သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီးမော့ဆို၊ ဖရူဆိုနဲ့ ဘော်လခဲဒေသတွင်း တိုက်ပွဲများဖြစ်ပွား


IDPs camp in Kayah State
IDPs camp in Kayah State

[[Zawgyi/Unicode]]

ဇူလိုင်လ ဒုတိယပတ်အတွင်း ကယား (ကရင်နီ) ပြည်နယ်က မြို့နယ် ၃ ခုမှာ တိုက် ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNDF က ဒီနေ့ထုတ်ပြန်ထားပါတယ်။ ဘော်လခဲနယ်တိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်လို့ ဒေသခံတွေ တိမ်းရှောင်ကြရပြီး အခက်အခဲကြုံနေကြတယ်လို့လည်း ပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်း မအေးသန္တာကျော်က တင်ပြပေးထားပါတယ်။

ဇူလိုင် ၁၄ ရက် မနေ့ညနေပိုင်းလောက်က ဒီးမော့ဆိုမြို့နယ် အူးခူရီကျေးရွာအနီးမှာ ကရင်နီပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီအကြား နှစ်ဘက်အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်က ပြောဆိုပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဒေသခံ နေအိမ်တွေမှာ တပ်စွဲနေထိုင်နေတာကြောင့်၊ အချိန်မရွေးတိုက်ပွဲဖြစ်နိုင်တဲ့အခြေအနေဖြစ်တယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။

“တိုက်ပွဲကတော့ အချိန်မရွေး ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လဲဆိုတော့ ဒီအကြမ်းဖက်စစ်ကောင်စီလည်း ကင်းပုန်းတွေချထားရှိတယ်။ နောက်ရွာထဲမှာပေါ့ ပြည်သူ အိုးအိမ်မှာနေထားတာရှိတယ်။ တိုက်ပွဲကတော့ ကြို့ကြားကြို့ကြားတော့ အမြဲတမ်း လိုလိုဖြစ်တယ်။ တခါတလေ စနိုက်ပါနဲ့ သွားချောင်းပစ်တာတို့ ဘာတို့ပေါ့နော် ကျနော်တို့ဘက်က။ ဒါပေမယ့် ဒီလိုင်းပေါ်မှာတော့ သိပ်မတင်ဘူးပေါ့နော်။”

ဇူလိုင် ၁၄ ရက် မနေ့ မွန်းလွဲပိုင်းမှာ ဖရူဆိုမြို့နယ်တွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေပိုင်းမှာတော့ ဒီးမော့ဆိုမြို့နယ် အူးခူရီကျေးရွာအနားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ဇူလိုင် ၁၂ ရက် မနက်ပိုင်းကတော့ ဒီးမော့ဆိုမြို့နယ် ဒေါင်ခါးကျေး ရွာကနေ ပူဖားကျေးရွာဘက် ဦးတည်လာတဲ့ စစ်ကောင်စီ ထောက်ပို့ယာဉ် နှစ်စီး ကို ဒေသခံကာကွယ်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ အလားတူ ဇူလိုင် ၁၁ ရက် ညနေပိုင်းမှာ သေးဆူးလဲကျေးရွာတဝိုက် ထိတွေ့မှု တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇူလိုင် ၈ ရက်နေ့က ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီး စစ်ကောင်စီရဲ့ မက်စလောင်းတောင် ကုန်းစခန်းကို ကရင်နီတပ်မတော် (KA)နဲ့ (KNDF) တို့က တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီတိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီဘက် ထိခိုက်မှုများတာကြောင့် စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘော်လခဲမြို့နယ် နန်းဖဲကျေးရွာအနီးတဝိုက် တိုက်ပွဲတွေကြောင့် ကျေးရွာ ၄ ရွာ က ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေရပ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတာလည်း အခုဆို ၇ လရှိလာပါပြီ။ စစ်ပြေးရှောင်တွေအတွက် အလှူရှင်တွေ မရှိလို့ စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ နန်းဖဲရွာခံ စစ်ရှောင်တဦးက ပြောပါတယ်။

“ကျမတို့ဘက်ကတော့ ဖြစ်နေတုန်းပဲ။ ဒီတရက် နှစ်ရက်မှ နားတယ်။ ကျမတို့ ပြေးလာတာက ၇ လရှိသွားပြီ။ မပြန်နိုင်ဘူးဆိုတာက နန်းဖဲရွာမှာကျတော့ တိုက်ပွဲရက်ခြားရက်ခြား ဖြစ်တယ်လေ။ ရွာထဲမှာကဖြစ်နေတော့။ အခက်အခဲတော့ ရှိတာပေါ့ စားဝတ်နေရေးပါ။ လိုအပ်တာတော့ အစုံပဲပေါ့၊ အခုကျမတို့ ဘယ်လိုပြောရမလဲ အောက်ဘက်က အရှေ့ဘက်ပိုင်းကိုပြေးတာပေါ့။ အဲ့မှာတော့ ပိုခက်ခဲတယ်။ အလှူရှင်တွေလည်း မလာနိုင်ကြဘူး။ အခက်အခဲအမျိုးမျိုးကြောင့် နန်းဖဲကို ကျော်ဖြတ်လာရတာ အဆင်မပြေဘူးပေါ့နော်။”

ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားတာဝန်ခံကတော့ သူတို့ဆီအကူအညီတောင်းလာတဲ့ စစ်ပြေးရှောင်တွေကို စာရင်းပြုစုပြီး အလှူခံဖြေရှင်းပေးတာမျိုး ရှိတယ်လို့ ပြောပါတယ်။ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် ကျန်းမာရေး၊ ပညာရေးနဲ့ စားဝတ်နေရေးတွေအတွက် တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးနေတယ်လို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]









XS
SM
MD
LG