်စီဘက်က သူ့ကို ပြောခဲ့ကြောင်းလည်း ခရီးစဉ်အပြီး ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။ ကိုဇော်ဝင်းလှိုင်က အပြည့်အစုံကို တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ဟာ အာဆီယံအဖွဲ့ရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ၃ ရက်ကြာ သွားရောက်တဲ့ ခရီးစဉ်အပြီး ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ဒီကနေ့ မတ်လ ၂၃ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး သူ့ရဲ့ခရီးစဉ်အကြောင်း သတင်းထောက်တွေကို ရှင်းလင်း ပြောကြားခဲ့တာပါ။

“ကျနော်ရဲ့ ဒီခရီးစဉ်အပေါ် မျှော်လင့်ချက်တွေ အမျိုးမျိုးရှိကြတယ်ဆိုတာ ကျနော် နားလည်ပါတယ်။ နောက်ပြီးတော့ အပစ်အခတ် ရပ်စဲပြီး ဒီကိစ္စမှာ ပါဝင်ပတ်သက်နေသူအားလုံးနဲ့ ခရီးစဉ်အတွင်းမှာ တွေ့ဆုံတာ၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစံနစ် ပုံမှန်အတိုင်း ပြန်လည် တည်ရှိနေတာကို မြင်တွေ့လိုကြတယ်ဆိုတာ ကျနော် နားလည်ပါတယ်။”

သူ့ခရီးစဉ်အပေါ် ဘာကြောင့် ဝေဖန် ပြောဆိုကြတယ်ဆိုတာကို သူ့အနေနဲ့ နားလည်ကြောင်းလည်း ဝန်ကြီး Prak Sokhonn အခုလို ဆက်ပြောပါတယ်။

“ဒီခရီးစဉ်ကြောင့် စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုလိုက်သလို ဖြစ်သွားမှာစိုးတဲ့အတွက် ဝေဖန် ပြောဆိုကြတယ်ဆိုတာကို ကျနော် နားလည်ပါတယ်။”

သူ့ရဲ့ ဒီခရီးစဉ်ကနေ မြန်မာနိုင်ငံရဲ့ပဋိပက္ခတွေကို မဖြေရှင်းနိုင်ဘူးဆိုတာ သူ့အနေနဲ့ နားလည်သလို ကမ္ဘောဒီးယားက အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ တနှစ်တာကာလအတွင်းမှာလည်း မပြေလည်နိုင်ဘူးဆိုတာ သူ့အနေနဲ့ သဘောပေါက်ကြောင်း ဝန်ကြီး Prak Sokhonn က ပြောပါတယ်။

“အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ သူ့ကို ပေးအပ်ထားတဲ့ တာဝန်ဝတ္တရားအတိုင်း သက်ဆိုင်သူအားလုံးပါဝင်တဲ့ အမျိုးသားညီညွတ်ရေးကို ဦးတည်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာစေဖို့ ဒီခရီးစဉ်က ပထမ ခြေလှမ်းတရပ် ဖြစ်ပါတယ်။”

လူသားစာနာမှုအကူအညီတွေ မြန်မာနိုင်ငံမှာ အများကြီးရောက်နေပေမယ့် တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် ပေးပို့လို့မရဘဲ ဖြစ်နေတယ်လို့ အထူးကိုယ်စားလှယ်ကပြောပါတယ်။ အကူအညီတွေကို မျှမျှတတဖြန့်ဝေပေးနိုင်ရေး ဆွေးနွေးဖို့ သက်ဆိုင်သူ တွေအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတခုကို ဧပြီ ဒါမှ မဟုတ် မေလမှာလုပ်ဖို့ သူအဆိုပြုထားတယ်လို့လည်း ပြောပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ဒီခရီးစဉ်ဟာ စစ်ကောင်စီရဲ့စီစဉ်မှုအောက်မှာပဲရှိတယ်လို့ဆိုပြီး အတိုက်အခံတွေဖက်က စိတ်ပျက်ကြောင်း ထုတ်ဖော်ပြောခဲ့ကြပါတယ်။ ခရီးစဉ်အတွင်းမှာ ပါတီတချို့ရဲ့ ခေါင်းဆောင်တွေပဲ တွေ့ဆုံပြီး အများစုကတော့ စစ်ကောင်စီအကြီးအကဲနဲ့ သူ့အစိုးရအဖွဲ့ဝင်တွေကို အဓိက ထားတွေ့ခဲ့တာပါ။ သမ္မတဟောင်းဦးထင်ကျော်ရဲ့ဇနီးဖြစ်သူ၊ NLD ပါတီရဲ့ အရံအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်တဲ့ ဒေါ်စုစုလွင်ကို တွေ့ဖို့ စီစဉ်ထားပေမယ့်လည်း ကျန်းမာရေးအကြောင်းပြချက်နဲ့ ဒေါ်စုစုလွင်ဘက်က ဖျက်ခဲ့ပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်ရဲ့အခုတကြိမ် မြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက်လို့လည်း ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဌာနက အချက် ၆ ချက်ပါ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး စစ်အုပ်စုရဲ့အကြမ်းဖက် လုပ်ရပ်တွေ ချက်ချင်းရပ်တန့်စေရေး တွန်းအားပေးဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ၊ နိုင်ငံတကာနဲ့ ပြည်တွင်းရှိ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများကတဆင့်သာ ပေးပို့ဖို့၊ ငြိမ်းချမ်းသည့် ရလဒ်တွေကို ရှာဖွေရာမှာ ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ လိုလားတောင့်တချက်များကိုသာ အခြေခံဖို့ စတဲ့အချက်တွေကို အဓိကထား တောင်းဆိုထားပါတယ်။ NUG အနေနဲ့ အာဆီယံနဲ့ ပူးပေါင်း ဆောင်ရွက်ရန် အသင့်ရှိကြောင်းလည်း ဖော်ပြထားပါတယ်။

မြန်မာစစ်ကောင်စီဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေကြောင်း NUG က ပြီးခဲ့တဲ့ သတင်းပတ်အတွင်း ပြောကြားခဲ့ပြီး အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်ဟာ မြန်မာပြည်သူအများစုရဲ့ဆန္ဒနဲ့ တောင်းဆိုမှုတွေကို လျှစ်လျူရှုပြီး စစ်ကောင်စီကို ထောက်ခံမှုပေးဖို့ သွားရောက်တဲ့ ခရီးစဉ်မျိုး ဖြစ်တာကြောင့် ရှက်ဖွယ်ကောင်းတဲ့ ခရီးစဉ်အဖြစ် ရှုတ်ချကြောင်း အရပ်ဖက် လူမှုအဖွဲ့အစည်း (၃၆) ဖွဲ့ကိုယ်စား GSC ခေါ် မြန်မာနိုင်ငံ အထွေထွေသပိတ်ကော်မတီက တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလမှာ ရရှိထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီဘက်က လိုက်နာ အကောင်အထည်ဖော်ဆောင်မှု မရှိမချင်း အာဆီယံရဲ့ ထိပ်သီးစည်းဝေးတွေမှာ စစ်ကောင်စီကိုမဖိတ်ဖို့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ဟာ အခုချိန်ထိ အကျုံးဝင်နေဆဲ ဖြစ်ပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ် Prak Sokhonn ဟာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့သလို ရန်ကုန်မြို့မှာ ကုလသမဂ္ဂနဲ့ အာဆီယံသံတမန်တွေ၊ နိုင် ငံရေးပါတီတချို့က ခေါင်းဆောင်တွေနဲလည်း တွေ့ဆုံခဲ့ပါတယ်။ သူနဲ့အတူ အာဆီယံအတွင်းရေးမှူးချုပ် Lim Jock Hoi လည်း လိုက်ပါလာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]















===============

XS
SM
MD
LG