သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးမြို့တောင်ပိုင်း တိုက်ပွဲ ဒေသခံတချို့သတ်ဖြတ်ခံရ


kalay city ကလေးမြို့
kalay city ကလေးမြို့

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တောင်ပိုင်း သာယာကုန်းကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေရှိနေပြီး ဖမ်းဆီးခံရတဲ့ဒေသခံတချို့ သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ကပြောပါတယ်။ မြင်းမူမြို့နယ်ထဲမှာဆိုရင်လည်း စစ်ကောင်စီက နယ်မြေရှင်းလင်းရေးတွေလုပ်နေပါတယ်။ ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တောင်ပိုင်း သာယာကုန်းကျေးရွာဘက်ကို နယ်မြေရှင်းလင်းရေးလုပ်တဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ သြဂုတ်လ ၂ ရက် မနက်ပိုင်းကစပြီး ကျေးရွာအနီး တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။ ပိတ်မိနေတဲ့ သာယာကုန်းကျေးရွာသားအချို့ကို စစ်ကောင်စီက ကျောင်းထဲမှာ ဖမ်းဆီးထားပြီး ဒေသခံ လေးဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

“စစ်ကောင်စီတပ်တွေက သာယာကုန်းရွာကိုဦးတည်ပြီးတော့မှ နည်းပညာတက္ကသိုလ်ကနေ ထွက်လာတာပေါ့နော်။ မနက် ၇ နာရီ ပတ်ဝန်းကျင်လောက်က တိုက်ပွဲဖြစ်တယ်လေ။ ၂ နာရီ ၃ နာရီလောက်အထိ တိုက်ပွဲဖြစ်တယ်ပေါ့နော်။ သာယာကုန်းရွာအနီးမှာ တနေကုန်နီးပါး တိုက်ပွဲဖြစ်တယ်။ ရွာထဲမှာ မပြေးဘဲကျန်တဲ့သူတွေကို အကုန်ဖမ်းတယ်ပေါ့နော်။ ၁၀ ဦး၊ ဦး ၂၀ ကြားလောက်ဖြစ်မယ်၊ ဖမ်းထားတယ်လို့သိရတယ်။ အဲ့မှာ ၄ ယောက်ကို သတ်ပစ်ပြီးပြီလို့ သိရတယ်ခင်ဗျ။ အဲ့ဒါကို ရွာထဲကလွတ်လာတဲ့ ရွာသားတွေပြောပြချက်အရ ၄ ယောက်ပေါ့။ သူတို့သိတဲ့ ၄ ယောက်က အသတ်ခံရပြီးပြီလို့ သိရတယ်ခင်ဗျ။”

ဒေသခံကျေးရွာသားတွေ အသတ်ခံရတာနဲ့ ပတ်သက်လို့ ဗွီအိုအေဘက်က သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးထက် မနည်းအကျအဆုံးရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီက သာယာကုန်းကျေးရွာထဲမှာ ဆက်လက်တပ်စွဲနေပြီး၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ ကလေး - ဂန့်ဂေါ လမ်းပိုင်းကို အသုံးမပြုဖို့ အသိပေးထားပါတယ်။ စစ်ကိုင်းတိုင်းထဲက မြင်းမူမြို့နယ်ထဲမှာဆိုရင် လည်း သြဂုတ်လ ၁ ရက်က လက်ပံကျင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းပစ်ကူယူပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စခန်းကို ဝင်ရောက်စီးနင်းတာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်းဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ ပြောပါတယ်။ အဲ့ဒီနောက်မှာ ရွာသားအများအပြားကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်ပြီး နောက်တနေ့ သြဂုတ် ၂ ရက်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

အဲ့ဒီနောက် သြဂုတ်လ ၃ ရက် ဗုဒ္ဓဟူးနေ့ မှာ စစ်ကောင်စီတပ်တွေဟာ ကံရင်း၊ မလဲသာစတဲ့ ကျေးရွာတွေအနီးမှာ တပ်စွဲနေပြီး နယ်မြေရှင်းလင်းတာတွေ ဆက်လုပ်နေတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

“မနေ့ညနေတုန်းကတော့ တိုက်ပွဲတခုဖြစ်တယ်။ ဒီနေ့မနက်ခင်းမှာတော့သူတို့က တောက်လျှောက် မနေ့ညခင်းကတည်းက ပစ်ခတ်သံတွေကြားရတယ်ပေါ့။ ၄၀ မမတွေ သေနတ်တွေနဲ့ ပစ်ဖောက်သံတွေတော့ ကြားရတယ်။ ဒီနေ့မနက်မှာ ကံရင်းရွာကနေပြီးတော့ အရှေ့ဘက်ဆိုရင် မလဲသာဆိုတဲ့ရွာလည်းရှိတယ်။ အခုကံရင်းဆိုတဲ့ရွာမှာ ထပ်ပြီးတပ်စွဲထားတယ်။ ကံရင်းနဲ့မလဲသာရွာကြားမှာ ဘုန်းကြီးကျောင်း ဓမ္မာရုံပေါ့။ အဲ့မှာတပ်စွဲနေတယ်။”

လက်ပံကျင်းကျေးရွာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်ရာမှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေ စုရုံးရောက်ရှိနေတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးချိန် ကျေးရွာထဲက ပစ်ခတ်လို့ ပြန်လည် ပစ်ခတ်ခဲ့ရတယ် လို့ သတင်းထုတ်ပြန်ထားပါတယ် ရုပ်အလောင်း ၅ လောင်း လက်နက်ခဲယမ်းတွေနဲ့ မော်တော်ယာဉ်အချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက် မှာ ပါရှိပါတယ်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကို လေကြောင်းကနေ ရဟတ်ယာဉ်တွေအသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်တာနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ချက်ထဲမှာ မပါဝင်ပါဘူး။ စစ်ကောင်စီ ပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူကတော့ နယ်မြေရှင်းလင်းရေးမှာ လိုအပ်ရင် လိုအပ်သလို လေကြောင်း အသုံးပြုသွားမယ်လို့ ပြောဆိုဖူးပါတယ်။

#MyanmarViolence #VOABurmese #စစ်ကိုင်း #ကလေးမြို့တိုက်ပွဲ #သာယာကုန်းရွာ #ဒေသခံတွေအသတ်ခံရ

==================

[[Unicode]]












==================

XS
SM
MD
LG