သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘီးလင်းနယ်မှာ စစ်ကောင်စီက အရပ်သား ၉၂ ဦးဖမ်းဆီးထားကြောင်း KNU သထုံခရိုင် ထုတ်ပြန်


ဘီးလင်းမြိုနယ်ထဲကစစ်ဘေးရှောင်များ (KIC)
ဘီးလင်းမြိုနယ်ထဲကစစ်ဘေးရှောင်များ (KIC)

[[Zawgyi/Unicode]]


KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၁) ထိန်းချုပ်ရာ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ နယ်ခြား စောင့်တပ် BGF-၁၀၁၄ ပူးပေါင်းတပ်ဖွဲ့တွေဟာ အသက်မပြည့်သေးတဲ့ကလေးသူငယ် (၄) ဦးအပါအဝင် ဒေသခံအရပ်သား (၉၂) ဦးကို ဖမ်းဆီးထားကြောင်း KNU သထုံခရိုင် သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဒီလို ကလေးသူငယ် တွေ အပါအဝင် အရပ်သားတွေကို ဖမ်းဆီးပေါ်တာဆွဲတာ၊ လူသားဒိုင်းအဖြစ်အသုံးပြုတာတွေဟာ နိုင်ငံတကာ ဥပဒေကိုချိုးဖောက်တာဖြစ်တယ်လို့ KHRG ကရင်လူ့အခွင့်ရေးအဖွဲ့က ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၁) ထိန်းချုပ်ရာ မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းမှာ KNU တပ်တွေနဲ့ စစ်ကောင်စီတပ်တွေနဲ့ နယ်ခြားစောင့် တပ်-BGF-၁၀၁၄ ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့မတ်လကတည်း နှစ်ဘက်တိုက်ပွဲတွေပြင်းထန်လာပါတယ်။ နှစ်ဘက်တိုက်ပွဲတွေ ဖြစ်နေစဉ်အတွင်းမှာ စစ်ကောင်စီဘက်ကလေကြောင်းကတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေရှိသလို KNU ဘက်ကလည်း စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်တာနဲ့ စစ်ကောင်စီရဲ့ယာဉ်တန်းတွေကို ခြုံခိုတိုက်ခိုက်တာတွေရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ နယ်ခြားစောင့်တပ်-BGF-၁၀၁၄ ပူးပေါင်းတပ်ဖွဲ့တွေဟာ ဘီးလင်းမြိုနယ် လေးကေကျေးရွာမှာစခန်းချဖို့ စစ်ကူလာရင်းနဲ့ လမ်းတလျှောက်ကျေးရွာတွေက ကျေးရွာသားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုဖို့ဖမ်းဆီးခဲ့ရာမှာ အသက်မပြည့်သေးတဲ့ကလေးသူငယ် (၄) ဦးအပါအဝင် ဒေသခံ အရပ်သား (၉၂) ဦးကို ဖမ်းဆီးထားကြောင်း KNU သထုံခရိုင် သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အခုလိုမျိုး ကလေးသူငယ်တွေနဲ့ အရပ်သားတွေကို တန်ဆာခံအဖြစ် ဖမ်းဆီးတာတွေ၊ စစ်ပွဲတွေအတွင်း လူသားဒိုင်းအဖြစ်စ် အသုံးပြုတာတွေဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ချိုးဖောက် တာဖြစ်ကြောင်း ကရင်လူ့အခွင့်ရေးအဖွဲက ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးကအခုလိုပြောဆိုပါတယ်။

“အခုကတော့ လူသားချင်း စာနာထောက်ထားမှုဥပဒေကို ချိုးဖောက်ရာရောက် တာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ အတင်းအဓမ္မဖမ်းဆီးခံရတာတွေ၊ ပေါ်တာဆွဲတာသာမကဘဲ လူသားဒိုင်းအဖြစ် အသုံးပြုတာရှိတယ်။ ဖမ်းဆီးခံရတဲ့အထဲမှာကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်တွေပါသလို တပ်မဟာ (၁) ဘက်မှာဆို သက်ကြီးရွယ်အိုတွေသာမက ကိုဗစ်ရောဂါရှိနေတဲ့သူတွေပါ ပါတယ်။ အခုဟာက ကြီးမားတဲ့ လူ့အခွင့်ရေးချိုးဖောက်သလို ကလေးအခွင့်အရေး ချိုးဖောက်တာလည်းဖြစ်တယ်။ ရွာသားကိုလည်း အခွင့်အရေးချိုးဖောက်တာ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ရွာသားတွေကို လူသားဒိုင်းအဖြစ်အသုံးပြုတာကြောင့်ဖြစ်တယ်။”

စစ်ပွဲတွေအတွင်း အရပ်သားတွေကို ပေါ်တာတွေအဖြစ် ဖမ်းဆီးတာ၊ လူသားဒိုင်းအဖြစ် အသုံးပြုတာတွေဟာ ကရင်ပြည်ရဲ့ပြည်တွင်းစစ်တလျှောက်မှာဖြစ်ခဲ့တာတွေရှိသလို အခု တနှစ်ကျော်အတွင်းမှာတော့ ခပ်စိတ်စိတ်ဖြစ်လာတယ်လို့လည်း ကရင်လူ့အခွင့်ရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးကပြောပါတယ်။

“အခုကျတော့ ခပ်စိတ်စိတ်ဖြစ်လာတယ်လို့ ပြောလို့ရတယ်။ ပြီးခဲ့တဲ့ လတွေတုန်းက တပ်မဟာ (၅) မှာကော (၆) မှာကောဖြစ်ခဲ့တယ်။ အခုကတော့ တပ်မဟာ (၁) ဘက်မှာ ဒုတိယအကြိမ်ဖြစ်ခဲ့ပြီပေါ့။”

ပြီးခဲ့တဲ့မတ်လတုန်းကတော့ တပ်မဟာ (၁) ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်စွဲထားတဲ့ လေးကေနဲ့ဝင်းတာပန်စခန်းတွေကို ဖယ်ရှားပေးဖို့ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ကတောင်းဆိုခဲ့ပေမယ့် ဖယ်ရှားပေးတာမရှိဘဲ စစ်ရေးအရတင်းမာလာခဲ့ပါတယ်။

စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တွေဘက် လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မူတွေနဲ့ ရွာတွေကို လက်နက်ကြီးကျည်ဆံတွေကျရောက်တဲ့အတွက် မွန်နဲ့ ကရင်ပြည်နယ် နယ်စပ်ကျေးရွာပေါင်း ၁၀ ရွာလောက်က ဒေသခံ တသောင်းလောက်ဟာ မတ်လ ၂၃ ရက်နေ့ကနေ စပြီး ဒီနေ့အထိ အိုးအိမ်တွေပစ်ပြီး ထွက်ပြေးနေရဆဲဖြစ်ပါတယ်။

#MyanmarViolence #MyanmarHumanRights #KarenConflict #VOABurmese #KNU HKRG #သထုံ #ဘီးလင်း #စစ်ဘေးရှောင် #အိုးအိမ်စွန့် #လေးကေ #စစ်ကောင်စီ #ဗွီအိုအေ

============

[[Unicode]]












============

XS
SM
MD
LG