သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတ်ဖြတ်ခံရတယ်လို့ယူဆရတဲ့ ရုပ်အလောင်းများ ဖားကန့်မှာထပ်တွေ့


kachin Hpa kant (Zaw Moe Htet)
kachin Hpa kant (Zaw Moe Htet)


[[Zawgyi/Unicode]]

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဖားပြင်ရွာနဲ့ ဂျန်ကပ်ရွာအနီးမှာ ကြာသပတေးနေ့က သတ်ဖြတ်ခံ ထားရတဲ့ ရုပ်အလောင်း ၂ လောင်း ထပ်မံတွေ့ရှိခဲ့ပါတယ်။ ဖားကန့်ဒေသမှာ ဒီလ ၃ ရက်အတွင်း သတ်ဖြတ်ခံရသူ ၆ ယောက်ရှိနေပြီး တရားခံကို ဖော်ထုတ်နိုင်တာ မရှိသေးပါဘူး။ ဖားကန့်ဒေသ အတွင်း လူသတ်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေတဲ့အကြောင်း ရန်ကုန်က ပေးပို့လာတဲ့သတင်း ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုအတွင်းမှာ ဒီလ ၁ ရက်နေ့က ဦးခေါင်းမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အလောင်း ၄ လောင်းတွေ့ရှိခဲ့ပြီး ၂ ရက်နေ့ကတော့ နောက်ထပ် သတ်ဖြတ်ခံထားရတဲ့ အလောင်း ၂ လောင်း ထပ်မံ တွေ့ရှိခဲ့တာပါ။

စွန့်ပစ်ထားတဲ့ ရုပ်အလောင်းတွေ တွေ့ရှိတဲ့အခြေအနေကို ဖားကန့်မြို့နယ် ဆိပ်မူရွာသားတဦးက VOA ကို အခုလို ပြောပါတယ်။

“အလောင်းက မနေ့က နှစ်လောင်း တွေ့တာ။ တလောင်းက ဖားပြင် ကူးတို့ဆိပ်နားလေးမှာ သံတိုင်နဲ့ ထိုးသတ်ထားတာ။ နောက် တလောင်းကတော့ ဂျန်ကပ်၊ ဖားကန့် မရှီကထောင်အုပ်စုအပိုင်ပေါ့ဗျာ။ အဲဒီနား ဂျန်ကပ်နဲ့ ရွာဟောင်းကြားထဲက သင်္ချိုင်းကုန်းနားလေးမှာ လက်ပြန်ကြိုးတုပ်ထားပြီးမှ သတ် ထားတာ တလောင်းတွေ့တယ်ဗျ။ အဲဒီလက်ပြန်ကြိုးတုပ်ထားတဲ့ဟာကတော့ နမ့်မှော်ကလို့ပဲ ကြားတယ်။ ဖားပြင်နားလေးက သံတိုင်နဲ့ထိုးသတ်တာကတော့ ဘယ်ကမှန်းမသိဘူး။”

ဒီရုပ်အလောင်းတွေကိုတော့ ဒေသတွင်းအခြေစိုက် လူမှုကူညီရေးအသင်းတွေက ဖားကန့်မြို့နယ် ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး လက်ရှိအချိန်ထိ သတ်ဖြတ်တဲ့တရားခံ ဘယ်သူဆိုတာ မသိရသေး ကြောင်းလည်း ပြောပါတယ်။ ဒီလ ၁ ရက်နေ့ကတော့ ဆိပ်မူကျေးရွာအုပ်စု ဆွတ်အောင်ရွာအထွက်မှာ လက်ပြန်ကြိုးတုပ်ပြီး ဦးခေါင်းမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်း ၄ လောင်း တွေ့ခဲ့ပါတယ်။

ဒီသတ်ဖြတ်ခံရသူတွေဟာ မက်လင်ချောင်ကျေးရွာက အုပ်ချုပ်ရေးမှူးဟောင်းနဲ့ ဆွေမျိုးတော်စပ်သူ ဖြစ်ကြောင်းဒေသခံတွေက ပြောဆိုပေမဲ့ သတ်ဖြတ်တဲ့ တရားခံကိုတော့ ဖော်ထုတ်နိုင်တာ မရှိသေးပါဘူး။

ဖားကန့်မြို့ခံတဦးကလည်း ဖားကန့်ဒေသက လက်ရှိ အခြေအနေကို အခုလို ပြောပါတယ်။

“ဖားကန့်ကတော့ ဒီ ၃ ရက်အတောအတွင်းမှာတင် လူ ၆ ယောက်လောက် ပစ်သတ်ခံရတဲ့ အနေ အထားကျတော့။ သေနတ်နဲ့ပစ်သတ်ခံရတာ ၅ လောင်းပေါ့လေ။ လူမှုရေးအရ ရန်ဖြစ်တဲ့ဟာကတော့ တလောင်းပေါ့။ မနေ့က။ ဖားကန့်သမိုင်း အဆက်ဆက်မှာတော့ လူတဦးတယောက် လုပ်ကြံခံရတယ်
ဆို ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မပြောနိုင်ဘူး။ ဒီမှာ လက်နက်ကိုင်တွေက ၃ ဖွဲ့၊ ၄ ဖွဲ့လောက် ရှိတယ်ဆိုတော့ ဘယ်တဖွဲ့လုပ်တယ်ဆိုတာ မသိဘူး။ တရားခံလည်း ဘယ်တော့မှ မပေါ်တဲ့ ဒေသဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့လည်း မပြောနိုင်ဘူး။ ဒီရက်ပိုင်းမှာတော့ ထူးထူးခြားခြား လူသတ်မှုက ခပ်စိပ်စိပ်ဖြစ်နေတာပေါ့နော်။”

ဖားကန့်ဒေသမှာ ဒီလို သတ်ဖြတ်တာတွေရှိသလို လုယက်တာတွေ လည်း မကြာခန ဖြစ်နေတာ ကြောင့် ပြည်သူတွေဟာ စိုးရိမ်ကြောင့်ကြနေကြကြောင်း အခုလို ဆက်ပြောပါတယ်။

“အဲဒီသတင်းကြားပြီးနောက် ည ၈ နာရီဟိုဘက်မှာ ထွက်လေ့ထွက်ထ သိပ်မရှိကြတော့ဘူး။ တဘက်မှာ မူးယစ်ဆေးဝါးကလည်းရှိ။ ပြီးလို့ရှိရင် ခိုးဆိုးလုနှိုက်တွေကလည်း ခါတိုင်းထက် ထူပြောလာတဲ့ အနေအထား ရှိတဲ့အခါကျတော့ တော်တော်လေးတော့ သတိထားနေရတဲ့ အနေအထားဖြစ်နေတာ။ လက်ရှိ လူထုကတော့နော်။”

ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ လကုန်ပိုင်းက စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး မေလ ၂၃ ရက်နေ့က ဆိုင်ကယ်ရပ်မပေးတဲ့ အရပ်သားတဦးကို စစ်တပ်က သေနတ်နဲ့ ပစ်ခတ်တာကြောင့် သေဆုံးခဲ့သလို ၂၅ ရက်နေ့ကတော့ ဆန်းကြွယ်ရွာက အုပ်ချုပ်ရေးမှူးတဦးကို အမည်မသိ လက်နက်ကိုင်တွေက သတ်ဖြတ်ခဲ့ပါတယ်။

ဒေသတွင်း သတင်းမီဒီယာတချို့က ဒီရက်ပိုင်းသတ်ဖြတ်ခံရသူတွေဟာ အုပ်ချုပ်ရေးမှူးတွေနဲ့ ဒေသအခေါ် ပျူစောထီးဆိုသူတွေ ပါဝင်ကြောင်း ဖော်ပြပေမဲ့ VOA က သီးခြား အတည်မပြုနိုင်သေး ပါဘူး။

တိုက်ရိုက် လင့်ခ်

===========


[[Unicode]]













===========

XS
SM
MD
LG