သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မော်လမြိုင် WHO ဝန်ထမ်းတဦး ပစ်သတ်ခံရ


World Health Organization (WHO) 
World Health Organization (WHO) 

[[Zawgyi/Unicode]]

စစ်ကောင်စီသတင်းပေး “ဒလံ” လို့ စွပ်စွဲချက်နဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝန်ထမ်းတဦး မွန်ပြည်နယ်မော်လမြိုင်မြို့မှာ မနေ့ ဇွန်လ (၈) ရက်နေ့က အသတ်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ သေဆုံးသူဦးမျိုးမင်းထွဋ်ဟာ စစ်ကောင်စီတပ်နဲ့ ပက်သက်ဆက်နွယ်နေလို့သတ်ဖြတ်ခဲ့ကြောင်း မော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သတင်းထုတ်ပြန်ထားပါတယ်။ ရန်ကုန်က ဒီသတင်း စုံစမ်းပေးပို့ထားတာ ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

မွန်ပြည်နယ်မော်လမြိုင်မြို့ အတွင်းသံလွင်ဥယျာဉ်လမ်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ဝန်ထမ်းတဦး မနေ့ ဇွန်လ (၈) ရက် နေ့ညနေပိုင်းမှာ လုပ်ကြံသတ်ဖြတ်ခံရကြောင်း ဒေသခံအမျိုးသမီး ဒေါ်မိုးဝေကပြောပါတယ်။

“(၆) နာရီလောက်ပေါ့လေ။ (၅) နာရီကျော်ကျော် (၆) နာရီလောက်အချိန်မှာပေါ့။ အဲဒီမှာ သံလွင်ဥယာဉ်ဘေးမှာလမ်းရှိတယ်။ အဲဒီ လမ်းကြားလိုမျိုးပေါ့။ အဲဒီမှာ လူတဦးပစ်သတ်ခံရတယ်။ ဘယ်သူဘယ်ဝါဆိုလဲ မသိဘူး။ နောက်မှ ဒီ PDF လား၊ ဘာလား သူတို့ ထုတ်ပြန်ထားတာတွေ့တာတော့ မော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အဲဒီ မျိုးမင်းထွဋ်ဆိုတဲ့သူ သူတို့ သတ်တာဆိုတဲ့အကြောင်းပေါ့လေ။’’

သေဆုံးသူ ဦးမျိုးမင်းထွဋ်ဟာ WHO ရုံးကနေ အိမ်အပြန် သံလွင်ဥယျာဉ်လမ်းနားမှာ လုပ်ကြံသတ်ဖြတ်ခံရတာပါ။ မော်လမြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သူတို့ လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး သေဆုံးသူဟာ မော်လမြိုင်မြို့အတွင်း ဧည့်စာရင်းစစ်ဆေးရာမှာ ပါဝင်သူဖြစ်သလို အရွယ်မရောက်သေးတဲ့ အမျိုးသမီးတွေကို ဖျားယောင်းဖျက်စီးနေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ သတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

သေဆုံးသူဦးမျိုးမင်းထွဋ်ဟာ WHO မြန်မာရုံးမှာ ၅ နှစ်နီးပါး ကားဒရိုင်ဘာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း ဝန်ထမ်းတဦးအသတ်ခံရတဲ့ဖြစ်စဉ်အပေါ် အလွန်တရာဝမ်းနည်းကြေကွဲရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်ဖြစ်၊ လူသားချင်းစာနာမှုဆိုင်ရာ ညှိုနှိုင်းရေးမျုးလည်းဖြစ်သူ Mr. Ramanathan Balakrishnan က ကြေညာချက်ထုတ်ပါတယ်။ ကုလသမဂ္ဂရဲ့ဘက်မလိုက်တဲ့ရပ်တည်ချက်နဲ့ လူသားချင်းစာနာကူညီမှုလုပ်ငန်းတွေကို လေးစားအသိအမှတ်ပြုဖို့နဲ့ သက်ဆိုင်ရာအစုအဖွဲ့အားလုံးအနေနဲ့ အရပ်သားတွေရဲ့အသက်အန္တရာယ်ကို အကာအကွယ်ပေးကြဖို့လည်း တောင်းဆိုထားပါတယ်။ အခုလို အရပ်သားတွေအပေါ် အကြမ်းဖက်တဲ့လုပ်ရပ်တွေကို ပြင်းပြင်းထန် ထန်ရှုတ်ချကြောင်းလည်း ဒီ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ အခု ဖြစ်စဉ်အပေါ် မျှတတဲ့ စုံစမ်းစစ်ဆေးမှုလုပ်ပြီး ကျူးလွန်သူတွေကို အရေးယူနိုင်ဖို့ မျှော်လင့်တယ်လို့လည်း ကုလ ဌာနကိုယ်စားလှယ် ကြေညာချက်မှာပါရှိပါတယ်။
မော်လမြိုင်မြို့ခံတဦးကတော့ အခုလို ဝန်ထမ်းနဲ့အရပ်သားတွေအပေါ် လုပ်ကြံသတ်ဖြတ်မှုမျိုးကို လက်သင့်မခံနိုင်ကြောင်း ပြောပါတယ်။

“ဘယ်လိုလုပ်လက်ခံလို့ရမလဲ။ သူက ပြည်သူ့အကျိုးပြုလုပ်ငန်းလုပ်နေတဲ့ဥစ္စာကို။ သူတို့အလိုကိုမလိုက်၊ သူတို့ကိုမထောက်ခံ ဘူးဆိုတဲ့သဘောမျိုးနဲ့ ဆန့်ကျင်တဲ့သဘောမျိုးနဲ့ရှုမြင်သွားတာ။ အဲဒါ လွဲတာပေါ့။ ကိုယ့်ကိုသူသတ်၊ သူ့ကိုကိုယ်သတ်- အဲဒီလို လက်စားချေကြတာမျိုးပါ။ ဒါကလည်း အကြမ်းဖက်တာတမျိုးပေါ့။’’

မော်လမြိုင်မြို့အတွင်း လုပ်ကြံခံရပြီးနောက်ပိုင်း လုံခြုံရေးစစ်ဆေးမှုတွေများလာတယ်လို့ အဆိုပါမော်လမြိုင်မြို့ခံ ဒေါ်မိုးဝေ ကပြောပါတယ်။

“မြို့ပေါ်မှာလည်း နေရာတော်တော်များများမှာ စစ်ဆေးမှုတွေရှိတယ်။ ခါတိုင်းလိုမျိုးမဟုတ်ဘဲနဲ့ဥပမာ လူတယောက်ဆိုရင် ကားနဲ့လာရင် ကားပေါ်ကဆင်း အသေချာစစ်ပြီးတော့ တကိုယ်လုံးကိုစစ်ပြီးတော့ လုံခြုံရေးကို တော်တော်လေးတင်းကြပ် ထားတယ်။ မနေ့ညကပေါ့လေ။ ’’

မော်လမြိုင်မြို့တွင်းမှာလဲ PDF အဖွဲ့နဲ့ဆက်စပ်နေတယ်ဆိုပြီး ဖမ်းဆီးမှုတွေရှိနေတယ်လို့ မြို့ခံတဦးကပြောပါတယ်။

“ကိုဗလကလေး လာဖမ်းသွားတယ်။အသက်က (၂၄) လောက်ရှိပြီပေါ့။ PDF တွေနဲ့ဆက်သွယ်မှုလို့ တရားစွဲထားတာပေါ့။ အဲဒီအမှုနဲ့ သူ့ကိုဖမ်းထားတယ်လို့ပြောတာပဲ။ လွန်ခဲ့တဲ့ည အခုဆို နှစ်ညပြီးသွားပြီပေါ့။ တရားလည်း မစွဲရသေးဘူး။ ဇေယျာသီရိရဲစခန်းမှာ။’’

မွန်ပြည်နယ်အတွင်းမှာ အရပ်သားအုပ်ချုပ်ရေးမှူးတွေကို PDF အဖွဲ့တွေကနေ မကြာခန လုပ်ကြံသတ်ဖြတ်မှုတွေရှိနေတာပါ။ စစ်တပ်ကနေ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်ချုပ်ရေးကိုလက်မခံတဲ့လူငယ်တွေကနေ ဒေသခံကာကွယ်ရေး အဖွဲ့ ဖွဲ့ပြီးတော့ စစ်တပ်ကိုခုခံလာခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ စစ်တပ်နဲ့ဆက်နွယ်သူ၊ စစ်ကောင်စီသတင်းပေး “ဒလံ” ဆိုပြီး စွပ်စွဲသတ်ဖြတ်မှုတွေရှိနေသလို စစ်တပ်ဘက်ကလည်း PDF နဲ့ဆက်နွယ်သူတွေကို ပစ်ခတ်ဖမ်းဆီးမှုတွေရှိနေပါတယ်။

မော်လမြိုင် WHO ဝန်ထမ်းတဦး ပစ်သတ်ခံရ
please wait

No media source currently available

0:00 0:04:12 0:00
တိုက်ရိုက် လင့်ခ်

=============

[[Unicode]]













=============

XS
SM
MD
LG