သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချောင်းဦး ကံကြီးကုန်းရွာမှာ ဒေသခံကာကွယ်ရေးနဲ့ပျူစောထီးတိုက်ပွဲပြင်းထန်


စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ကံကြီးကုန်းရွာ (MIMU)
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ကံကြီးကုန်းရွာ (MIMU)

[[Zawgyi/Unicode]]

စစ်ကိုင်းဒေသကြီး ချောင်းဦးမြို့ ကံကြီးကုန်းကျေးရွာမှာ စစ်ကောင်စီနဲ့နီးစပ်တဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့နေရာကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ခိုက် လို့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် စစ်ကောင်စီတပ်တွေရဲ့ နယ်မြေရှင်းလင်း စစ်ဆင်ရေးအတွင်း နေအိမ်တချို့ မီးလောင်ခဲ့သလို ဒေသခံ ၂,၀၀၀ လောက်လည်း ဘေးလွတ်ရာပြေးခဲ့ရကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။ ချောင်းဦးမြို့ ဝယာကျေးရွာအုပ်စု ကံကြီးကုန်းကျေးရွာမှာ စစ်ကောင်စီနဲ့ နီးစပ်တဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့နေရာကို ဒေသခံကာကွယ်ရေးတွေက မတ်လ ၈ ရက် ည သန်းခေါင်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မတ်လ ၉ ရက် မနက် ၄ နာရီအထိ တိုက် ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“ကံကြီးကုန်းဆိုတဲ့ရွာ တိုက်ပွဲကြာချိန်က ၄ နာရီလောက်ကြာတယ်။ တိုက်ပွဲကြာချိန်မှာ အပြန်အလှန် ပစ်ခတ်မှုတွေရှိတယ်။ သူ့ဘက်ကလည်း စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတယ်ဆိုတော့ စက်လတ်တွေ ဘာတွေသုံးတယ်။ သူတို့ထဲကတော့ သေဆုံးတဲ့သူ ၅ ဦး ဆိုပြီး ကျနော်တို့ ကနဦး သတင်းရတယ်။ ၅ ဦးသေတယ်။ မနက်ခင်း ၄ နာရီလောက် တော်လှန်ရေးအဖွဲ့တွေ နောက်ပြန်ဆုတ် တဲ့အချိန်မှာ မုံရွာဘက်ကနေ စစ်ကားတွေနဲ့လာတယ်။ စစ်ကားတွေနဲ့လာပြီးတော့ ကံကြီးကုန်းရွာ မရောက်ခင်ကတည်းက တောက်လျှောက်တန်းပြီး လက်နက်ကြီးတွေ၊ ၄၀ မမတွေ ပစ်ပြီးတော့ ဝင်လာတယ်။”

ကံကြီးကုန်းကျေးရွာ တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးဘဲ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ မြောင် Revolution Army ၊ ချောင်းဦး Revolution Army ၊ Zero ပြောက်ကျားအဖွဲ့အပြင် အခြား ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက စုပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

ကံကြီးကုန်းရွာဟာ စစ်ကောင်စီကို အားပေးထောက်ခံတဲ့ ကျေးရွာဖြစ်ပြီး အရင်က စစ်သင်တန်းပေးတာတွေရှိခဲ့သလို အနီးနားကျေးရွာတွေရဲ့ နေအိမ်တွေကိုလည်း မကြာခဏ ဝင်ရောက်ရှာဖွေ မွှေနှောက်တာတွေ ပြုလုပ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုလို ကံကြီးကုန်းကျေးရွာမှာ တိုက်ပွဲတွေဖြစ်တာကြောင့် အနီးအနားကျေးရွာတွေက ဒေသခံ ၂ ထောင်လောက်ဟာ ဘေးလွတ်ရာတိမ်းရှောင်နေရပါတယ်။ စစ်ကောင်စီတပ်ကလည်း နယ်မြေရှင်းလင်းစစ်ဆင်ရေးတွေ လုပ်လာနေပြီး ကံကြီးကုန်းရွာရဲ့ ဘေးဝန်းကျင်ကျေးရွာက နေအိမ်တချို့ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။

“ဝယာကျေးရွာအုပ်စုက ဝယာ ရွှေကူကျေးရွာအုပ်စုက ရွှေကူရွာသစ် တန်းဆောင်း ယာကြီး စစ်ဘေးရှောင်ပြည်သူက အနည်းဆုံး ၂ ထောင်ဝန်းကျင်လောက်ရှိမယ်။ မနက် စဝင်ဝင်ချင်းပဲ ဒီဘက်မှာ တောက်လျှောက်ပဲ သူတို့ပျူတွေပြောတဲ့အိမ်တွေကို မီးတွေ စရှို့တော့တာပဲ။ ဝယာဆို ၁၂ အိမ်ပါသွားတယ်။ ယာကြီးက ကံကြီးကုန်းနဲ့အနီးကပ်ဆိုတော့ ပြည်သူတွေက အစကတည်းက ပြေးနေတာဆိုတော့ ဘယ်လောက်ပါသွားတယ်ဆိုတာတော့ ကျနော်တို့ အတိအကျမသိသေးဘူး။ နောက်တခါ အဲ့ဒီက ဝယာက ပစ္စည်းတွေ ပြည်သူပိုင်ပစ္စည်းတွေကို ကားတွေနဲ့ သယ်သွားပြီးတော့ ဆီသည်ခံဆိုတဲ့ တောထဲ ကျေးရွာလေးတွေရှိတယ်။ အဲ့ဒါတွေကိုလည်း မီးတိုက်ရှို့သွားတာ အိမ်ခြေ ၂၀ လောက်ရှိတာ ၁၅ အိမ်လောက် အနည်းဆုံးပါသွားတယ်။”

စစ်ကောင်စီတပ်ဟာ သူတို့ကို ထောက်ခံတဲ့ ကျေးရွာတွေနဲ့ ထောက်ခံသူတွေကို လက်နက်တပ်ဆင်ပေးနေတာတွေရှိပြီး ဒေသခံကျေးရွာတွေကြား အပြန်အလှန်ပစ်ခတ်မှုတွေလည်းဖြစ်နေပါတယ်။

တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် ၂ ထောင်လောက်ဟာ ချောင်းဦးမြို့နယ်နဲ့ ကပ်လျက်ရှိတဲ့ ရေစကြို၊ စလင်းကြီး စတဲ့ မြို့နယ်တွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
=============

တိုက်ရိုက် လင့်ခ်

[[Unicode]]











=============

XS
SM
MD
LG