သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ်တွင်း ဒုက္ခသည်များအကူအညီများရရေး ခက်ခဲနေ


တိုက်ပွဲတွေကြောင့်ထွက်ပြေးလာကြတဲ့ စစ်ရှောင်ဒုက္ခသည်တွေအတွက် ထိုင်းမြန်မာနယ်စပ်မှာ ယာယီတဲများဆောက်လုပ်နေစဉ်။ (ဒီဇင်ဘာ ၂၅၊ ၂၀၂၁)
တိုက်ပွဲတွေကြောင့်ထွက်ပြေးလာကြတဲ့ စစ်ရှောင်ဒုက္ခသည်တွေအတွက် ထိုင်းမြန်မာနယ်စပ်မှာ ယာယီတဲများဆောက်လုပ်နေစဉ်။ (ဒီဇင်ဘာ ၂၅၊ ၂၀၂၁)


[[Zawgyi/Unicode]]


မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသတွေက တိုက်ပွဲတွေကြောင့် ဒေသခံတွေမှာ အကျပ်အတည်းတွေကြုံနေပြီး လူသားချင်းစာနာမှုအကူအညီတွေရဖို့လည်း အခက်အခဲရှိနေပါတယ်။ အထူးသဖြင့် ကရင်ပြည်နယ်ထဲက အလှမ်းဝေးကွာတဲ့ နေရာတွေမှာ ခိုလှုံနေရတဲ့ စစ်ရှောင်တွေဆီကို အကူအညီတွေရောက်နိုင်ဖို့ ပိုပြီး ခက်ခဲလာတယ်လို့ ကရင်ပြည်နယ်ထဲက အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်း ဦးတင်မောင်သန်းက တင်ပြပေးထားပါတယ်။

ပြည်တွင်းကစစ်ပွဲတွေကြောင့် ကရင်ကျေးရွာသားအများအပြားဟာ ထိုင်းနယ်စပ်ဘက်ကို တိမ်းရှောင်ကြရပေမယ့် ထိုင်းအာဏာပိုင်တွေက အချို့ကိုသာ ယာယီခိုလှုံခွင့်ပေးပြီး အများအပြားကတော့ နယ်စပ်ဖြတ်ကျော်ခွင့်မရကြပါဘူး။ ဒါကြောင့် လည်း သူတို့ဟာ ပြည်တွင်းလှည့်လှည်ခိုအောင်းနေရတဲ့ ဒုက္ခသည်တွေဖြစ်ပြီး နိုင်ငံတကာနဲ့ ကုလသမဂ္ဂအေဂျင်စီတွေရဲ့ အကူအညီအထောက်အပံ့နဲ့လည်း အလှမ်းဝေးနေပါတယ်။ ထိုင်းနိုင်ငံတွင်း ရောက်လာတဲ့ ဒုက္ခသည်တချို့ကိုလည်း ထိုင်းဘက်က နေရပ်ပြန်ဖို့ ဖိအားပေးခဲ့တဲ့အတွက်လည်း စစ်ပြေးဒုက္ခသည်အများအပြားဟာ ပြည်တွင်းမှာပဲ ဘေးလွတ်ရာကို တနေရာပြီး တနေရာ ရွေ့ပြောင်းနေထိုင်နေရတာပါ။

စစ်ပြေးဒုက္ခသည်တွေဟာ လက်လှမ်းမမှီတဲ့နေရာတွေမှာ တကွဲတပြားစီရောက်နေကြလို့ နိုင်ငံတကာအဖွဲ့တွေက လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်ဖို့ အခက်ကြုံကြရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ပြောခွင့်ရ စောနန္ဒဆူးက ဗွီအိုအေကို ပြောပါတယ်။ အထူးသဖြင့် KNU နယ်မြေတွေဖြစ်တဲ့ တပ်မဟာ (၁) သထုံခရိုင်၊ တပ်မဟာ (၄) ထားဝယ်ခရိုင်နဲ့ တပ်မဟာ (၅) ဖာပွန်ခရိုင် ဒေသတွေက ပြည်တွင်းဒုက္ခသည်တွေဟာ အကူအညီတွေနဲ့ အလှမ်းဝေးနေတာလို့ ပြောပါတယ်။

"သူတို့က သူများတွေရဲ့နယ်ပယ်ထဲမှာတို့၊ ပြီးရင် တောထဲမှာတို့ အဲလိုမျိုးတွေ ထွက်ပြေးနေရတာပေါ့နော်။ အဲလိုမျိုး အစုအဖွဲ့ IDP တွေက humanitarian aid (လူသားချင်းစာနာတဲ့ အထောက်အပံ့တွေ) မရကြဘူး။"

ထိုင်းနယ်စပ် ဒါမှမဟုတ် ထိုင်းနယ်စပ်နဲ့ သိပ်ပြီးအလှမ်းမဝေးတဲ့ ပြည်တွင်းဒုက္ခသည်တွေကို နိုင်ငံတကာ အကူအညီတွေထောက်ပံ့ဖို့ လွယ်ပေမယ့် ကရင်ပြည်နယ် အတွင်းပိုင်းက စစ်ပြေးဒုက္ခသည်တွေကိုတော့ ပြည်တွင်းက အရပ်ဘက်အဖွဲ့တွေကပဲ အဓိက ကူညီပေးနေရတာပါ။ အခက်အခဲကတော့ ပြည်တွင်းအရပ်ဘက်အဖွဲ့တွေမှာ ဒုက္ခသည်တွေကို လုံလုံလောက်လောက် ထောက်ပံ့နိုင်ဖို့ ငွေကြေးအင်အား မရှိဘူးလို့ စောနန္ဒဆူးက ပြောပါတယ်။

"လူသားချင်းစာနာတဲ့ အကူအညီတွေပံ့ပိုးဖို့ ဝင်ရောက်နိုင်တာက ဒေသခံ ကရင်လူထုအဖွဲ့အစည်းတွေပဲ ဖြစ်တယ်ပေါ့နော်။ ဆိုတော့ ဒီအကူအညီတွေကို ပို့ဆောင်ပေးနိုင်တဲ့ ဒီအဖွဲ့အစည်းကလည်း လုံလောက်တဲ့ funding (ရံပုံငွေတွေ) မရှိကြဘူး။ ဆိုတော့ ဒီနိုင်ငံတကာ လူသားချင်းစာနာတဲ့ အကူအညီတွေပေးနေတဲ့ အလှူရှင်အဖွဲ့အစည်းတွေအနေနဲ့ ကျနော်တို့ တောင်းဆိုအကြံပြုထားတဲ့ အတိုင်းပဲ ဒီလို IDP တွေရှိနိုင်တဲ့နေရာတွေကို ရောက်နိုင်ဖို့ local stakeholder တွေနဲ့ တိုက်ရိုက် ရံပုံငွေတွေကို ဖြန့်ဖြူးပေးဖို့ ကျနော်တို့က တောင်းဆိုတာပေါ့နော်။"

ကရင်ပြည်နယ်တွင်း စစ်ပြေးဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို "ငြင်းပယ်ခံပြည်သူများ၏ဘဝများ" ဆိုတဲ့ခေါင်းစဉ်နဲ့ KHRG က အွန်လိုင်းဆွေးနွေးပွဲတခုကို ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့ပြီး အဲဒီဆွေးနွေးပွဲကို အရပ်ဘက်အဖွဲ့တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ တက်ရောက်ခဲ့ပါတယ်။ ဒေသခံတွေရဲ့ အခက်အခဲတွေကို မေးမြန်းသုတေသနပြုထားတဲ့ အချက်အလက်တွေကို ဒီဆွေးနွေးပွဲမှာ KHRG ကတင်ပြခဲ့ပါတယ်။

စစ်ကောင်စီဟာ ဒုက္ခသည်တွေဆီရောက်မယ့် အကူအညီတွေကို တားမြစ်ထားသလို၊ လူသားချင်းစာနာတဲ့ အကူအညီတွေ ဝင်ရောက်နိုင်မယ့် လမ်းတွေကိုလည်း ပိတ်ဆို့ထားပါတယ်လို့ KHRG ကပြောပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ ကရင်ပြည်နယ်အတွင်း စစ်ပြေးဒုက္ခသည် ၁၇၀,၀၀၀ ကျော်ရှိပြီး ဒူးပလာယာ ခရိုင်နဲ့ မူတြော်ခရိုင်မှာ စစ်ရှောင်အများဆုံး ခိုလှုံနေကြတာ ဖြစ်ပါတယ်။ ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာပြေးနေကြရတဲ့ မြန်မာပြည်တွင်း ဒုက္ခသည်တွေကို လူသားချင်းစာနာကူညီမှုပေးနိုင်ဖို့ အာဆီယံအသင်းက ကြိုးပမ်းနေတာရှိပါတယ်။

ပြီးခဲ့တဲ့ မြန်မာလူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံတွင်း ဦးစားပေးဒေသတွေ သတ်မှတ်ခဲ့ရာမှာ ကရင်ပြည်နယ်လည်းပါဝင်ပါတယ်။ ဒါပေမယ့်လည်း အာဆီယံနဲ့မြန်မာအကြား အကူအညီပေးရေးနည်းလမ်းဆိုင်ရာ သဘောကွဲလွဲချက်တွေကြောင့် ဒီအကူအညီတွေပေးနိုင်ဖို့ ကြန့်ကြာနေဆဲပါ။ မကြာခင် မြန်မာနိုင်ငံကို လာရောက်မယ့် မြန်မာအရေးဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ခရီးစဉ်အတွင်းမှာတော့ အာဆီယံရဲ့ လူသားချင်းစာနာကူညီမှုဆိုင်ရာ အထောက်အပံ့ကိစ္စတွေ ပြန်လည်ဆွေးနွေးမယ်လို့ ထုတ်ပြန်ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

============
[[Unicode]]












============

XS
SM
MD
LG