သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥကရစ်ထတိုက်ပွဲကြောင့် ဒုက္ခသည်ထောင်ဂဏန်းထိုင်းနယ်စပ်တိမ်းရှောင်


ဥကရစ်ထ ကရင်. စစ်ရှောင်ပြည်သူများ။ (ဇွန် ၃၀၊ ၂၀၂၂၊ ဓာတ်ပုံ KNU)
ဥကရစ်ထ ကရင်. စစ်ရှောင်ပြည်သူများ။ (ဇွန် ၃၀၊ ၂၀၂၂၊ ဓာတ်ပုံ KNU)

[[Zawgyi/Unicode]]

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင်ထဲက စစ်ကောင်စီရဲ့ ဥကရစ်ထ စခန်းအနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ မြန်မာစစ်တပ်နဲ့ လေးရက်ဆက်တိုက် ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်နေပါတယ်။ အရပ်သားတွေအပါအဝင် နှစ်ဘက်ထိခိုက်မှုတွေရှိနေသလို စစ်ကြောင့် ဒေသခံထောင်ဂဏန်း ထိုင်းနယ်စပ်ဘက်ကို ထွက်ပြေးနေကြရပါယ်။ ထိုင်း-မြန်မာနယ်စပ်ကနေ ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင်ထဲက စစ်ကောင်စီရဲ့ ဥကရစ်ထ စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေနဲ့ပူးပေါင်းတပ်ဖွဲတွေ ပြန်လည်သိမ်းပိုက်ဖို့ကြိုးစားနေတာကြောင့် နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ စစ်ကောင်စီဘက်က ၄ ရက်ဆက်တိုက် ဥကရစ်ထစခန်းနဲ့အနီးတဝိုက် ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ထောင်ဂဏန်းလောက် ထိုင်းနယ်စပ်ဘက်ကို ထွက်ပြေးနေကြပါတယ်။ နှစ်ဘက် အထိအခိုက် အပြင် အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။ ဇွန်လ ၃၀ ရက်နေ့ မနက်မှာတော့ ထိုင်းဘက်ကို စစ်ဘေးရှောင်နေတဲ့ ၂၁ နှစ်အရွယ် မသန်စွမ်းတဲ့လူငယ်တဦး အိပ်နေစဉ် သူပုန်းခိုနေတဲ့တောင်ယာတဲကို လက်နက်ကြီးကျည်ဆံကျရောက်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ ကရင်သတင်းစဉ်ရဲ့တာဝန်ခံအယ်ဒီတာ ကိုစောသိန်းမြင့်က ပြောပါတယ်။

“ ဒီနေ့ဆိုရင်တော့လေယာဉ်နဲ့လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက အတော်လေးပြင်းထန်တယ်။ ပစ်ခတ်နေတုန်းပဲ။ မြေပြင်မှာထိတွေ့မှုဆိုတာထက် တိုက်ပွဲကပြင်းထန်တဲ့အနေအထားမှာရှိတယ်။ စစ်ဘေးရှောင်တွေလည်း နယ်စပ် ဘက်ရောက်လာတယ်။ တချို့ကတော့ တောင်ယာတဲတွေထဲမှာ ခိုလှုံနေကြတုန်းပဲ။ ဒီမနက် ၂ နာရီလောက်မှာတော့ ထိုင်းနယ်စပ် ဝေါလေချောင်း ကမ်းနဘေးမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်တဦး လက်နက်ကြီးထိမှန်ပြီး ဆုံးသွားတာပေါ့။ အမျိုးသားတဦးပါ။ စစ်ရှောင်တွေက သူတို့ရွာတွေမှာမနေရဲတော့ဘူး။ တယောက်စ နှစ်ယောက်စလောက်ပဲနေကြတော့တယ်။ အထူးသဖြင့် ထိုင်းမြန်မာနယ်စပ် ကမ်းနဖူးတွေမှာ တချို့တွေက ထိုင်းဘက်ခြမ်းကိုကူးလာပြီးတော့ တဲတွေမှာ ဖြစ်သလိုခိုလှုံနေကြတယ်။ လူဦးရေ ၁,၀၀၀ ကျော်တယ်လို့တော့ပြောလို့ရတယ်။ အဲဒါတော့လုံးဝငြင်းလို့မရဘူး။”

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ရော၊ ပူးတွဲကာကွယ်ရေတပ်တွေဘက်ကပါ နှစ်ဘက်စလုံး ထိခိုက်ဒဏ်ရာရမှုတွေရှိတယ်လို့ဆိုပေမယ့် သီးခြားအတည်ပြုလို့ မရသေးပါဘူး။ စစ်ကောင်စီထုတ်ပြန်ချက်မှာတော့ PDF နဲ့ KNLA တပ်တွေက ဇွန်လ ၂၆ ရက်နေ့ကစလို့ ဥကရစ်ထစစ်ဆင်ရေးခြေကုပ်စခန်းကို တိုက်ခိုက်နေပြီး လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ ပြန်လည်ချေမှုန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ နှစ်ဘက် ထိခိုက်သေဆုံးမှုတွေကတော့ ထုတ်ပြန်ချက်ထဲ မပါပါဘူး။

လေကြောင်းကနေတိုက်ခိုက်နေတာ ၄ ရက်ဆက်တိုက်ရှိလာပြီဖြစ်သလို ဒေသခံရွာသားတွေလည်း ရွာတွေမှာမနေရဲတော့ဘဲ ဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ စစ်ဘေးရှောင်ဒုက္ခသည်တဦးကပြောပါတယ်။

“သူတို့က နာရီဝက်တခါ၊ တနာရီတခါ ဆက်တိုက်တက်လာတယ်။ အခုလည်းတက်သွားတယ်။ အပေါ်က လေယာဉ်နဲ့ပစ်လို့ အောက်ကနေ အလုံးကြီး( လက်နက်ကြီး) နဲ့ ထုလိုက်ပဲ။ လေယာဉ်ပျံက ည ၁၂ လောက်တခါ၊ မနက် ၃ နာရီလောက် တခါ အခု မနက်ပိုင်းမိုင်းလင်းလည်းလာတယ်။ တနေကုန်ပါပဲ၊ ဒီဗုံးခိုကျင်းတွေကလည်း သူတို့လေယာဉ်နဲ့ပစ်နေတော့ နေလို့မရပါဘူး။ တချို့လည်း ထိုင်းဘက်ကူးတယ်။ တချို့တွေလည်း မြန်မာပြည်ဘက် ဆိုဒ်က ဒုက္ခသည်တွေထားတဲ့နေရာဘက် ပြေးလာကြတယ်။”

တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရသူတချို့ကို ထိုင်းဘက်မှာ အရေးပေါ်ကုသမှုပေးနေပြီး ဒါကို ထိုင်းလူမှုကယ်ဆယ်ရေးအဖွဲ့တွေက အကူအညီတွေပေးနေပါတယ်။

ထိုင်းဘက်ကို လက်နက်ကြီးကျည်ဆံများကျရောက်ပေါက်ကွဲမှုတွေရှိတာအပြင် မြန်မာဘက်က တိုက်လေယာဉ်တစီး ထိုင်းဘက်ကို နယ်ကျော်ဝင်ရောက်လာတဲ့အတွက် ထိုင်းစာသင်ကျောင်းတချို့ပိတ်လိုက်ရပြီး ထိုင်းနိုင်ငံသားတွေလည်း စိုးရိမ် ထိတ်လန့်နေပါတယ်။

ထိုင်း မြန်မာနယ်စပ် ထိုင်းနယ်နမိတ်ဖြစ်တဲ့ဖွတ်ဖရ မြိုနယ်ထဲက ကျေးရွာပေါ်ကို မြန်မာစစ်တပ်ပိုင် တိုက်လေယာဉ်တွေဖြတ်သန်းတာကြောင့် ထိုင်းပြည်သူတွေ အထိတ်တလန့်ဖြစ်နေကြောင်း၊ ဒီအတွက် ထိုင်းလေတပ်က F16 တိုက်လေယာဉ် နှစ်စင်းကို နယ်စပ်ကိုစေလွှတ်ခဲ့ရကြောင်း၊ ထိုင်းတော်ဝင်လေတပ်ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ပရာဝတ်စွန်ကျိုင်ဒီက ဇွန်လ ၃၀ ရက်နေ့က ပြောပါတယ်။ အခုလို ထိုင်းနယ်နမိတ်ထဲကို မြန်မာဘက်က လေယာဉ်တွေ ဝင်ရောက်ပျံသန်းတာနဲ့ပတ်သက်လို့ ရန်ကုန်က အာဏာပိုင်တွေထံ သံတမန်ရေးအဆင့်နဲ့ အသိပေးကန့်ကွက်သွားမှာဖြစ်ကြောင်း၊ အခုလိုလုပ်ရပ်မျိုးတွေ နောက်ထပ်ဖြစ်မလာဖို့အတွက် ထိုင်းနယ်ခြားစောင့်တပ်တွေဟာ အနီးကပ်စောင့်ကြည့်နေတဲ့အကြောင်းလည်း ထိုင်းအာဏာပိုင်တွေ ပြောဆိုတာ ကိုးကားပြီး ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

ဒါပေမယ့်လည်း ဇွန်လ ၂၉ ရက်နေ့ကတော့ စစ်ကောင်စီဥက္ကဋ္ဌနဲ့ ထိုင်းတပ်မတော်ကိုယ်စားလှယ်အဖွဲ့တို့ တွေဆုံခဲ့တာရှိပြီး ဆွေးနွေးပွဲအတွင်း နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ မူးယစ်ဆေးဝါးကိစ္စတွေကိုဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။ အခုလို ဆွေနွေးမှုတွေလုပ်ပြီးနောက်တရက် ဇွန်လ ၃၀ ရက်နေ့မှာ အခုလို ထိုင်းနယ်နမိတ်ထဲကို မြန်မာဘက်ကလေကြောင်းပျံသန်းမူတွေဖြစ်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]













XS
SM
MD
LG