သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘီးလင်း NLD ဥက္ကဋ္ဌသတ်ဖြတ်ခံမှု စစ်ကောင်စီငြင်းဆန်


ဘီးလင်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးဆိုင်းဘုတ်။ (ဓာတ်ပုံ- ဘီးလင်း NLD facebook)
ဘီးလင်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးဆိုင်းဘုတ်။ (ဓာတ်ပုံ- ဘီးလင်း NLD facebook)

[[Zawgyi/Unicode]]

စစ်ကောင်စီကဖမ်းဆီးသွားတဲ့ မွန်ပြည်နယ် ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်းရဲ့ ရုပ်အလောင်းကို လက်ပြန်ကြိုးတုပ်လျက်နဲ့ ဇူလိုင် ၆ ရက်နေ့မှာ ပြန်တွေ့ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက VOA ကို ပြောပါတယ်။ သူနဲ့အတူအဖမ်းခံရတဲ့ အခြားပါတီဝင်နှစ်ဦးရဲ့ ရုပ်အလောင်းတွေကိုလည်း ခြေလက်တွေခုတ်ဖြတ် ထားလျှက် တူးဖော်တွေ့ခဲ့ကြရတယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း သူတို့ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့တာမဟုတ်ဘူးလို့ စစ်ကောင်စီပြောခွင့်ရသူက တုံ့ပြန်ပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဘီးလင်းမြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးကျော်မျိုးမင်း၊ နောက်ထပ် ပါတီဝင်နှစ်ဦးဖြစ်ကြတဲ့ ဦးပန်းမြင့်၊ ဦးကိုကိုမောင်နဲ့ ရွာသား ၁ ဦး အပါအဝင် စုစုပေါင်း ၄ ဦးဟာ ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်နေ့မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းနဲ့တိုးပြီး ပစ်ခတ်ဖမ်းဆီးခံရတယ်လို့ သူတိုနဲ့လုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်။ ဒီလို ဖမ်းဆီးခံရပြီး ၁၈ ရက်အကြာ မှာ ပါတီဥက္ကဋ္ဌအလောင်းပြန်တွေ့ခဲ့တာလို့ မိသားစုနဲ့ နီးစပ်သူတဦးက VOA ကို ပြောပါတယ်။ စစ်ကောင်စီက ဖမ်းဆီးသွားပြီးတဲ့နောက် အခုလို ရုပ်အလောင်းတွေ တွေ့ခဲ့ရတာကြောင့် စစ်ကောင်စီတပ်ရဲ့လက်ချက်လို့ မိသားစုအသိုင်းအဝိုင်းက ယူဆကြပါတယ်။ ဒါပေမယ့်လည်း သူတို့နှစ်ဦးက စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်တာမရှိဘူးလို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ငြင်းဆန်ပါတယ်။

“လွှတ်တော်အမတ်နဲ့ပတ်သက်ပြီးပြောရတာတော့ လွှတ်တော်အမတ်သည် အဲဒီအချိန်ထိ ကျနော်တို့ ဥပဒေဘောင်ထဲမှာ နေထိုင်ခဲ့တဲ့လူဖြစ်တယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ကျပေါ့နော် လုပ်နိုင်တဲ့အဖွဲ့အစည်း၊ ဘယ်အဖွဲ့အစည်းဆိုတာလဲ အားလုံးသိပြီးဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဥပဒေဘောင်အတွင်းမှာ နေနေတဲ့ NLD လွှတ်တော်အမတ်တွေပေါ့နော်၊ NLD လွှတ်တော်အမတ်တွေကို ခြိမ်းခြောက်နေတဲ့ အဖွဲ့တွေလည်း ရှိတယ်။ ဒီအဖွဲ့တွေက မြို့ပြပျောက်ကျားအမည်ခံအဖွဲ့တွေပဲဖြစ်တယ်လို့ ကျနော်ပြောချင်ပါတယ်။”

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အဲ့ဒီလိုပြောပေမယ့် ဘီးလင်းမြို့နယ် ပါတီဥက္ကဋ္ဌ ဦးကျော်မျိုးမင်းဟာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရလို့ တိမ်းရှောင်နေရသူဖြစ်ပါတယ်။ ဒီသတ်ဖြတ်ခံရမှုအပေါ်မှာ စစ်ကောင်စီဘက်က ငြင်းဆိုထားပေမယ့် မိသားစုဝင်နဲ့ နီးစပ်သူတွေက စစ်ကောင်စီ လုပ်ဆောင်ခဲ့တယ်လို့ အခိုင်အမာပြောဆိုနေပါတယ်။ ဦးကျော်မျိုးမင်းအလောင်းတွေ့ခဲ့တဲ့ ပုံစံနဲ့ ပတ်သက်လို့ ကိုယ်တိုင်တွေ့ရှိသူကျေးရွာသားတွေကို ကိုးကားပြီး မိသားစုဝင်နဲ့ နီးစပ်သူတွေက အခုလို ပြောပါတယ်။

“ပေါ်ခီးကျေးရွာအနီးမှာ အဖမ်းခံရတာ။ သူတို့အားလုံး။ NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်းရယ်၊ ဦးပန်းမြင့်ရယ်၊ ဦးကိုကိုမောင်ရယ်၊ ရွာသားတဦးရယ်။ ဦးကျော်မျိုးမင်းအလောင်းကိုတော့ ဒီနေ့မှ ပြန်တွေ့တာပေါ့။ ဦးကျော်မျိုးမင်းအလောင်းကလည်း ပျက်စီးနေပါပြီ။ လက်ပြန်ကြိုးတွေတုပ်ထားတယ်။ လည်ပင်းတွေလည်း ကြိုးတုပ်ထားတယ်။ နောက်သူ့ရဲ့ မျက်နှာကိုကျတော့ ရေမြောင်းထဲမှာ မှောက်လျက်ပေါ့နော်၊ ရေနှစ်ထားတဲ့ပုံစံပေါ့၊ အဲ့လိုမျိုးပြန်တွေ့တာ။”

ကိုယ်တိုင်တွေ့ရှိသူ ကျေးရွာသားတွေကိုတော့ ဗွီအိုအေက တိုက်ရိုက်ဆက်သွယ်လို့မရခဲ့ပါဘူး။ ဦးကျော်မျိုးမင်းနဲ့အတူ ဖမ်းဆီးခံရတဲ့ အခြားပါတီဝင်နှစ်ဦးဖြစ်တဲ့ ဦးပန်းမြင့်နဲ့ ဦးကိုကိုမောင်တို့နှစ်ဦးကိုလည်း ခြေလက်ခုတ်ဖြတ်ထားပြီးမြေမြှုပ်ထားတာကို ဇူလိုင်လ ပထမအပတ်မှာပဲ ကျေးရွာသားတွေက တူးဖော်တွေ့ခဲ့ရတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်နေ့က ပါတီဥက္ကဋ္ဌဦးကျော်မျိုးမင်းနဲ့အတူ ၃ ဦးဟာ အစည်းအဝေးတခုကအပြန် ပေါ်ခီးကျေးရွာနားမှာ စစ်ကောင်စီ စစ်ကြောင်းနဲ့တိုးပြီး ပစ်ခတ်ဖမ်းဆီးခံရတာလို့ ဒေသခံတွေက ပြောပါတယ်။

“သူက သူတို့အစည်းအဝေးပေါ့နော် ပြန်လာတာ။ ဒါစမ်းကြီးဘက်ကို သူတို့အမြဲတမ်းသွားသွားနေရတာလေ။ သူတို့က အစည်းအဝေးပြန်လာတာ။ ပြန်လာတဲ့အချိန်မှာပေါ့နော် ဒီသူတို့လေးယောက်ပေါ့ ပြန်လာတာ။ လက် နက်တွေလည်း ပါတယ်။ သူတို့ကို ရွာသားတယောက်က ပြောတယ်တဲ့။ ဒီစစ်ကြောင်းတက်လာတယ်လု့ိ ကြားတယ်ပေါ့နော်။ မသွားသေးနဲ့အုံး၊ မပြန်သေးနဲ့လို့ ပြောတာ။ ဒါပေမယ့် ဦးကျော်မျိုးမင်းက ဟုတ်ကဲ့လို့တော့ ပြောလိုက်တယ်၊ ပြောပြီး သူက ထွက်လာတာ။ ပြန်ပြီေးတာ့ အဲ့ခရီးစဉ်ကို ထွက်လာတာပေါ့နော်။ ပြန်ထွက်လာတဲ့အချိန်မှာ သူတို့ အဖမ်းခံလိုက်ရတာ။ အဖမ်းခံရတဲ့အချိန်မှာ သူတို့က ဒီပစ်ခတ်ပြီး ဖမ်းတယ်ပေါ့နော်။”

သူတို့ဖမ်းခံရချိန်မှာ ဒေသခံကျေးရွာသားတဦးလည်းပါဝင်ပြီး အဲဒီကျေးရွာသားက ထွက်ပြေးလွတ်မြောက်လာတဲ့အတွက် စစ်တပ်က ဖမ်းဆီးတာခံခဲ့ရတယ်ဆိုတာကို ပြန်ပြောနိုင်တာလို့ ဒေသခံတဦးက ပြောပါတယ်။

NLD တာဝန်ရှိသူတွေရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းအရဆိုရင်တော့ အာဏာသိမ်းချိန်ကစပြီး NLD အဖွဲ့ဝင် ၃၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ NLD ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင် ဖမ်းဆီးခံထားရတဲ့ ပါတီဝင်ပေါင်းက ၈၀၀ ကျော်ရှိတယ်လို့ မတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ထားတဲ့စာရင်းမှာဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

===================

[[Unicode]]












XS
SM
MD
LG