[[Zawgyi/Unicode]]
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အခု ဇူလိုင် ၁၃ ရက် မနက်ပိုင်းက ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ မူဆယ်မြို့မှာ အထက်တန်းကျောင်း ဘောလုံးကွင်းထဲ ပေါက်ကွဲတာဖြစ်ပြီး မြစ်ကြီးနားမြို့မှာတော့ ဆောက်လုပ်ဆဲ မီးသတ်ရုံးနေရာမှာ ပေါက်ကွဲခဲ့တာပါ။ ပေါက်ကွဲမှု ၂ ခုလုံးမှာ အထိအခိုက်မရှိကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့က ပေါက်ကွဲမှုဟာ ဟိုမွန်ရပ်ကွက်၊ အမှတ် ၂ အထက်တန်းကျောင်း ဘောလုံးကွင်းမှာ မနက် ၈ နာရီလောက် ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး မူဆယ်မြို့ခံတဦးက အခုလို ပြောပါတယ်။
“ ကျောင်းထဲမှာမဟုတ်ဘူး။ ကျောင်းအနောက်ဘက်မှာ ဖူဆယ်ကွင်း။ ဘောလုံးကန်တဲ့ ဖူဆယ်ကွင်းထဲမှာ။ အထက ၂ လေ။ လူအထိအခိုက် ဘာမှ အထိအခိုက်လည်း မရှိဘူး။ ကလေးတွေကတော့ နည်းနည်းလန့်သွားတာပေါ့။ တချို့ ကတော့ လန့်ပြီးမှ ပြန်တာရှိတယ်။”
မိဘတချို့က စိုးရိမ်ပြီး သူတို့သားသမီးတွေကို လာရောက်ခေါ်ဆောင်သွားတာတွေ ရှိပေမယ့် ကျောင်းကိုတော့ ပိတ်ပစ်တာမရှိကြောင်းလည်း ပြောပါတယ်။
မူဆယ် မြို့မိ မြို့ဖ တဦးကတော့ ကျောင်းအဆောက်အဦးတွေမှာ ဖောက်ခွဲတာမျိုးမလုပ်သင့်ကြောင်းနဲ့ မူဆယ်မြို့ခံတွေကတော့ သတိထားနေထိုင်နေကြရကြောင်း ပြောပါတယ်။
“ ကျောင်းတွေမှာ ဗုံးကွဲတာတော့ မကောင်းဘူးပေါ့နော်။ ဒါပေမယ့် အခုဟာ ကျောင်းတော့ မဟုတ်ဘူးပေါ့နော်။ ကျောင်းနားမှာ သူတို့ လုံခြုံရေးယူထားတဲ့ လုံခြုံရေးတွေ လာတဲ့နေရာတွေကို ကွဲတာလို့တော့ ပြောတယ်။ အခုက မူဆယ်မြို့ က နေ့တိုင်းလိုလို ပစ်ခတ် လုယက် ခိုးဆိုး တော်တော်တော့ အန္တရာယ်များနေတယ်။ ကျနော်တို့ မြို့မိ မြို့ဖတွေအနေနဲ့တော့ နေရတာ နောက်ကျော မလုံဘူးပေါ့ဗျာ။ ကိုယ်ဟာကိုယ် လုပ်ကိုင် စားသောက်တဲ့လူတွေအတွက် လက်နက်ကိုင် အဖွဲ့တွေကို ကြောက်နေရတာပေ့ါ။”
မူဆယ်ဒေသအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဝင်ထွက်လှုပ်ရှားနေသလို ပြည်သူ့စစ်အမည်နဲ့ လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့တွေလည်း ရှိနေတာပါ။
ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စုံစမ်းနေဆဲဖြစ်သလို ပေါက်ကွဲမှုဖြစ်ပြီးနောက်မှာ မြို့အတွင်းမှာလည်း စစ်ဆေးတာတွေ တင်းကျပ်နေပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာလည်း ဒီကနေ့ မနက် ၄ နာရီလောက်က ပေါက် ကွဲမှု တကြိမ် ဖြစ်ခဲ့ပါတယ်။
ဒီပေါက်ကွဲမှုဟာ ကုန်းလယ်ရပ်ကွက်က ဒူးလေးပါတီခေါ် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီရုံးမှာ ပေါက်ကွဲတာလို့ ဒေသခံတွေက ပြောဆိုပါတယ်။
လီဆူပါတီဥက္ကဋ္ဌ ဦးရွှေမင်းကတော့ သူတို့ပါတီရုံးမှာ ဗုံးကွဲတာမရှိကြောင်း အခုလို ငြင်းဆိုပါတယ်။
“ မရှိဘူး။ မရှိဘူး။ ကျနော်တို့ပါတီရုံးမှာ ဗုံးကွဲတာ မရှိပါဘူးခင်ဗျာ။ KIA လော်ဘီသတင်းဌာနက မမှန်မကန် ရေးသားဖော်ပြတာဖြစ်ပါတယ်။”
အမည်မဖော်လိုတဲ့ ဒေသအုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကတော့ ကုန်းလယ်ရပ်က ဆောက်လုပ်ဆဲ မီးသတ်ရုံးမှာ ပေါက်ကွဲတာဖြစ်ကြောင်းနဲ့ ပေါက်ကွဲမှုကြောင့် အုတ်တိုင်တတိုင် အနည်းငယ်ပဲ့သွားတာကလွဲလို့ အခြား အထိအခိုက်မရှိကြောင်း VOA ကို ပြောပါတယ်။
ဒီပေါက်ကွဲမှုဟာ ဦးရွှေမင်းဦးဆောင်တဲ့ လီဆူပြည်သူ့စစ်အဖွဲ့က စစ်ကောင်စီတပ်တွေနဲ့ ပူးတွဲပြီး ဝိုင်းမော်မြို့နယ်က KIA စခန်းကို တိုက်ခိုက်နေကြောင်း သတင်းတွေ ထွက်ပေါ်နေချိန်နဲ့တိုက်ဆိုင်နေတာလည်း ဖြစ်ပါတယ်။
ဝိုင်းမော်မြို့နယ်က နန်ဇော်ယန်ရွာအနီးမှာ အခြေစိုက်ထားတဲ့ KIA တပ်ရင်း ၃ က တပ်စခန်းကို ဒီလ ၁၀ ရက်နေ့ကတည်းက စစ်ကောင်စီဘက်က ထိုးစစ်ဆင်နေပြီး ၁၁ ရက်နေ့မှာတော့ လေကြောင်းက တိုက်ခိုက်တာတွေပါ ရှိခဲ့ပါတယ်။
ဒီလ ၁၂ ရက်နေ့မှာတော့ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး မြေပြင် က ထိုးစစ်ဆင်ခဲ့ကြောင်း KIO က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီကနေ့မှာတော့ ဝိုင်းမော်မြို့နယ်အတွင်း တိုက်ခိုက်တာတွေ ငြိမ်သက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
#MyanmarViolence #VOABurmese #မူဆယ် #မြစ်ကြီးနား
==============
[[Unicode]]
မူဆယျနဲ့ မွဈကွီးနားပေါကျကှဲမှု လူအထိအခိုကျမရှိ
==============