[[Zawgyi/Unicode]]
ရှမ်းပြည်တောင်ပိုင်းက စစ်ပြေးဒုက္ခသည် တသောင်းဝန်းကျင်အတွက် ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် အခြေခံလိုအပ်ချက်တွေ ရှိနေသလို သူတို့တွေ နေရပ်ပြန်နိုင်ဖို့ရာ မိုင်းအသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့လိုတယ်လို့ ကူညီရေးသမားတွေကပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်း မအင်ကြင်းနိုင်ပြောပြမှာပါ။
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေအကြား လနဲ့ချီကြာတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံအများအပြား အိုးအိမ်စွန့်ခွာနေကြရတာပါ။ အများစုကတော့ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ မောက်မယ်မြို့နယ်နဲ့ ဆိုက်ခေါင်အရပ်က ကျေးရွာတောထဲ ယာယီတဲတွေ ထိုးပြီး နေထိုင်ကြရပါတယ်။ အကူအညီ စားနပ်ရိက္ခာတွေရော၊ နေထိုင်ဖို့ အိပ်ယာခင်းတွေရော လိုအပ်ချက်တွေရှိနေတယ်လို့ အကူအညီပေးသူတွေက ပြောပါတယ်။ ကျောင်းတွေဖွင့်ချိန်နဲ့ ဗုဒ္ဓဘာသာဝါတွင်းကာလရောက်တော့မှာမို့လည်း စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေမှာ ခိုလှုံနေကြသူတွေအတွက် နေရာထိုင်ခင်းအသစ် ပြန်လုပ်ပေးရမယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ခွန်ကျော်ဆွေက ပြောပါတယ်။
"စာသင်ကျောင်းမှာ နေတဲ့သူတွေက ကျောင်းပြန်ဖွင့်တဲ့အခါကျတော့ သူတို့တွေပြန်ရွှေ့ရတာပေါ့။ Camp တွေလုပ်ရတဲ့အခါကျတော့ သူတို့လည်းအခက်အခဲရှိတော့ အလှူရှင်ချိတ်ပြီးတော့ တာလပတ်တွေ၊ မိုးကာတွေ လုပ်ပေးလိုက်တာပေါ့။ တချို့တွေကလည်း ဘုန်းကြီးကျောင်းရောက်တယ်။ ဘုန်းကြီးကျောင်းဆိုတာ ဇရပ်ထဲမှာနေတာရှိတယ်၊ ဘုရားပရဝဏ်အတွင်းမှာ နေတဲ့အုပ်စုလည်းရှိတယ်။ အဲဒီအုပ်စုကျတော့ ဝါဝင်တော့မယ်ဗျ။ ဝါဝင်တဲ့အခါကျတော့ ဥပုသ်သည်လည်းရှိတယ်။ ဥပုသ်သည်ရှိတော့ သူတို့အတွက်နေစရာ ပြန်လုပ်ပေးဖို့တော့ လိုအပ်တယ်ဗျ။"
ဒုက္ခသည်တွေဟာ တိုက်ပွဲတွေနဲ့ အိုးအိမ်မဲ့မှုတွေကြောင့် အချိန်ကြာလာတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်ပိုများလာသလို စိတ်ပိုင်းဆိုင်ရာ ကုစားပေးဖို့ လိုအပ်ချက်တွေလည်းရှိလာတယ်လို့ ကူညီသူတွေကပြောပါတယ်။ ဒါ့အပြင့် တိုက်ပွဲတွေဖြစ်ခဲ့တဲ့နေရပ်ကို ဘေးအန္တရာယ်ကင်းကင်းပြန်နိုင်ဖို့ မိုင်းအသိရှိဖို့လည်း လိုအပ်တယ်လို့ ပြောပါတယ်။
"ကျနော်တို့ ဒီရှမ်းပြည်နယ်ထဲရောက်နေတဲ့ စစ်ဘေးရှောင်တွေက တချို့ကတော့ တနှစ်ကျော်ကြာပြီ။ စစ်ရှောင်ရင်း ရှောင်ရင်း ကြာလာတဲ့အခါကျတော့ ကြည့်ရတာ စိတ်ဓာတ်တွေကျဆင်းတာပေါ့။ သူတို့ရဲ့စိတ်ဓာတ်ကို ပြန်မြှင့်တင်ပေးတဲ့ အခန်းကဏ္ဍလည်း ကျနော်တို့ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုအပ်တယ်။ နောက်တခုကတော့ အပိုင်းအားဖြင့် ၃ ပိုင်းပေါ့ဗျာ။ ပထမပိုင်းကတော့ အရေးပေါ်ကူညီတဲ့ဟာ လိုအပ်တယ်၊ ရေရှည်ကူညီတဲ့ဟာ လိုတယ်ပေါ့။ နောက်တခုက ပြန်လည်ထူထောင်ရေးအထိပါ ဆောင်ရွက်ဖို့လိုအပ်တယ်။ ပိုပြီးတော့အရေးကြီးတာ တခုကတော့ မိုင်းရှင်းလင်းတဲ့ မိုင်းပညာပေးလုပ်ငန်းပေါ့၊ အဲဒါပိုပြီးတော့ လိုအပ်တယ်ဗျ။ တချို့ပြန်သွားပြီး ဟိုရောက်တဲ့အခါကျတော့ မိုင်းထိခိုက်တာတွေရှိတယ်ဗျ။ သေဆုံးတဲ့ဟာတွေ ရှိတဲ့အခါကျတော့ အဲလို ကဏ္ဍတွေနဲ့ ကျနော်တို့ ဆက်လက်ပြီးတော့ ဆောင်ရွက်ကူညီပေးနိုင်မယ်ဆိုရင်တော့ သူတို့အတွက်ပိုပြီးတော့ လုံခြုံတဲ့ဘဝကိုရမယ်ဗျ။"
ဆီဆိုင်နဲ့ မောက်မယ်တဝိုက်မှာ စစ်ရှောင်သူဦးရေ ၃ သောင်းဝန်းကျင်အထိ ရှိခဲ့ပါတယ်။ အဲဒီထဲက လွိုင်ကော်ကနေရောက်လာတဲ့ စစ်ရှောင်အများစုကတော့ ပြီးခဲ့တဲ့ ဧပြီလ စိုက်ပျိုးရာသီမှာ သူတို့ရဲ့ တောင်ယာတွေဆီ ပြန်ခဲ့တာရှိပါတယ်။ ဒီးမော့ဆိုနဲ့ ဖရူဆိုက လာသူတွေကတော့ စစ်ရှောင်စခန်းတွေမှာ ကျန်နေပါသေးတယ်။ သူတို့ရဲ့နေအိမ်တွေ မီးရှို့ခံလိုက်ရလို့ ပြန်စရာ နေရာလည်းမဲ့နေပါတယ်။ သူတို့အတွက်လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ကို နယ်လှည့်ဆေးကုမယ့်အစီအစဉ်တွေလည်း ပြင်ဆင်ထားတယ်လို့ ပအိုဝ်းကျန်းမာရေးလုပ်ငန်း ဖော်ဆောင်ရေးကော်မတီ PHWC ရဲ့ လုပ်ငန်းညှိနှိုင်းဆောင်ရွက်သူ ခွန်စည်သူက ပြောပါတယ်။
"လောလောဆယ်ကတော့ မိုးများနေတယ်၊ မိုးကဆက်တိုက်ရွာနေတယ်။ တချို့စစ်ရှောင် camp တွေမှာ အမိုးအကာတွေက သူတို့စရောက်ကတည်းက စဆောက်ထားတာဆိုတော့ တချို့ဆိုရင် မိုးကာတွေက ပြဲကုန်ပြီပေါ့နော်။ ပြဲကုန်တော့ အခုကနေရာထိုင်ခင်းတွေက အခက်အခဲဖြစ်နေတယ်။ နောက်ဆက်တွဲကတော့ ကျန်းမာရေးပေါ့။ ကျန်းမာရေးနဲ့ပတ်သက်လို့ အခုဆိုရင် ကျနော်တို့လည်း camp တိုင်းကို မသွားနိုင်ဘူး။ ဘာလို့လဲဆိုတော့ လမ်းခရီးအခြေအနေက တချို့ camp တွေဆို တော်တော်ဝေးတယ်ပေါ့နော်။ ကျနော်တို့ဆီမှာ ရံပုံငွေတွေ ဘာတွေဆိုပြီးတော့ သီးခြားစီမံထားတာတွေလည်း မရှိဘူး။ စစ်ရှောင်တွေအတွက် အခုလောလောဆယ်ကတော့ နေရေးထိုင်ရေးနဲ့ ကျန်းမာရေးကိစ္စတွေက အဓိကလိုအပ်နေတယ်။ ကျနော်တို့အဖွဲ့ဆိုရင်လည်း အခုမိုးတွင်းကာလမှာ camp တွေဆီကို Mobile Medical Team တွေ ကျနော်တို့ ပြင်ဆင်ထားတာရှိတယ်။ ဒါပေမဲ့ ဒီဆေးဝါးပိုင်းလိုအပ်ချက် အခက်အခဲတွေရှိတယ်။ ပြီးတော့ သွားရေးလာရေးလိုအပ်ချက် အခက်အခဲတွေလည်း ရှိတာပေါ့နော်။ အခုကတော့ ကျနော်တို့ကတော့ ဘာပဲပြောပြော လူသားချင်းစာနာမှုအနေနဲ့ကတော့ စစ်ရှောင်တွေရှိနေသမျှကတော့ ကျနော်တို့ဆက်ပြီးတော့ လုပ်ဆောင်သွားဖို့ရှိပါတယ်။"
ဒီးမော့ဆို၊ ဆီဆိုင်နဲ့ ဖယ်ခုံကနေ ရောက်လာတဲ့ စစ်ဘေးဒုက္ခသည် ၁ သောင်းဝန်းကျင်ကတော့ ဆီဆိုင်၊ မောက်မယ်နဲ့ ဆိုက်ခေါင်တဝိုက်မှာ ယာယီခိုလှုံနေရတုန်းပါ။ စစ်ရှောင်သူဦးရေ ၃ သောင်းကနေ ၁ သောင်းအထိ လျော့သွားပေမယ့် အလှူရှင်အင်အားလည်း နည်းသွားလို့ ဒေသခံတွေကသာ အဓိက ကူညီဆောင်ရွက်ပေးနေရတဲ့ အခြေအနေဖြစ်နေပါတယ်။
==============
[[Unicode]]
==============