သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“စစ်မက်ပဋိပက္ခအတွင်း ကလေးသူငယ်များ” အစီရင်ခံစာ မြန်မာကို နာမည်ပျက် စာရင်းထည့်


မြန်မာပြည်တွင်းက စစ်ဘေးပဋိပက္ခတွေအတွင်း အိုးအိမ်စွန့်ခွါ ထွက်ပြေးနေကြရတဲ့ ကလေးများ။ (ယခင် မှတ်တမ်းဓာတ်ပုံ)
မြန်မာပြည်တွင်းက စစ်ဘေးပဋိပက္ခတွေအတွင်း အိုးအိမ်စွန့်ခွါ ထွက်ပြေးနေကြရတဲ့ ကလေးများ။ (ယခင် မှတ်တမ်းဓာတ်ပုံ)


[[Zawgyi/Unicode]]

လက်နက်ကိုင်ပဋိပက္ခတွေအတွင်း ကလေးသူငယ်တွေအရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့ အမည်မည်း/ နာမည်ပျက်စာရင်းမှာ မြန်မာနိုင်ငံကိုပါ ထည့်သွင်းလိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း ကလေးသူငယ်တွေဟာ ပဋိပက္ခတွေကြားထဲ အခွင့်အရေး ချိုးဖောက်ခံကြရပြီး ဆိုးဆိုးဝါးဝါး ပြုမူဆက်ဆံခံနေရတယ်လို့ ကုလအတွင်းရေးမှူးချုပ်ရဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာဖော်ပြခဲ့တာပါ။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ "ကလေးများနဲ့ လက်နက်ကိုင်ပဋိပက္ခ" ဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာမှာ မြန်မာစစ်တပ်ဟာ ကလေးတွေအပေါ် ကိုယ်လက်အင်္ဂါ ချို့ယွင်းအောင်ပြုလုပ်တာ၊ သတ်ဖြတ်တာ၊ အဓမ္မပြုကျင့်တာတွေကို ကျူးလွန် တယ်လို့ ဖော်ပြထားပါတယ်။ တနင်္လာနေ့တုန်းက ထုတ်ပြန်လိုက်တဲ့ အဲဒီအစီရင်ခံစာထဲ မြန်မာနိုင်ငံကို အမည်မည်း/နာမည်ပျက်စာရင်းမှာ ထည့်သွင်းထားပါတယ်။ မြန်မာပြည်တွင်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေတဲ့နေရာတွေမှာ ကလေးငယ်တော်တော်များများဟာ အခွင့်အရေးချိုးဖောက်ခံရတဲ့အပြင် ဆိုးဆိုးဝါးဝါးပြုမူဆက်ဆံတာတွေ ရှိနေတယ်လို့ ကလေးသူငယ်အခွင့်အရေး လှုပ်ရှားသူ ရှေ့နေတဦးက VOA ကိုပြောပါတယ်။

"Children Affected by Armed Conflict ပေါ့နော်။ အဲဒါကတော့ ကျူးလွန်တဲ့ဟာတွေကတော့ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားတဲ့နေရာမှာ ကလေးတွေကျူးလွန် ခံရတာ တော်တော်များများဖြစ်နေတယ်။ ကလေးတွေ သတ်ဖြတ်ခံရတဲ့ ကိစ္စတွေရှိတယ်။ နောက်တခုကတော့ ဒီကလေးတွေကို လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးဖို့ ဆိုတဲ့ဟာ အဲဒီထဲမှာပါတယ်။ အဲဒါကို ကျနော်တို့ခေါ်တာကတော့ The Six Grave Violations ကြီးလေးသော ချိုးဖောက်မှု ၆ ရပ်ပေါ့နော်။ အဲဒီထဲမှာပါတဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးနဲ့ ပတ်သက်တာမှာလည်း ကလေးတွေက အဲဒီအထောက်အပံ့တွေ မရဘူး။ တော်တော်များများကို ဖြတ်တောက်ခံရတဲ့ကိစ္စတွေ၊ အသတ်ခံရတဲ့ကိစ္စတွေ၊ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် ခံရတဲ့ ကိစ္စတွေ၊ ညှဉ်းပန်းနှိပ်စက်တဲ့ကိစ္စတွေ။ အဲဒီဟာတွေက အတော်များများဖြစ်ပွားနေတယ်ပေါ့နော်။"

ကလေးငယ်တွေအပေါ် အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်တာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် အသက်မပြည့် တဲ့ ကလေးတွေကို တပ်သားအဖြစ်စုဆောင်းတဲ့ အထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်အာဏာသိမ်းပြီးနောက် ဒေသအသီးသီးမှာ ဖွဲ့စည်းလာကြတဲ့ ဒေသခံကာကွယ်ရေး PDF အဖွဲ့တွေလည်း ပါဝင်နေတယ်လို့ ကလေးသူငယ် အခွင့်အရေး ရှေ့နေကပြောပါတယ်။

"ကလေးတွေအပေါ်မှာ ဘယ်သူကကျူးလွန်တာ များလဲဆို စကစဘက်က ကျူးလွန်တဲ့ဟာတွေက ပိုများတယ်။ စကစဘက်က ကျူးလွန်တဲ့ဟာတွေက သတ်ဖြတ်တဲ့ကိစ္စတွေနဲ့ ဆိုင်တဲ့ဟာတွေ၊ မတရားဖမ်းဆီးတဲ့ကိစ္စ၊ ပြီးရင် ဓားစာခံဖမ်းဆီးတဲ့ကိစ္စ၊ ကလေးတွေကို အထောက်အထားမရှိဘဲနဲ့ မတရားဖမ်းဆီးတာရော၊ လူသားချင်းစာနာမှုအကူအညီ မပေးနိုင်တဲ့ကိစ္စ။ အဲဒီဟာမျိုးတွေမှန်သမျှ ... ဆေးရုံတို့၊ ကျောင်းတို့မှာက စစ်သားတွေရှိလို့မရဘူး။ ဒါပေမယ့် အခု ကျောင်းတွေလည်း တိုက်တယ်၊ ဆေးရုံတွေလည်းပစ်တယ်။ ပြီးရင် အဲဒီနေရာမှာ သူတို့က စခန်းပါချတယ်ဆိုတာမျိုးတွေက စကစဘက်က အများဆုံးကျူးလွန်တာကို ကျနော်တို့ တွေ့ ရတယ်။ တခုထူးခြားတာ ဘာဖြစ်လဲဆိုတော့ အခုတိုက်ပွဲဝင်နေတဲ့ တချို့လက်နက်ကိုင်ထားတဲ့ အဖွဲ့တွေမှာ အသက်မပြည့်သေးတဲ့ ကလေးတွေက ဒီလက်နက် ကိုင်ထဲမှာပါနေတာကို ကျနော်တို့သတိထားမိတယ်။ ဖြစ်နိုင်ရင် အဲဒါက လက်နက် ကိုင်ထားတဲ့ မည်သည့်အဖွဲ့မဆို ကလေးတွေကို စုဆောင်းလို့မရဘူး။ တပ်သားအနေနဲ့ စုဆောင်းလို့မရဘူး။ ပါဝင်ခွင့်ပေးလို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကလေးသဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အဲဒါကိုတော့ ကျနော်တို့က တားဆီးပေးရမယ့်ဟာ ဖြစ်တယ်ပေါ့နော်။"

မြန်မာနိုင်ငံတွင်း စစ်တပ်အာဏာသိမ်းမှုအပေါ် ကျောင်းသားလူငယ်တွေ ဦးဆောင် တဲ့ ဆန္ဒပြမှုတွေဟာ တနိုင်ငံလုံးမှာ ကျယ်ကျယ်ပြန်ပြန့်ဖြစ်ခဲ့တာပါ။ ဒီ ဆန္ဒပြမှုတွေကို စစ်တပ်ကအကြမ်းဖက်နှိမ်နင်းခဲ့တဲ့နောက် ဆန္ဒပြလူငယ်အတော်များများဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေထဲ ရောက်သွားကြပါတယ်။ ဒီအခြေအနေမျိုးမှာ ကလေးသူငယ်တွေ လက်နက်ကိုင်တပ်တွေထဲ ရှိနေတဲ့အပေါ် နှစ်ဘက်စလုံးက စောင့်စည်းလိုက်နာဖို့လိုမယ်လို့လည်း ကလေးသူငယ်အခွင့်အရေး လှုပ်ရှားနေသူတဦးကလည်း မှတ်ချက်ပေးထားပါတယ်။

"အဲဒါက ဘက်က တဖက်တည်းတာ့ မဟုတ်ဘူးပေါ့နော်။ တချို့နယ်တွေမှာ EAO တွေရဲ့လက်ထဲမှာလည်း ကလေးစစ်သားတွေရှိနေတယ်။ နောက်ပြီးတော့ အခု PDF တွေထဲမှာလည်း တချို့တလေဆို ကလေးတွေရှိနေသေးတာပဲလေ။ ဆိုတော့ နှစ်ဖက်စလုံးမှာလည်း ရှိနေပါတယ်။ ဒါတွေဟာ နှစ်ဖက်ကလိုက်နာဖို့ လိုမယ်လို့တော့ ပြောချင်ပါတယ်။ တကယ်တော့ ကျနော်တို့မြေပြင်မှာ တွေ့နေရတာတော့ Policy Makers တွေရော Stakeholders တွေက တကယ်တမ်းလက်တွေ့မှာကျတော့ ကလေးတွေရဲ့ အခွင့်အရေးတွေ၊ အခွင့်အလမ်းတွေကို implementation လုပ်ပေးဖို့ အပိုင်းမှာ on paper တွေအရပဲ သွားနေကြတယ်။ လက်တွေ့ထိရောက်တဲ့ အကောင်အထည်ဖော်မှုတွေ အားနည်းနေတာကတော့ လက်တွေ့ပါပဲ။"

လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေတဲ့ဒေသတွေမှာ ကလေးငယ်တွေဟာ သူတို့ရဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံနေရပြီး၊ လူသားချင်းစာနာမှု အကူအညီတွေရနိုင်ဖို့ဟာလည်း အလှမ်းဝေးနေတယ်လို့ ကုလအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခအတွင်းမှာ ကလေးငယ်တွေသေဆုံးခဲ့သလို မတရားဖမ်းဆီးချုပ်နှောင်ခံရတာ၊ ဓားစာခံအဖြစ်ဖမ်းဆီးခံရတာတွေလည်း အများဆုံးကြုံတွေ့နေရတယ်လို့ ကလေးအခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာမှာလည်း ဇူလိုင်လ ၉ ရက်၊ ပြီးခဲ့တဲ့ စနေနေ့တုန်းက စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံထားရသူကို ဝင်ရောက်ပစ်ခတ်တဲ့ဖြစ်စဉ်မှာ အသက် ၇ နှစ်အရွယ် တူမဖြစ်သူ သေနတ် နဲ့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါတယ်။ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ကတော့ ဒီပတ်ခတ်မှုမှာ သူတို့အဖွဲ့ဝင်ပါဝင်တယ်လို့ ဝန်ခံထားပြီး သေနတ်နဲ့အပစ်ခံရတဲ့ ကလေးငယ်ဟာ စစ်ကောင်စီကြောင့် အချိန်မီကုသမှု မခံယူရလို့ သေဆုံးခဲ့တယ်လို့ တုံ့ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

=================


[[Unicode]]












XS
SM
MD
LG