သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးမြို့တောင်ပိုင်း စစ်ပြေးဒုက္ခသည်တချို့ တံတားကျိုးကျလို့သေဆုံး


မြစ်သာမြစ်ကမ်းနှစ်ဘက်ကိုဖြတ်ကူးဖို့ ဝါးနဲ့ယာယီဆောက်ထားတဲ့ ပေ ၂၀၀ အရှည်ရှိ မြစ်ကူးတံတား (ဓာတ်ပုံ-Zalen)
မြစ်သာမြစ်ကမ်းနှစ်ဘက်ကိုဖြတ်ကူးဖို့ ဝါးနဲ့ယာယီဆောက်ထားတဲ့ ပေ ၂၀၀ အရှည်ရှိ မြစ်ကူးတံတား (ဓာတ်ပုံ-Zalen)

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းမှာ တိုက်ပွဲကြောင့် ဒေသခံတချို့ထွက်ပြေးကြရာမှာ မြစ်ကူးစဉ် ယာယီဝါးကပ်တံတားကျိုးကျလို့ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။ ရေနစ်သွားတဲ့ ၁၅ ဦးမှာ လက်ရှိ အလောင်း (၆) လောင်း ဆယ်ယူရရှိထားတယ်လို့ လူမှုကူညီရေးအဖွဲ့ကပြောပါတယ်။ ကလေးမြို့နယ်ဘက် စစ်ရေး အခြေအနေကိုတော့ ရန်ကုန်ကပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ကလေးမြို့နယ်တောင်ပိုင်းဒေသမှာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး အဖွဲ့တို့ကြား နေ့စဉ်လိုလိုတိုက်ပွဲဖြစ်ပွားနေတာပါ။ ဒီကနေ့ အရှေ့စည်းရွာဘက်မှာ နှစ်ဘက်တိုက်ပွဲဖြစ်စဉ် ဘေးလွတ်ရာကို တိမ်းရှောင်ကြတဲ့ အရှေ့စည်းရွာ နဲ့ ဒိုးနွယ်ရွာက ရင်ခွင်ပိုက်ကလေးနဲ့မိခင်အပါအဝင် လူ (၆) ဦး တံတားကျိုးကျလို့ ရေနစ်သေဆုံးသွားတယ်လို့ ကလေးမြို့ နယ် တောင်ပိုင်းဘက်က စစ်ရှောင်အကူအညီပေးသူ ကိုဇင်မင်းမောင်က ပြောပါတယ်။

“စစ်ကောင်စီတပ်သားတွေလာတဲ့အချိန်မှာ ထွက်ပြေးတိမ်းရှောင်ရင်းနဲ့ပေါ့နော်။ တံတားကျိုးသွားတာဗျ။ ကလေးတွေရော ရေနစ်သေဆုံးတာဖြစ်ပေါ်တယ်။ ဆိုင်ကယ်ရောပေါ့နော်။ တံတားကျိုးသွားတာ။ (၁၅) ယောက်ယောက်ကတော့ အနည်းဆုံးပဲဗျ။ သေဆုံးအတည်ပြုသွားတာ ကျနော့်ဆီကိုဆက်သွယ်လာတာက (၆) ယောက် လောက်ပဲ ရှိသေး တယ်။ တော်တော်များများရေထဲမှာပဲ ရှိသေးတယ်။ အကုန်လုံးဆယ်ယူလို့မရတာ ရှိသေးတယ်။”

ဒိုးနွယ်ရွာဘက်မှာ တိုက်ပွဲဖြစ်ပွါးနေတာကြောင့် စစ်ရှောင်ပြေးလွှားရင်း မြစ်သာမြစ်တံတားကိုဖြတ်ကူးစဉ် ဝန်နဲ့အားမမျှလို့ တံတားကျိုးကျတာမှာ လူ (၁၅) ဦး ရေထဲမျောပါနစ်မြုပ်ပြီး ၎င်းအနက်က ကလေး (၃) ဦးနဲ့ မိခင်အပါဝင် လူကြီး (၃) ဦး သေဆုံးသွားကြောင်း ကနဦးသတင်းရရှိထားတာပါ။

ကျန်ရှိတဲ့သူတွေကိုတော့ ဒေသခံတွေနဲ့လူမှုကူညီရေးအဖွဲ့တွေက ဆယ်ယူဖို့ကြိုးစားနေဆဲလို့သူကပြောပါတယ်။

ကျိုးကျတဲ့တံတားဟာ ဝါးကပ်တံတားငယ်ဖြစ်ပြီး အကျယ်၅ပေ အရှည်ပေ (၂၀၀) လောက်ရှိပြီးတော့ မြစ်သာမြစ်ပေါ် ယာယီဆောက်လုပ်ထားတာပါ။

လက်ရှိအရှေ့စည်းရွာဘက်မှာ ဒေသခံကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်အကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးနေတယ်လို့ ဒိုးနွယ်ရွာသားတဦးကပြောပါတယ်။

“အခု ဒိုးနွယ်ဆိုတဲ့ အရှေ့စည်းရွာရဲ့ အရှေ့ဘက် မြစ်သာမြစ်ကမ်းပေါ့။ အဲဒီဘက်မှာ စစ်ကြောင်းတကြောင်း ထွက်ပြီး တော့ အဲဒီမှာထိတွေ့မှုဖြစ်နေတယ်။ အဲဒီဘက်မှာ CDF တွေရှိတယ်ထင်တယ်။ ဒီမနက် တမနက်လုံးပဲ ဖြစ်နေတယ်။”

ကလေးမြို့နယ် အရှေ့စည်းရွာဘက်တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး CNF ပြောခွင့်ရ ပူးထက်နီက အတည်ပြုခဲ့ပေမယ့် ဖြစ်စဉ် အတိအကျမသိသေးဘူးလို့ပြောပါတယ်။

ဒါ့အပြင် ကလေးမြို့တောင်ဘက် (၈) မိုင်အကွာ သာယာကုန်းရွာဘက်မှာ ဒီညနေ့ဧပြီလ (၂၇) ရက်ညနေပိုင်းမှာ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

“သာယာကုန်းအနား အခုတိုက်ပွဲက။ သာယာကုန်းဆိုတာ ကလေးမြို့ရဲ့တောင်ပိုင်းပေါ့။ နတ်ချောင်းနဲ့ ဒီဘက်အကြားပေါ့။ အခုကစောစောတုန်းကဖြစ်သွားတာ။ နှစ်နာရီလောက်ကြာတယ်။ ကလေးနဲ့ (၈) မိုင်အကွာမှာ။ စစ်ခွေးက ၃ ကောင် ကျသွားတယ်။ သူတို့ရွာသားတယောက်ကိုလည်း ပစ်သတ်သွားတယ်။ အဲဒီသာယာကုန်းရွာသားတယောက်။”

ချင်းပြည်နယ် ဟားခါး-ဂန့်ဂေါလမ်းတိုက်ပွဲနဲ့ ကလေးမြို့တောင်ပိုင်းတိုက်ပွဲအခြေအနေကို သိရှိဖို့ စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့မရခဲ့ပါဘူး။

ကလေးမြို့နယ်တောင်ပိုင်း နတ်ချောင်း၊ နတ်မြောင်း၊ ချောင်းခွ၊ စည်သာ၊ အောင်ချမ်းသာရွာဘက်မှာ ဒီသီတင်းပတ်က စလို့ တိုက်ပွဲဖြစ်ပွါးနေခဲ့တာပါ။

ကလေးမြို့နယ်တောင်ပိုင်းဒေသမှာ ကလေး PDF၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ချင်းအမျိုးသားတပ်ဦး CNF၊ ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ CNDF စတဲ့ ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွါးနေဆဲဖြစ်ပြီး တိုက်ပွဲကြောင့် ဒေသခံရွာသားထောင်နဲ့ချီ စစ်ဘေးလွတ်ရာကိုတိမ်းရှောင်ထွက်ပြေးနေရပါတယ်။

ဒါ့အပြင်ချင်းပြည်နယ် ဟားခါး-ဂန့်ဂေါကားလမ်းပိုင်းမှာလည်း စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ချင်းကာကွယ်ရေးပူးပေါင်း အဖွဲ့တွေ (၅) ရက်ဆက် တိုက်ပွဲဖြစ်ပွါးနေဆဲလို့ ချင်းအမျိုးသားတပ်ဦး CNF က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

==================

[[Unicode]]

















==================

XS
SM
MD
LG