သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးမြို့နယ်တောင်ပိုင်းတိုက်ပွဲ ကျေးရွာသား ၅ ဦး ထိခိုက်ဒဏ်ရာရ


ကလေးမြို့ တိုက်ပွဲဖြစ်ပွါးရာဒေသများ။ (ဓာတ်ပုံ-MIMU)
ကလေးမြို့ တိုက်ပွဲဖြစ်ပွါးရာဒေသများ။ (ဓာတ်ပုံ-MIMU)

[[Zawgyi/Unicode]]


စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းဒေသမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး PDF အဖွဲ့တို့ကြား တိုက်ပွဲကြောင့် ဒေသခံရွာသား (၅) ဦးထိခိုက်ဒဏ်ရာရသလို ကျေးရွာအိမ်ခြေတချို့လည်း ထပ်မံမီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်း ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

စစ်ရေးတင်းမာနေတဲ့ ကလေးမြို့တောင်ပိုင်းဒေသ နတ်ချောင်းကျေးရွာဘက်မှာ မေလ ၃၁ ရက်နေ့က တိုက်ပွဲဖြစ်ပြီး အခု ဇွန်လ ၁ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“အခုလဲထပ်ပြီးတော့ တောင်ကလာတဲ့စစ်ကြောင်းနဲ့ မြောက်ကလာတဲ့စစ်ကြောင်းနဲ့ သူတို့ ပေါင်းမိဖို့နည်းနည်းပဲ လိုတော့တယ်။ အခုတိုက်ပွဲထပ်ပြီးတော့ ထိတွေ့မှုဖြစ်နေတယ်။ နတ်ချောင်းအတွင်းမှာဗျ။ ဟုတ် နတ်ချောင်းဘက်မှာ။ တောင် ကလာတဲ့စစ်ကြောင်းက အောင်ချမ်းသာ(ရွာ) ကိုရောက်နေပြီ။ မြောက်ကကျတော့ နတ်ချောင်းမှာပဲ။ လက်နက်ကြီးနဲ့ထိုင်ပြီးတော့ထုနေတာ။ မနားတမ်းပေါ့နော်။”

ကလေးမြို့တောင်ပိုင်း ကလေး-ဂန့်ဂေါလမ်းမပေါ် နတ်ချောင်းကျေးရွာမှာ မေ ၃၁ ရက် နေ့လယ် ၂ နာရီကစပြီး စစ်ကောင်စီတပ်နဲ့ PDF (Kalay) ၊ ချင်းကာကွယ်ရေးအဖွဲ့ CNDF ၊ ကလေး-ကဘော်-ဂန့်ဂေါ CDF (KKG) အဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားတယ်လို့ PDF (Kalay) ကထုတ်ပြန်ထားပါတယ်။ တိုက်ပွဲအပြီး ညနေ (၆) နာရီလောက်မှာ နတ်ချောင်းကျေးရွာ လူနေအိမ်တချို့မီးရှို့ခံရတယ်လို့ ဒေသခံ ကူညီပေးရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

“ကလေးမြို့အတွင်းမှာရှိနေတဲ့ စစ်ကြောင်းတွေက နတ်ချောင်းဘက်ကိုပေါ့နော် ဦးတည်ပြီးမှ ထိုးစစ်ဆင်လာခဲ့တာဗျ။ အဲဒီမှာ ထိတွေ့မှုဖြစ်ပွါးတာပေါ့နော်။ သူတို့က ညနေပိုင်း (၆) နာရီလောက်မှာ မီးတွေရှို့တာဗျ။ အိမ်ခြေ (၃၀) လောက် ထိတယ်လို့သိထားရတယ်ဗျ။ လတ်တလောသိထားတာတော့။ အခုကို ထိတွေ့ မှုတွေဖြစ်နေတာဗျ။ အိမ်အလုံးအရေကလည်း အတိကျရေတွက်လို့မရနိုင်သေးဘူးဗျ။ ဒီအချိန်မှာ။”

၂၀၂၂ ခုနှစ်ကတည်းက စစ်ရေးပဋိပက္ခအတွင်း နတ်ချောင်း ကျေးရွာ (၅) ကြိမ် မီးရှို့ခံခဲ့ရပြီး စုစုပေါင်းအိမ်ခြေ (၅၀၀) ခန့် မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ခန့်မှန်းထားပါတယ်။ တိုက်ပွဲကြောင့် ကျေးရွာသားတွေအနေနဲ့ ဘေးလွတ်ရာတခြားရွာနဲ့ တောတောင်ထဲ တိမ်းရှောင်နေရပါတယ်။

မနေ့ကတိုက်ပွဲအတွင်း စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ နတ်မြောင်းကျေးရွာဘက် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့လို့ ကလေးငယ်တဦးအပါဝင် ရွာသား (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါ ဒေသခံ ကူညီပေးရေးအဖွဲ့ဝင်တဦး က ပြောပါတယ်။

“နတ်ချောင်းဘက်မှာက တိုက်ပွဲထိတွေ့မှုဖြစ်တဲ့အချိန်မှာ စစ်ကောင်စီဘက်က ရမ်းသန်းပြီးတော့ ပစ်တဲ့အချိန်မှာ နတ်မြောင်းရဲ့ဘုန်းကြီးကျောင်းမှာရှိတဲ့ စစ်ဘေးရှောင်တွေကို ကျည်မှန်သွားတာဗျ။ (၅) ယောက်ထိသွားတယ် ဗျ။ (၅) နှစ်အရွယ်လောက်ပေါ့ ကလေးငယ်တဦးက လည်ပင်းကို လက်နက်ကြီးမှန်ပြီး သွေးတွေအန်တာပေါ့နော်။ လက်နက်ကြီးစတွေ မှန်သွားတာပေါ့။ ကျန်တဲ့ဟာတွေ ပြည်သူတွေကတော့။ အဲဒီကလေးငယ်ကတော့ စိုးရိမ်စရာရှိတယ်ပေါ့။”

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းမှာ မေလ (၂၈) ရက်ကနေ (၃၁) ရက်နေ့အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က (၄) ဦးခန့် သေဆုံးကြောင်း PDF-Kalay က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် သုံးအိမ်စုကျေးရွာ သား စိတ်ကျန်းမာရေးချို့ယွင်းနေသူ (၁) ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ကြောင်းလည်း ရေးထားပါတယ်။

စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး PDF အဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးနေတဲ့ ကလေးမြို့နယ်တောင်ပိုင်း ဒေသက ရေရှင်၊ လယ်ခြား၊ ကုက္ကိုလ်၊ ရှားတော၊ တင်သား၊ အရှေ့စည်း၊ နတ်ချောင်း၊ ရှားဖို၊ အစရှိတဲ့ရွာ (၉) ရွာ မီးရှို့ခံရပြီး အိမ်ခြေ (၂,၀၀၀) လောက် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ သူတို့အနေနဲ့ကျေးရွာကိုမီးရှို့တာမဟုတ်ဘဲ PDF စခန်းတွေကို ရှင်းလင်းတာ လို့ ပြောဆိုခဲ့ပါတယ်။ တိုက်ပွဲကြောင့် ဒေသခံရွာသား နှစ်သောင်းလောက် တောတောင်တွေထဲ ယာယီပုန်းရှောင်နေကြရသလို နီးစပ်ရာဆွေမျိုးသားချင်း ရွာတွေ၊ အိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေသူတွေလည်းရှိပါတယ်။

#MyanmarViolence #SagaingFighting #VOABurmese #ကလေးမြို့တောင်ပိုင်း #ကျေးရွာမီးရှို့ #လက်နက်ကြီးနဲ့ပစ် #ကလေးစစ်ဘေးရှောင် #ဗွီအိုအေ
==========

[[Unicode]]













==========

XS
SM
MD
LG