[[Zawgyi/Unicode]]
စစ်ကောင်စီတပ်တွေက ယင်းမာပင်မြို့နယ်မှာရှိတဲ့ ကျေးရွာတချို့ကို နယ်မြေရှင်းလင်းစစ်ဆင်မှုတွေလုပ်ခဲ့ရာမှာ နေအိမ်တချို့မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဘန့်ဘွေးကျေးရွာနဲ့ ထန်းဇင်ကျေးရွာတွေမှာ နေအိမ် ၂၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောတာပါ။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို မမြသဇင်အောင်က တင်ပြပေးထားပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်နေ့ကတည်းက ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတချို့ကို စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရေးပုံစံနဲ့ စစ်ကြောင်းဝင်ရောက်လာရာမှာ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိတွေတိုက်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီတပ်တွေက ဘန့်ဘွေးရွာမှာ တပ်စွဲပြီး ဘန့်ဘွေးရွာ၊ ထန်းဇင်ရွာ၊ ဘန့်ဘွေးမြောက်ရွာနဲ့ လက်ပံရွာတွေထဲက နေအိမ်တချို့ကို ဖျက်ဆီးတာ၊ မီးရှို့တာတွေ လုပ်ခဲ့ကြတယ်လို့ လက်ပံရွာဒေသခံတဦးက VOA ကို ပြောပြပါတယ်။
“ဘန့်ဘွေးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဘန့်ဘွေးရွာရဲ့ မြောက်ဘက်က ဘန့်ဘွေးထန်းဇင်ရွာမှာ နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်ပေါ့ဗျာ။ ဘန့်ဘွေးမြောက်ရွာမှာကျတော့ နေအိမ် အလုံး ၂၀ ကို မီးရှို့သွားတယ်ပေါ့ဗျာ။ ဘန့်ဘွေးထန်းဇင်နဲ့ ဘန့်ဘွေးမြောက်ရွာ နှစ်ရွာ စုစုပေါင်း နေအိမ်ဟာ ၂၃ လုံး မီးရှို့ဖျက်ဆီးခံလိုက်ရတယ်ပေါ့ဗျာ။ အဲ့လိုမီးရှို့ဖျက်ဆီးခံလိုက်ရတာ ကြောင့် မို့လို့ နေအိမ်မှာရှိတဲ့ ဝက်တွေ နွားတွေ ကျွဲတွေ မြင်းတွေက စပြီးတော့ တိရစ္ဆာန်တော်တော် များများ မီးထဲပါပြီး သေသွားကြတယ်ပေါ့ဗျာ။”
ဘန့်ဘွေးကျေးရွာနဲ့ လက်ပံကျေးရွာနားမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ပစ်ခတ်မှုတချို့ ခဏတာ ရှိခဲ့ပေမယ့် ထိတွေ့တိုက်ပွဲ ကြီးကြီးမားမား မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်တွေ တပ်စွဲတာ မီးရှို့ဖျက်ဆီးတာတွေလုပ်နေတဲ့ ကျေးရွာတွေမှာ ဒေသခံပြည်သူတွေ အားလုံး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။
“သူတို့စစ်ကောင်စီက သေနတ်တွေနဲ့ ဝင်ပြီးတော့ ပစ်ခတ်ပြီးတော့ ဝင်လာပါတယ်။ လူတွေကလည်း အခု လူတွေကလည်း အခု ဘန့်ဘွေးကျေးရွာ၊ ဘန့်ဘွေးထန်းဇင်၊ ဘန့်ဘွေးမြောက်ရွာ၊ လက်ပံကျေးရွာ နပုတော ကျေးရွာ ဂွေးချောင်းကျေးရွာမှာ ရှိကြတဲ့ ပြည်သူတွေအားလုံးဟာ တောတွေထဲမှာ တိမ်းရှောင်နေကြရတာ ရက်ပေါင်း ၂၀ ရှိနေပါပြီဗျ။”
စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးအတွင်း နေအိမ်မီးရှို့ခံရတာတွေရှိသလို အရပ်သားတွေ ထိခိုက်သေဆုံးမှုလည်းရှိနေတယ်လို့ ဒေသခံက ပြောပါတယ်။
“ဒီကျနော်တို့ ယင်းမာပင်မြို့နယ်ထဲမှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကနေ ဒီကနေ့အထိ အကြမ်းဖက် စစ်ကောင်စီက ကျေးရွာတွေကို နယ်မြေစိုးမိုးမှုအတွက် ဝင်ရောက်စီးနင်းတဲ့အခါမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးနဲ့ စစ်ဘေးရှောင် အပြစ်မဲ့အရပ်သားပြည်သူ ၂၆ ဦး စုစုပေါင်း ၂၇ ဦးကို မီးရှို့သတ်ဖြတ်ခံရတဲ့ အခြေအနေတွေလည်း ရှိခဲ့တယ်။ နောက် စစ်ဘေးရှောင်ရင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်လို့မို့ ထိပြီး သေဆုံးခဲ့တာတွေလည်း ရှိတယ်။ အဲ့တော့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကနေ ဒီကနေ့ထိဆိုလို့ရှိရင် ယင်းမာပင်မြို့နယ်ထဲမှာ အပြစ်မဲ့ ပြည်သူ ၂၇ ဦးသတ်ခံရတယ်ဗျာ။ လူနေအိမ် ရာနဲ့ ချီမီးရှို့ခံရတယ်ဗျာ။”
စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ တလျှောက်ကျေးရွာသားတွေဟာ နေအိမ်တွေစွန့်ပြီး တောထဲမှာ ပုန်းရှောင်နေရတာလည်း ရက်၂၀ လောက်ရှိပြီလို့ ဒေသခံတွေပြောပါတယ်။ စစ်ကောင်စီတပ်တွေ ရွာကပြန်ထွက်ချိန်မှာ တချို့ရွာကို ပြန်လာတာမျိုးရှိပေမယ့်၊ ပြောင်းရွေ့ဖို့ခက်တဲ့ သက်ကြီးအရွယ်တွေ ကလေးငယ်တွေပါတဲ့ မိသားစုတွေကတော့ တောထဲမှာပဲ နေကြရပါတယ်။ ဒါကြောင့်လည်း ယင်းမာပင်နယ် စစ်ပြေးဒုက္ခသည်တွေမှာ စားသောက်နေထိုင်ရေးလည်း ခက်ခဲနေကြတယ်လို့ သိရပါတယ်။
=============
[[Unicode]]
=============