သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူနဲ့ဝက်လက် နယ်မြေရှင်းလင်းရေး ကျေးရွာနေအိမ်များ မီးလောင်ဆုံးရှုံး


စစ်ကိုင်းတိုင်းဒေသကြီးမှာ စစ်ကောင်စီတပ်တွေရဲ့နယ်မြေရှင်းလင်းရေးအတွင်း မီးလောင်ဆုံးရှုံးမှုများနေတဲ့ ကန့်ဘလူမြို့နယ်နဲ့ ဝက်လက်မြို့နယ်များ (Crd: MIMU)
စစ်ကိုင်းတိုင်းဒေသကြီးမှာ စစ်ကောင်စီတပ်တွေရဲ့နယ်မြေရှင်းလင်းရေးအတွင်း မီးလောင်ဆုံးရှုံးမှုများနေတဲ့ ကန့်ဘလူမြို့နယ်နဲ့ ဝက်လက်မြို့နယ်များ (Crd: MIMU)


[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်နဲ့ ဝက်လက်မြို့နယ်တွေမှာ စစ်ကောင်စီက နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေပါတယ်။ ကန့်ဘလူမြို့နယ်တွင်း ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေ မီးရှို့နေသလို ဒေသခံတွေကိုလည်း ဖမ်းဆီးသွားတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝက်လက်မြို့နယ်မှာလည်း စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေးမှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့မှုရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်းအတွင်းက စစ်ဆင်ရေးအခြေအနေတွေကို ရန်ကုန်က စုံစမ်းမေးမြန်းခဲ့တာတွေ စုစည်းပြီး အလိမ္မာက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက် နယ်မြေရှင်းပြီး မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတာကြောင့် ဘေးလွတ်ရာ ရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့ မနက် ၇ နာရီလောက် ဇော်ချောင်းကျေးရွာကို စစ်ကောင်စီတပ်တွေ အင်အား ၆၀ လောက်နဲ့ဝင်ရောက်ပြီး မီးရှို့တာကြောင့် ထွက်ပြေးကြရတာလို့ ပြောပါတယ်။ ဇော်ချောင်းရွာနဲ့ တမိုင်ကျော်ဝေးတဲ့ အလယ်ခုံ ကျေးရွာကို စစ်ကောင်စီတပ်တွေ ဆက်တက်သွားပြီး အဲ့ဒီရွာကိုပါ မီးဆက်ရှို့နေကြသလို လက်နက်ကြီးနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ ဇော်ချောင်းကတော့ ၇ နာရီ ၁၀ မိနစ်မှာ စတယ်ဗျ မနက်၊ အဲ့ဒီမှာက ပုံမှန် အိမ်ခြေက ၂၀၀ ကျော်ကျော် ၂၀၀ ဝန်းကျင်ပေါ့လေ- အဲ့လောက်ရှိတာ။ အဲ့ဒါကို မနက် ၇ နာရီ ၂၀ ကနေ စရှို့တာတော့ အကုန်လောင်သွားပြီပေါ့လေ။ ကျန်တာတွေကို ကျနော် ကပ်မကြည့်နိုင်သေးဘူး။ ဒီဘက်က အလယ်ခုံကို ဆက်ရှို့နေတော့လေ။ အလယ်ခုံကနေ ကျော်ပြီးမှ ဇော်ချောင်းကို ဝင်ရမှာဆိုတော့။ ကပ်နေပေမယ့် ထွက်တော့ မကြည့်နိုင်သေးဘူး။ ကျန်ရင်လည်း ၁၀၊ ၉ အိမ်လောက်ပေါ့။ လောင်တာကတော့ ရွာလုံးကျွတ်ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ ဇော်ချောင်းနဲ့ အလယ်ခုံနဲ့ကျတော့ တမိုင်လျော့လျော့ပဲ ဝေးတာဗျ။ အလယ်ခုံက ၃ ရွာပေါင်းထားတဲ့ ရွာဖြစ်တဲ့အတွက် သူတို့က ပုံမှန်ဆိုရင် ၄၀၀ နီးနီးရှိတဲ့ ရွာဗျ။ အခုတော့ ၃၀၀ ကျော်လောက်တော့ လောင်မယ်ဗျ။ ခုထိ လောင်နေဆဲပဲ။”

နယ်မြေရှင်းလင်းရေးတလျှောက် ကျေးရွာတွေက ဒေသခံတချို့ ဖမ်းဆီးခံရတယ် လို့လည်း မျက်မြင်ဒေသခံတဦးက ပြောပါတယ်။

“လောလောဆယ် သူတို့တွေ ဓားစာခံသဘောမျိုးနဲ့ ဖမ်းထားတာတွေ ရှိတယ်။ အနည်းဆုံး သူတို့ပြောတဲ့အရတော့ ကျနော့် မျက်မြင်တော့မမြင်ရသေးဘူးပေါ့။ ၆ ယောက်လောက်တော့ ဖမ်းမိတယ်လို့ ပြောတယ်။ သူတို့ကို ကြိုးတုပ်ခဲ့တာကိုတော့ ကျနော်တို့ မြင်ရတာပေါ့လေ။ ဘယ်သူ ဘယ်ဝါဆိုတာကိုတော့ ကျနော်တို့ မသိရသေးဘူး။”

စစ်ကောင်စီတပ်တွေက ဇော်ချောင်းကျေးရွာနဲ့ အလယ်ခုံကျေးရွာတွေကို ဝင်ရောက်တဲ့အတွက် ရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ သင်တောကျေးရွာ အုပ်စုဖြစ်တဲ့ သင်တော၊ ဇော်ချောင်း၊ အလယ်ခုံ၊ လွင်ကြီး စတဲ့ ရွာတွေအပြင် အနီးအနားက ကျေးရွာတချို့လည်း စစ်ရှောင်နေရတာကြောင့် အဲ့ဒီရွာဝန်းကျင်က စစ်ရှောင်ရသူ ဦးရေဟာ ၂၀၀၀ ကျော်လောက်ရှိနိုင်တယ်လို့ ကန့်ဘလူမြို့နယ် တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးနေဇင်လတ်က ပြောပါတယ်။

“ဒီနေ့ ရှောင်ကြတာက ၄၊ ၅ ရွာလောက်တော့ ရှိတယ်ခင်ဗျ။ အရင်တုန်းကတည်းက ရွာမှာမနေရဲလို့မို့ ရှောင်နေကြတာတွေလည်း တချို့ရှိတယ်။ ရွာလုံးကျွတ်နီးပါးရှောင်ကြတာတော့ ဒီနေ့မှ ရှောင်ကြတာပေါ့။ အဲ့ဒါကတော့ ကျနော်ပြောတဲ့ ၄ ရွာ- သင်တော၊ ဇော်ချောင်း၊ လွင်ကြီး၊ အလယ်ခုံ အဲ့ဒါတွေက ဒီနေ့မှ ရှောင်ကြရတာပေါ့။ နောက် သူတို့ဘေးနားက ရွာလေးတွေလည်း ရှိတယ်ခင်ဗျ။ သူတို့တွေကလည်း ရှောင်နေရတယ်အခု။ စစ်ရှောင် အရေအတွက်က ၂၀၀၀ ကျော်လောက်ပေါ့၊ ၂၀၀၀ ကျော် ၃၀၀၀ လောက်တော့ ရှိမယ်၊ ဒါကျနော့်ရဲ့ ခန့်မှန်းခြေပေါ့။”

ဇွန်လ ၆ ရက် တနင်္လာနေ့ကလည်း ကန့်ဘလူနယ်ထဲက လျော်ဖြူကုန်းရွာ၊ နှောကုန်းရွာနဲ့ ကိုင်းမရွာတွေကို မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကန့်ဘလူမြို့နယ်တွင်း ရွာပေါင်း ၃၀၀ ကျော် ရှိတဲ့အထဲက ရွာပေါင်း ၂၀ ကျော်လောက်ဟာ မီးရှို့ခံထားရပြီး ရွာသားတွေကလည်း စစ်ဘေးရှောင်နေကြရတယ်လို့ ပြောပါတယ်။

ဝက်လက်မြို့နယ်ထဲမှာလည်း ရွေဘိုမြို့နယ်ထဲက ခလရ ၄၂ တပ်က အင်အား ၁၀၀ ကျော်လောက်နဲ့ နယ်မြေရှင်းလင်းရေးပုံစံ ဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ အနည်းငယ် ဖြစ်ခဲ့တယ်လို့ ဒေသခံ တဦးကပြောပါတယ်။ ရွှေဘိုမြို့နယ်တောင်ဘက် ပန်းတောင်းရွာနဲ့ ဝက်လက်မြို့ နယ်ထဲက ဖွင့်လှိုင်းရွာအစပ်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တာလို့ ပြောပါတယ်။

“စစ်ကောင်စီတပ်တွေက ရွေဘိုဘက်က နေပြီးတော့ အင်အား ၁၀၀ ကျော်ကျော်လောက်နဲ့ ပေါ့ဗျာ၊ ကျနော်တို့ဘက်ကို စစ်ကြောင်းထိုးတယ်လေ။ စစ်ကြောင်းထိုးတော့ ဘိုတဲ (ဘိုတဲကုန်းရွာ) မြောက်ဘက်က အခု ခဏလေးလောက် အခင်းဖြစ် တာပေါ့။ အဲ့မှာ အရှေ့ခြမ်း PDF ကနေပြီးတော့ (ဝက်လက်မြို့နယ်အရှေ့ခြမ်း ပြည်သူ့ကာကွယ်ရေးအဖွဲ့) စနိုက်ပါသမား၂ ယောက်က ၂ ယောက်လောက်တော့ ဖြုတ်နိုင်လိုက်တယ်ဆိုပြီးတော့.. နောက်ပြီးတခါ ကျွန်တော်တို့ လက်နက်ကြီး ၂ ချက် ပစ်တာကတော့ တိကျတော့ တိကျလို့ပစ်တာပါပဲ။ ခန့်မှန်းလို့တော့ မရဘူးပေါ့နှော်။ အနည်းဆုံး ၇ ယောက်လောက်တော့ ကျနိုင်တယ်လို့ သတင်းရတယ်ဗျ။ ခုလောလောဆယ်တော့ ရွာတွေဘက်ကို တခုခုလုပ်တာတော့ မရှိသေးဘူးဗျ။ ရွှေဘိုကနေ စစ်ကြောင်း ထိုးထိုးလာချင်း PDF အဖွဲ့တွေကနေ ကြားကဖြတ်ပြီးတော့ ခုခံကြတာဗျ။”

မေလ ၂၃ ရက်နေ့ကတည်း ဝက်လက်မြို့နယ်ထဲကို စစ်ကောင်စီစစ်ကြောင်းတခုက နယ်မြေရှင်းလင်းရေး လုပ်နေတာကြောင့် ရွာပေါင်း ၃၀ ကျော်လောက်က ရွာသား သောင်းနဲ့ချီ ထွက်ပြေးနေကြရတာပါ။ နယ်မြေရှင်းလင်းရေးတလျောက်မှာ စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို မီးရှို့တာ၊ ရွာသားတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ လုပ်ခဲ့တယ်လို့လည်း ဒေသခံတွေ ပြောပါတယ်။ ဒီနေ့ ဇွန်လ ၈ ရက်နေ့မှာလည်း နောက်ထပ် စစ်ကြောင်းတခုက ဝက်လက်မြို့နယ်ထဲကို နယ်မြေရှင်းလင်းရေးဝင်ရောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီကတော့ စစ်ကိုင်းတိုင်းအတွင်း PDF တွေဟာ ကျေးရွာတွေတွင်း နေရာယူပြီး အကြမ်းဖက်လုပ်ရပ်တွေလုပ်တာကြောင့် နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်နေတယ်လို့ တုံ့ပြန်ထားပါတယ်။ အခု မိုးရာသီ ဝင်လာတာမို့ စစ်ကြောင့် အိုးအိမ်စွန့်ပြေးနေရတဲ့ ဒုက္ခသည်တွေအဖို့ နေထိုင်စားသောက်ရေးပိုခက်ခဲလာသလို ဆေးဝါးလိုအပ်ချက်တွေလည်းရှိနေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP ကလည်း မြန်မာနိုင်ငံမှာ နေရပ်စွန့် ခွာ တိမ်းရှောင်နေရသူတွေ တိုးပွားလာပြီး လူသားချင်းစာနာမှု အကျပ်အတည်းဟာ ကြီးထွားလာနေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူတွေနဲ့ ထိခိုက်ခံစားခဲ့ရသူ အများစုဆီကိုလည်း လူသားချင်းစာနာမှု အကူအညီတွေ ရောက်နိုင်ခြင်းမရှိသေးဘူးလို့ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

=============


[[Unicode]]














=============

XS
SM
MD
LG