သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ပလက်ဝပစ်ခတ်မှု ကျောင်းသားနှစ်ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ” AA ထုတ်ပြန်


ပလက်ဝ palatwa
ပလက်ဝ palatwa

[[Zawgyi/Unicode]]

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ မနေ့က နေ့လယ်ပိုင်းက ကျောင်းသူကျောင်းသားတွေ စီးလာတဲ့စက်လှေတစီးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် ကျောင်းသား ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရရှိခဲ့တယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒီကနေ့မှာလည်း ပလက်ဝဘက်မှာ ပစ်ခတ်သံတွေ ကြားနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ရန်ကုန်ကပေးပို့ထားတဲ့ သတင်း ကို စံကျော်က တင်ပြပေးထားပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ် ရီးမဝကျေးရွာကနေ တုံးမဝကျေးရွာကိုသွားတဲ့ စက်လှေတစီးကို ပလက်ဝမြို့နယ် နှမဒါကျေးရွာ စေတီကုန်းတောင်မှာ စခန်းချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် ရီးမဝကျေးရွာက အသက် ၁၂ နှစ်အရွယ် ကျောင်းသားနှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ် လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သြဂုတ်လ ၂ ရက် မနေ့ နေ့လယ်က အပစ်ခံရတဲ့စက်လှေမှာ ကျောင်းသူကျောင်းသားဆယ်ဦးလောက်ပါဝင်ပြီး ဒဏ်ရာရသွားတဲ့ ကျောင်းသားနှစ်ဦးနဲ့ ကျောင်းစောင့်တဦးကတော့ ပလက်ဝဆေးရုံးမှာ ဆေးကုသမှုခံယူနေတယ်လို့ ပလက်ဝဒေသခံ တဦးကပြောပါတယ်။

“ ကျောင်းသားက ဆယ်ယောက်လောက်ပါတယ်။ နောက် ကျောင်းဝန်ထမ်း ကျောင်းစောင့်တယောက်ပါတယ်။ ငါးတန်းတယောက်၊ လေးတန်းတယောက်က ထိပြီးသေတာ။ သုံးယောက်ကတော့ ဒဏ်ရာရတယ်၊ လက်ရှိကတော့ ဒဏ်ရာရသူတွေ ပလက်ဝမြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံရနေပါတယ်။”

အခုလို ပစ်ခတ်မှုနဲ့ ကျောင်းသားကျောင်းသားတွေ သေဆုံးရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီကို ပြင်းထန်စွာရှုတ်ချကြောင်း ကြားကာလ ခူးမီး (ချင်း) မျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေး ကောင်စီကလည်း ထုတ်ပြန်ထားပါတယ်။ စက်လှေပစ်ခတ်ခံရမှုနဲ့ပတ်သက်လို့တော စစ်ကောင်စီဖက်က တစုံတရာ တုံ့ပြန်အတည်ပြု ပြောဆိုတာမရှိပါဘူး။

ဒီလိုအခြေအနေတွေကြောင့် ပလက်ဝမြို့နယ်မှာတော့ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီကြား စစ်ရေးတင်းမာနေပါတယ်။ ပလက်ဝမြို့နယ်တွင်း စစ်ကောင်စီဘက်က လုံခြုံရေးတိုးမြှင့်ထားသလို ဒေသခံတွေရဲ့ ခရီးသွားလာခွင့်တွေနဲ့ ကုန်ပစ္စည်းသယ်ယူခွင့်တွေကို စစ်ကောင်စီက ကန့်သတ်ထားပါတယ်။ အင်တာနက်ဆက်သွယ်မှုတွေကိုလည်း ဖြတ်တောက်ထားပါတယ်။ ဒါကြောင့်မို့ ပလက်ဝဒေသခံတွေအနေနဲ့ စားဝတ်နေရေး အခက်ကြုံနေရတဲ့ အပြင် လုံခြုံရေးအတွက်ပါ စိုးရိမ်နေကြရတယ်လို့ ပလက်ဝဒေသခံတဦးကပြောပါတယ်။

“ ဒေသခံတွေ စိုးရိမ်ကြတာပေါ့။ ညဘက်ဆိုရင်လည်း ဘယ်မှ မထွက်ရဘူး၊ စက်လှေတွေလည်း ကောင်းကောင်းမသွားရဘူး။ ကျောက်တော်ကနေ ပလက်ဝ သွားမယ်ဆိုရင်လည်း စက်လှေက မထွက်ဘူး၊ ဆန်ဈေးကတက်တော့ စားဖို့ သောက်ဖို့လည်း ခက်၊ တရက်လုပ်မှတရက်စားရတဲ့သူတွေဆိုတော့ အခက်အခဲရှိတယ်။ လက်နက်သံတွေ ဟိုကကြား ဒီကကြားဆိုတော့ အလုပ်လည်း ထွက်လုပ် လို့မရ အခက်အခဲတွေ အများကြီးရှိတာပေါ့ဗျာ။”

ဒီကနေ့ မနက်ပိုင်းကလည်း ပလက်ဝမြို့နယ်မှာ လက်နက်ကြီးပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပလက်ဝမြို့နယ် နှမဒါကျေးရွာဘက်မှာလည်း ရခိုင်လက်နက်ကိုင် AA အဖွဲနဲ့ စစ်ကောင်စီကြား တိုက်ပွဲဖြစ်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ဒါပေမယ့်လည်း ဒီအဖြစ်အပျက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီရော AA ရော နှစ်ဘက်စလုံးက တစုံတရာ အတည်ပြု ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

==================

[[Unicode]]










XS
SM
MD
LG