သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့ခံများ အိန္ဒိယနယ်စပ်တိမ်းရှောင်


အိန္ဒိယနယ်စပ်၊ ဖလမ်းမြို့နယ်အတွင်း ရိခေါ်ဒါရ်မြို့နဲ့ နာမည်ကျော် ရိဒ်ရေအိုင် (ဓာတ်ပုံ VOA & MIMU)
အိန္ဒိယနယ်စပ်၊ ဖလမ်းမြို့နယ်အတွင်း ရိခေါ်ဒါရ်မြို့နဲ့ နာမည်ကျော် ရိဒ်ရေအိုင် (ဓာတ်ပုံ VOA & MIMU)

[[Zawgyi/Unicode]]


ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ဘက်မှာ တိုက်ပွဲဖြစ်လာနိုင်တဲ့ အခြေအနေဖြစ်နေတာမို့ ဒေသခံတွေ မြို့ကနေတိမ်းရှောင်ကြဖို့ ချင်းကာကွယ်ရေး CDF Hualngoram (ဟွာလ်ငိုရမ်) အဖွဲ့ကနေ ကြေညာခဲ့ပြီးနောက် ရိခေါ်ဒါရ်မြို့မှာ နေထိုင်တဲ့ပြည်သူ ထောင်နဲ့ချီ အိန္ဒိယနယ်စပ်ဘက်ကို စစ်ဘေးတိမ်းရှောင်နေကြပါတယ်။ လက်ရှိရိခေါ်ဒါရ်မြို့ဘက်ကို CDF ဘက်ကနေ ယဉ်အသွားအလာကအစ ပိတ်ပင်ထားတယ်လို့မြို့ခံတွေကပြောပါတယ်။ အိန္ဒိယနယ်စပ်ဘက် တိမ်းရှောင်နေကြပေမဲ့ အဲဒီမှာလဲ အခက်အခဲတွေရှိနေတဲ့အကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ဘက်မှာ မတ်လဆန်းကစလို့ စစ်ကောင်စီတပ်တွေ အင်အားတိုးချနေတာကြောင့် တိုက်ပွဲဖြစ်ပွါးလာမဲ့အခြေအနေရှိတဲ့အတွက် မြို့ခံပြည်သူအားလုံး နေရပ်ကနေထွက်ခွါဖို့ ချင်းကာကွယ်ရေးအဖွဲ့တခုက မတ်လ ၇ ရက် တနင်္လာနေ့က စာထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်ထွက် လာခဲ့ပြီးနောက် ရိခေါ်ဒါရ်မြို့ အမှတ် (၁) နဲ့ အမှတ် (၂) ရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံ အားလုံးနီးပါး အိမ်နီးချင်း အိန္ဒိယနိုင်ငံဘက်ကို တိမ်းရှောင်သွားကြတယ်လို့ ကိုယ်တိုင်လည်း တိမ်းရှောင်နေတဲ့ မြို့ခံတယောက်က ပြောပြပါတယ်။

“ရိဒ်ဘက်မှာတော့ မနေ့က အမှတ် (၁) ရပ်ကွက်ကော အမှတ် (၂) ရပ်ကွက်ကော အားလုံး ဟိုဘက်ကို ထွက်ပြေးကြတယ်။ မနေ့က CDF Hualngoram (ဟွာလ်ငိုရမ်) ကနေ သူတို့ ထုတ်ပြန်ချက်ထုတ်တယ်လေ။ ညနေပိုင်း (၆) နာရီ မထိုးခင်အထိကို အားလုံးဘေးလွတ်ရာကို ပြောင်းရွှေ့ဖို့ဆိုပြီးတော့သူတို့ထုတ်ပြန် ချက်ထုတ်တယ်လေ။ အဲဒါနဲ့ တိုက်ပွဲက ဖြစ်နိုင်တဲ့ အလားအလာတွေရှိတဲ့အတွက်ကြောင့် အခုက အမှတ် (၂) ရပ်ကွက်ကော အမှတ်(၁) ရိဒ်တောင်ပေါ်မှာရှိတဲ့ အမှတ်(၁) ရပ်ကွက်ကော နှစ်ခုစလုံးက ပြည်သူတွေအားလုံး ဟိုဘက်ကို မနေ့ညက အကုန်လုံး ပြေးကုန်ကြတယ်။ ခန့်မှန်းခြေကတော့အမှတ် (၂) ရပ်ကွက်မှာ လူဦးရေက (၅,၀၀၀) လောက်ရှိတယ်လေ။ အမှတ် (၁) ရပ်ကွက်မှာက လူဦးရေ (၁,၀၀၀)။ ဆိုတော့ လူဦးရေ( ၆,၀၀၀) လောက်ရှိတယ်လေ။ ရိဒ်မြို့ကနေ။ တိုက်ပွဲက ဒီနေ့ဖြစ်မလား၊ မနက်ဖြန် ဖြစ်မလားဆိုပြီးတော့ အချိန်မရွေးဖြစ်နိုင်တဲ့အနေအထားမှာ ရှိနေတယ်ပေါ့နော်။ အဲတာကြောင့် CDF ဘက်ကလည်း ပြည်သူတွေကို ဟိုဘက်ကိုပြေးခိုင်းတာနေမှာ။ ’’

ချင်းကာကွယ်ရေးအဖွဲ့တခုဖြစ်တဲ့ Chinland Defense Force – Hualngoram (ဟွာလ်ငိုရမ်) အဖွဲ့ကနေ မတ်လ ၇ ရက်နေ့က ရိခေါဒါရ်မြို့အမှတ် (၂) (တီအိုချောင်း) မှာ နေထိုင်ကြတဲ့ပြည်သူတွေ ညနေပိုင်း ၆ နာရီမထိုးခင် ဘေးလွတ်ရာကို ပြောင်းရွှေ့ကြဖို့ ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက်မှာ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြတာပါ။ ရိခေါ်ဒါရ်မြို့ခံတွေအကုန်လုံးနီးပါး အိန္ဒိယနိုင်ငံထဲက ဇိုးခေါထားကျေး ရွာ ဘက်မှာတိမ်းရှောင်နေကြပါတယ်။ ရိခေါ်ဒါရ်မြို့ အနီးတဝိုက်မှာရှိတဲ့ ကျေးရွာတွေက ရွာသားတွေအနေနဲ့လည်း ရိဒ်ခေါ်ဒါရ်မြိုဘက်မလာကြဖို့ CDF အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

“အကုန်လုံး မီဇိုရမ် ဇိုးခေါထားဘက်ကို အကုန်လုံးပြေးကြတယ်။ အဲဒီရိမြို့နားမှာရှိတဲ့ ကျေးရွာလေးတွေလည်း များတယ်လေနော။ ကျေးရွာတွေကပြည်သူတွေကလည်း အဲဒီ ရိဒ်ဘက်ကို မလာဖို့ပေါ့နော်။ သူတို့ အဲဒီလို စာထုတ်ထားတယ်။’’

လက်ရှိမှာ ရိခေါ်ဒါရ်မြို့ဘက် ကားအသွားအလာတွေကိုလည်း ချင်းကာကွယ်ရေးအဖွဲ့တွေဘက်က ပိတ်ပင်ထားတယ်လို့လည်း ခရီးသည်တင်ကား ယာဉ်မောင်းတဦးက ပြောပါတယ်။

“အခု လောလောဆယ်တော့လမ်းပိတ်နေတယ်။ CDFတွေက လမ်းပိတ်တာတဲ့။ ဘယ်အထိပိတ်မလဲတော့ ပြောလို့ မရဘူး။ အခုကျတော့ ကားတွေလည်း သွားလို့မရဘူးလေ။ မနေ့ညနေကြေညာတာလေ။ မနေ့ညနေပိတ်သွားတာ။’’

ကလေး-တီးတိန်-ရိခေါဒါရ် ယာဉ်လိုင်းပြေးဆွဲနေတဲ့ မော်တော်ယာဉ်တွေအားလုံး ဒီနေ့မတ်လ ၈ ရက်နေ့ ကစလို့ ရိခေါဒါရ်ဘက်ကို ယာဉ်လိုင်းပြေးဆွဲမှုအားလုံးရပ်နားထားကြဖို့ CDF-Hualngoram က ထုတ်ပြန် ထားလို့ ကား အသွားအလာ ရပ်ဆိုင်းနေပါတယ်။ ပြီးခဲ့တဲ့မတ်လ (၅) ရက်နေ့ကလည်း ရိခေါဒါရ်မြို့အမှတ် (၂) ရပ်ကွက်တောင်ကုန်းပေါ်မှာ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြားတိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။ အဲဒီတိုက်ပွဲအတွင်း စစ်တပ်ဘက်က အကျအဆုံးများတယ်လို့ ချင်းပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ ထုတ်ပြန်ခဲ့ပေမယ့် ဗွီအိုအေက သီးခြား အတည်မပြုနိုင်ပါဘူး။

ချင်းပြည်နယ်ဘက်က စစ်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံ ဇိုးခေါထားကျေးရွာဘက်ရောက်နေတဲ့ စစ်ဘေးရှောင်တွေဟာ ယာယီ စစ်ဘေးရှောင်စခန်းနဲ့ ဆွေမျိုးသားချင်း အိမ်တွေမှာ ခိုလှုံနေကြပါတယ်။ လက်ရှိ ဇိုးခေါထားရောက် အိုးအိမ်ပြစ်ဒုက္ခသည်တွေရဲ့ အခြေအနေကို ဒုက္ခသည်တယောက်က အခုလိုပြောပါတယ်။

“ရိဒ်ခေါ်ဒါရ်ရဲ့တဖက်ခြမ်းပေါ့။ အိန္ဒိယကို။ တချို့ကကျတော့ သူတို့ကဆိုရင် စစ်ဘေးရှောင် တဲကလေးတွေ ဆောက်ထားတာရှိတယ်။ တချို့ကျတော့လည်း အိန္ဒိယဘက်က ဆောက်ပေးကြတယ်လေ။ ဒီမီဇိုရမ် ပြည်နယ်ဘက်က ဆောက်ပေးထားတဲ့ဟာ စစ်ဘေးရှောင်တဲစခန်းလေးတွေလည်း ရှိတယ်။ တချို့ကျတော့ဆွေမျိုးအိမ်မှာ စားကြတယ်။ တချို့ကျတာ့ မီဇိုရမ်အစိုးရကထောက်ပံ့ပေးတာလည်း ရှိတယ်။ အခက်ကျတော့တွေ့နေကြတာပဲ။ တချို့ကျတော့ ဆွေမျိုးရှိတဲ့သူတွေကပဲ အဆင်ပြေတယ်။ အဲဒီဘက်ခြမ်းမှာ။ စစ်ရှောင်စခန်းတွေမှာ အိမ်သာတွေဘာတွေမရှိတဲ့ အနေအထားမှာ အခက်တွေ့နေကြတယ်။’’

မြန်မာနိုင်ငံဘက်က ထွက်ပြေးလာကြတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ မီဇိုရမ်ပြည်နယ်မြို့တော် အိုင်ဇောလ်မြို့အပါအဝင် ခရိုင် ၁၁ ခု မှာရှိတဲ့ စစ်ဘေးရှောင် စခန်းတွေမှာ ဖြန့်ကျက်နေထိုင်ကြပါတယ်။ မီဇိုရမ် ပြည်နယ်အစိုးရနဲ့ အစိုးရမဟုတ်တဲ့ (NGO) အဖွဲ့အစည်းတွေ၊ ဘာသာရေး အသင်းအဖွဲ့အစည်းတွေ၊ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ကူညီပေးနေပါတယ်။ ယခုလက်ရှိ မီဇိုရမ်ပြည်နယ်အစိုးရရဲ့ စာရင်းမှတ်တမ်းအရ မြန်မာနိုင်ငံဘက်က ထွက်ပြေးလားသူ ၂၄,၂၈၉ ဦးရှိနေပြီလို့ မီဇိုရမ် အစိုးရအဖွဲ့က ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံဘက်မှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်ကနေတဆင့် မီဇိုရမ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြသူတွေ ရှိနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=================
[[Unicode]]














=================

XS
SM
MD
LG