သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝက်လက်မြို့နယ်တွင်းနယ်မြေရှင်းစစ် ကျေးရွာ ၃၀ ကျော်က ဒေသခံတွေတိမ်းရှောင်


စစ်ကိုင်းတိုင်းအတွင်း ကျေးရွာ ၃၀ ကျော်က ဒေသခံရွာသားတွေ စစ်ဘေးရှောင်နေရတဲ့ ဝက်လက်မြို့နယ်။ (Crd: MIMU)
စစ်ကိုင်းတိုင်းအတွင်း ကျေးရွာ ၃၀ ကျော်က ဒေသခံရွာသားတွေ စစ်ဘေးရှောင်နေရတဲ့ ဝက်လက်မြို့နယ်။ (Crd: MIMU)

[[Zawgyi/Unicode]]

မေလ ၂၃ ရက်နေ့ကတည်းက ဝက်လက်မြို့နယ်ထဲမှာ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက တရွာဝင် တရွာထွက် နယ်မြေရှင်းလင်းရေးလုပ်တာကြောင့် ကျေးရွာပေါင်း ၃၀ ကျော်လောက်က ရွာသား သောင်းနဲ့ချီဟာ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။ ကျေးရွာသားတချို့ ဖမ်းဆီးခံရပြီး၊ နှိပ်စက်သတ်ဖြတ်မှုရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်က ပေးပိုတဲ့ သတင်းကို မမြသဇင်အောင်က တင်ပြပေးထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ မေလ ၂၃ ရက်နေ့က ဝက်လက်မြို့နယ် အရှေ့ခြမ်းက ကျေးရွာတွေကို စတင် ဝင်ရောက်ပြီး နယ်မြေရှင်းလင်းရေးလုပ်တာကြောင့် ကျေး ရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေပြောပါတယ်။ စစ်ကောင်စီတပ်တွေရဲ့ နယ်မြေရှင်းလင်းရေးတွေအတွင်း ကျေးရွာသားတချို့ ဖမ်းဆီးသတ်ဖြတ်ခံရသလို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့ တိုက် ပွဲဖြစ်ခဲ့တယ်လို့ ဝက်လက်မြို့နယ် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ကိုနဂါးလေးက VOA ကို ပြောပါတယ်။

“(ရွှေဘိုမြို့နယ်) မကျည်းသုံးပင်ဘက်က ဝင်လာတာပေါ့၊ မကျည်းသုံးပင်ကနေမှ ဟန်လင်း၊ ဟန်လင်းမှာလည်း ပြည်သူတွေကို ဖမ်းတယ်၊ သတ်တယ်။ နတ်ထိမှာဆိုရင် ပြည်သူ ၃ ဦးသေတယ်။ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦး ပါတယ်။ ၂၆၊ ၂၇ ရက်နေ့ကတော့ လဲကုန်းမှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်ပြီးတော့ ၂၈ ရက်နေ့ကျတော့ တည်တောမှာ ရောက်တယ်။ တည်တောရွာမှာ မျက်မမြင်တယောက်သေတယ်။ လက်နက်ကြီးနဲ့ ထုတာက နောက်ထပ် ၂ ယောက် ၃ ယောက်လောက်သေတယ်ဆိုတော့ ဆိုတော့ အဲ့မှာ စုစုပေါင်း ၄ ယောက်လောက်သေတယ်ဗျ။ လဲကုန်းမှာ ၂၀ လောက်သေတာနဲ့ဆိုတော့ ၂၄ လောက်ပေါ့။ မသေဘူးဆို အဲ့လောက်တော့ သေတယ်ဗျ။”

စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းဟာ ရွှေဘိုမြို့နယ်က ကျေးရွာတွေကို ရှင်းလင်းလာတဲ့ စစ်ကြောင်းဖြစ်ပြီး မေလ ၂၃ ရက်နေ့မှာ ဝက်လက်မြို့နယ်အရှေ့ခြမ်းကို စတင်ဝင်ရောက်လာတာလို့ ဆိုပါတယ်။ ဒီကနေ့ ၃၁ ရက်နေ့မှာတော့ ဝက်လက်မြို့နယ် အနောက်ခြမ်းက ဥယျာဉ်သာကျေးရွာကို ရောက်ရှိနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ နယ်မြေရှင်းလင်းရေးအတွင်း ကျေးရွာသားတွေကို ဖမ်းဆီးပြီး စစ်လက်နက်တွေ သယ်ခိုင်းတာ၊ အမျိုးသမီးတွေကို သားမယားပြုကျင့် လိင်စော်ကားမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။ ဒီ စွပ်စွဲချက်တွေကိုတော့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်ပါဘူး။ ဝက်လက်မြို့နယ်တွင်း စစ်ဆင်ရေးနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီက ပြန်ကြားရေးကလည်း ထုတ်ပြန်ပြောဆိုတာမရှိပါဘူး။

အင်အား ၂၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ဟာ ရွှေဘိုမြို့နယ်ကျေးရွာတွေကနေတဆင့် ဝက်လက်မြို့နယ် အရှေ့ခြမ်းက ကျေးရွာတွေဖြစ်တဲ့ သစ်ဆိမ့်၊ ကူကြီး၊ ငါးပတ်ချောင်း၊ ရေလည်မော်၊ ကမ်းဖြူ၊ ရွာသာ၊ မင်းရွာတောင်၊ အင်ဒေါင်း၊ ရွာသစ်၊ ရှိမ်းမကား၊ ဖိုဝင်းတပ်၊ရုံပင်ကုန်း၊ ဆားတောင်နီ၊ တောင်ကုန်း၊ အင်းဘဲတော၊ ညောင်ကန်၊ ကန်ပေါက်၊ သာလိုင်း၊ ဝက်လက် စတဲ့ရွာတွေကို ဝင်ရောက်ပြီး နေအိမ်တွေကို ဖျက်ဆီးတာတွေနဲ့ ပစ္စည်းတွေကို သိမ်းယူသွားတာတွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မေလ ၂၃ ရက် စစ်ကောင်စီစစ်ကြောင်းတွေ ဝက်လက်မြို့နယ်ထဲကို ဝင်လာလို့ ရွာသားတွေ စစ်ရှောင်ရချိန်မှာ မိုးသည်းနေတဲ့ ရက်တွေဖြစ်တာကြောင့် နေရေးနဲ့ စားသောက်ရေးတွေ ခက်ခဲသလို ကျန်းမာရေးတွေလည်း ထိခိုက်ကြသူတွေ ရှိကြတယ်လို့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

“ကျနော်တို့ မျက်မြင်ကိုယ်တွေ့ဆိုရင်ဗျာ၊ သစ်ဆိမ့်ကနေ ရှိမ်းမကားကို ရောက်တော့မယ်ဆိုတာနဲ့ ကျွန်တော်တို့ ပြည်သူတွေက ရှောင်ရတဲ့အခါကျတော့ တချို့ဆိုရင် ဘာမှကို ပါမလာကြတာဗျာ။ စားစရာ အိုးခွက်ပန်းကန်ကို ပါမလာကြတာ။ မိုးရွာကြီးထဲမှာပဲ စင်ကလေးတွေတို့၊ တဲလေးတွေတို့မှာ တိုးကြိတ်ပြီးတော့ မြေကြီးပေါ်မှာပဲ အိပ်ရတဲ့ရက်တွေကလည်း မနည်းဘူးဗျ။ စစ်ကြောင်းထိုးလာရင် အဲ့လိုမျိုး ဒုက္ခဆင်းရဲက အမျိုးမျိုး ရောက်ရတယ်ဗျ။ အခုက မိုးကလည်း သည်းတော့ ကျန်းမာရေးတို့ ထိခိုက်တယ်။ ကျန်းမာရေးက တော်တော်လေးဆိုးဝါးတယ်ဗျ။ မိုးရွာတော့ နှာစေး ချောင်းဆိုးတွေဖြစ်တယ်။ ဖျားနာတာတွေ၊ နှာစေး၊ ချောင်းဆိုးကတော့ တော်တော်များများဖြစ်ကြတယ်ဗျ။ စစ်ဘေးရှောင်တွေက မိုးတမိုး နှစ်မိုးလောက် ထိလိုက်ရတော့ လူတွေအားလုံးက ပျော့ခွေသွားကြတာပဲ။ ကျနော်တို့ တော်တော်လေးလည်း စိတ်ထိခိုက်ရပါတယ်။ စိတ်လည်း မကောင်းဘူးဗျာ။”

စစ်ကောင်စီတပ်တွေက စစ်ကိုင်းတိုင်းတွင်းက မြို့နယ်အတော်များများကို နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာကြောင့် ကျေးရွာတချို့ ရွာလုံးကျွတ်ထွက်ပြေးနေကြရလို စစ်ရှောင်တွေလည်း သောင်းနဲ့ချီ ရှိနေပါတယ်။ လက်ရှိ မိုးရာသီကာလအတွက် နေထိုင်ရေးနဲ့ စားသောက်ရေးအတွက် ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထွက်ပြေးနေရတဲ့ဒုက္ခသည်တွေဟာ တောတောင်တွေထဲမှာ ယာယီနေသူတွေရှိသလို၊ နီးစပ်ရာ ဆွေမျိုးသားချင်းရွာတွေရဲ့ အိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရသူတွေလည်းရှိပါတယ်။ သူတို့ကို ဒေသခံတွေအချင်းအချင်းပြန်လည်ကူညီပေးတယ်ဆိုပေမယ့် အချိန်ကြာလာတာနဲ့အမျှ အကူအညီရဖို့ ပိုပြီး ခက်ခဲလာတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။ ဒေသအပြင်ဘက်က အကူအညီပေးဖို့လည်း သွားလာရေးအခက်အခဲတွေရှိနေပါတယ်။ အာဆီယံကတော့ မြန်မာပြည်လူသားချင်းစာနာကူညီမှုအကူအညီတွေ ပေးဖို့ ညှိုနှိုင်းဆောင်ရွက်နေရာမှာ
စစ်ကိုင်းတိုင်းကိုလည်း ဦးစားပေးအဆင့် သတ်မှတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]











============

XS
SM
MD
LG