သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝမ်ပေါင်ကုမ္ပဏီလုပ်ငန်းခွင် အဝေးပစ်လက်နက်တွေနဲ့ပစ်ခတ်ခံရ


ဝမ်ပေါင်ကုမ္ပဏီရှိရာ လက်ပံတောင်းကြေးနီစီမံကိန်းထုတ်လုပ်ရာနေရာ။ (ယခင်မှတ်တမ်းဓာတ်ပုံ)
ဝမ်ပေါင်ကုမ္ပဏီရှိရာ လက်ပံတောင်းကြေးနီစီမံကိန်းထုတ်လုပ်ရာနေရာ။ (ယခင်မှတ်တမ်းဓာတ်ပုံ)

{{Zawgyi/Unicode}}

မြန်မာနိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းတိုင်းမှာ ကြေးနီတူးဖော်နေတဲ့ တရုတ်ဝမ်ပေါင် ကုမ္ပဏီဟာ ဒီရက်ပိုင်းထဲ အဝေးပစ်လက်နက်တွေနဲ့ တိုက်ခိုက်တာခံခဲ့ရတယ်လို့ ကုမ္ပဏီဘက်က ထုတ်ပြန်လိုက်ပါတယ်။ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ် လို့ တရုတ်ကုမ္ပဏီဘက်က တိတိကျကျ မစွပ်စွဲထားပေမယ့် ဒီလုပ်ရပ်ကြောင့် ဒေသတွင်း လူမှုစီးပွားအကျပ်အတည်းကြုံလာနိုင်တယ်လို့ တရုတ်ကုမ္ပဏီဘက် က သတိပေးပါတယ်။ ဒေသကာကွယ်ရေး လက်နက်ကိုင်အဖွဲ့တွေကတော့ အခုလိုအခြေအနေဖြစ်အောင် ကုမ္ပဏီဘက်က လုပ်ဆောင်ခဲ့တာလို့ တုံ့ပြန်လိုက်ပါတယ်။ ရန်ကုန်ကနေ ပေးပို့ထားတဲ့ ဒီသတင်း ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ ကြေးနီစီမံကိန်း လုပ်ငန်းခွင်ထဲကို အဝေးပစ်လက်နက်တွေနဲ့ ဗုံးဆံအမြောက်အများ ကျရောက်ခဲ့တယ်လို့ တရုတ်ဝမ်ပေါင်ကုမ္ပဏီက ဇွန်လ၂၇ ရက် တနင်္လာနေ့က ထုတ်ပြန်လိုက်ပါတယ်။ အခုလိုလုပ်ရပ်ကြောင့် ကုမ္ပဏီကိုမှီခိုနေရတဲ့ မြန်မာလုပ်သားတွေ နစ်နာနိုင်ပြီး ဒီဒေသထဲမှာလည်း လူမှုစီးပွားရေး အကျပ်အတည်းတွေ ဖြစ်လာနိုင်တယ်လို့ ကုမ္ပဏီဘက်က သတိပေးလိုက်တာပါ။

ဒေသကာကွယ်ရေး လက်နက်ကိုင် အဖွဲ့တွေကတော့ သူတို့အနေနဲ့ ကုမ္ပဏီကိုဦးတည်တိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိပေမယ့် စီမံကိန်းနားကကျေးရွာတွေကို မီးရှို့နေတဲ့စစ်တပ်ကို ကုမ္ပဏီဝင်းထဲမှာ ခိုလှုံခွင့်ပေးထားတာ၊ လက်နက်ခဲယမ်းသိုလှောင်ခွင့် ပေးထားတာတွေကြောင့် တိုက်ခိုက်ရတာလို့ ဗွီအိုအေကိုပြောပါတယ်။ ကုမ္ပဏီရှိတဲ့နေရာကို ဇွန်လ ၂၂ ရက်က အဝေးပစ်လက်နက်တွေနဲ့ ဆက်တိုက်ပစ်ခတ်နေတဲ့ ဗွီဒီယိုဖိုင်ကိုလည်း လက်နက်ကိုင်တွေက လူမှုကွန်ရက်ပေါ်တင်ခဲ့ကြပါတယ်။

အဲဒီနေ့က လက်နက်ကိုင်အဖွဲ့ပေါင်းစုံက ဝမ်ပေါင်ကုမ္ပဏီဘက်ကို ဗုံးအလုံးရေ ၂၀၀ ကျော်နဲ့ ဝိုင်းပြီး ပစ်ခတ်ခဲ့ကြတယ်လို့ ဆားလင်းကြီး ပြည်သူ့ကာကွယ်ရေးက ဗိုလ်စစ်နိုင်က ဗွီအိုအေကို ပြောပါတယ်။

"အဖွဲ့ပေါင်းစုံကတိုက်ခိုက်တာ။ အနည်းဆုံး ၂၀၀၊ ၃၀၀ အထက်မှာရှိတယ်။ ကျနော်တို့ဝိုင်းပစ်ကြတာ။ ကျနော်တို့က စစ်ကြောင်းကို ဦးတည်ပြီးပစ်တာပေါ့၊ ဝမ်ပေါင်ထဲလည်း ရောက်ချင်ရောက်မယ်၊ မရောက်ချင်မရောက်ဘူး။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အရိုးခံသက်သက်ပါဆိုရင် ဘာမှစစ်တပ်နဲ့ရဲကို လုံခြုံရေးယူခိုင်းစရာ အကြောင်းမရှိပါဘူး။ လုံခြုံရေးကုမ္ပဏီတွေရှိတယ် ငှားပါ၊ ကျနော်တို့က စစ်တပ်နဲ့ရဲကလွဲပြီးတော့ ကျန်တဲ့ဟာတွေကို ကျနော်တို့စိတ်မဝင်စားဘူး။ တိုက်ခိုက်ဖို့လည်း စိတ်ကူးထဲမရှိပါဘူး။"

ကုမ္ပဏီကတော့ သူတို့အနေနဲ့ ကြေးနီထုတ်လုပ်တာကို ရပ်နားထားတာ ၁၆ လလောက်ရှိပြီလို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ အနီးအနား ကျေးရွာတွေကတော့ ကုမ္ပဏီက ကြေးနီကိုဆက်ပြီး ထုတ်လုပ်နေတယ်လို့ အထောက်အထားတချို့နဲ့ ပြန်ပြီးတုံ့ပြန်ပါတယ်။ ကြေးနီသယ်တဲ့ကားတွေအတွက် စစ်တပ်က လုံခြုံရေးယူပေးနေပြီး အဲဒီစစ်တပ်က အနီးအနားကျေးရွာတွေမှာ နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးတွေလုပ်နေတယ်လို့ ဗိုလ်စစ်နိုင်က ပြောပါတယ်။

" ပြီးခဲ့တဲ့တခေါက်က ကြေးနီထုတ်သွားတဲ့အချိန်မှာ ကျနော်တို့ ရွာသားနှစ်ယောက် အသတ်ခံလိုက်ရတယ်။ လုံခြုံရေးလာယူတဲ့သူတွေက သတ်သွားတာ။ အဲဒီကြေးနီကားလည်း ထွက်ပြီးသွားရော ဝမ်ပေါင်အနီးနားက ပတ်ဝန်းကျင်ကို နယ်မြေရှင်းလင်းရေး လုပ်ဖို့ဆိုပြီး သူတို့ထပ်လာတယ်။ ကျနော်တို့ဘက်က တုံ့ပြန်မှုနဲ့ တိုက် ခိုက်မှု လုံးဝမလုပ်ခဲ့ဘူး။ ဝမ်ပေါင်ထဲမှာ အဲဒီစစ်ကြောင်းက တညအိပ်တယ်။ မိုးကြိုးပြင်ရွာကို မနက်မှာမီးတန်းရှို့တယ်။ ၆၀ မမ လက်နက်ကြီးသုံးလုံး အရင်ပစ်ပြီးတော့မှ မိုးကြိုးပြင်ရွာထဲကို ဝင်တာ။ မိုးကြိုးပြင်ရွာသား နှစ်ယောက်ကို လက်တွေ၊ ခြေထောက်တွေ။ ခေါင်းတွေဖြတ်ပြီး သတ်ဖြတ်ခဲ့တယ်။ ပြီးတော့ ဆည်တည်း ရွာကို ထပ်ဝင်တယ်၊ လူပေါင်း ၁၀၀ ကျော်လောက် ဖမ်းတယ်၊ ရှိတဲ့ပစ္စည်းတွေ အကုန်လုံးယူသွားတယ်။"

မနေ့က တနင်္လာနေ့မှာလည်း လက်ပံတောင်း ကြေးနီစီမံကိန်းအနီးနားက ကျေး ရွာတွေကို စစ်တပ်ကမီးရှို့ပြီး နယ်မြေရှင်းလင်းတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ပံတောင်းကြေးနီစီမံကိန်းကို ဆန့်ကျင်နေတဲ့ ပတ်ဝန်းကျင်က ကျေးရွာပေါင်း ၃၀ နီးပါးကို ရှင်းလင်းဖို့ လုပ်နေတာလို့ဆိုပါတယ်။ အာဏာသိမ်းပြီးနောက် ဒီကုမ္ပဏီမှာ မြန်မာဝန်ထမ်းလျော့သွားပြီး တရုတ်နိုင်ငံသားတွေနဲ့ပဲ အဓိက ဆက်ပြီးလည်ပတ်နေတာပါ။

တရုတ်အစိုးရပိုင် Myanmar Wanbao Mining Copper ကုမ္ပဏီဟာ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြိုနယ်ထဲက လက်ပံတောင်းကြေးနီ စီမံကိန်းကို ပြန်စချင်တဲ့ အရိပ်အယောင်တွေ ရှိနေပြီး ဒီစီမံကိန်းကနေ စစ်ကောင်စီကို ဝင်ငွေအထောက်အပံ့ ဖြစ်စေတာကြောင့်ဆိုပြီး ဒါကို ဆက်ပြီးရပ်ဆိုင်းထားဖို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက မေလအစောပိုင်းမှာ တိုက်တွန်းခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်တဲ့ သတ္တုထုတ်လုပ်ရေး နည်းစနစ်တွေကြောင့်လည်း ဒေသခံတွေက တောက်လျှောက်ကန့်ကွက်နေတာပါ။ ကုမ္ပဏီက မြေပြင်မှာ ကြေးနီဆက်ပြီးထုတ်လုပ်နေတာကိုတော့ စိုးရိမ်တယ်လို့ လက်ပံတောင်း ကြေးနီစီမံကိန်းစောင့်ကြည့်လေ့လာရေးအဖွဲ့က ဦးခိုင်ကြည်က ဗွီအိုကို ပြောပါတယ်။

"ကြံ့ခိုင်ရေးအစိုးရ လက်ထက်ကတည်းက အငြင်းပွားမှုတွေက အများကြီးရှိခဲ့တယ်လေ။ ဝမ်ပေါင်လုပ်နေတဲ့ကဏ္ဍ၊ ထုတ်ယူနေတဲ့ပုံစံမျိုးက ကမ္ဘာမှာအတော်ကြီးနည်းတဲ့ open-pit type ဖြစ်နေတာဗျာ။ သဘာဝပတ်ဝန်းကျင် ရှုထောင့်တခုတည်းနဲ့ အကဲဖြတ်ရင်တော့ ကျနော်တို့နိုင်ငံ နစ်နာနေတာ ကြာပြီပေါ့ဗျာ။"

ဇွန်လ ၂၄ ရက်မှာလည်း လက်ပံတောင်းကြေးနီစီမံကိန်းနားက ညောင်ပင်ကြီး ပင်မ ဓာတ်အားခွဲရုံကို သွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်အားပေး တာဝါတာတခု ထပ်ပြီး ဖောက်ခွဲခံရပါတယ်။ ဒီကိစ္စကိုရှုတ်ချတယ်လို့ တရုတ်ဝမ်ပေါင်ကုမ္ပဏီက သူ့ရဲ့ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ဝမ်ပေါင်ကုမ္ပဏီ တိုက်ခိုက်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ သီးသန့်ထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီကို ထောက်ပံ့နေတယ်လို ယူဆရတဲ့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ကန့်ကွက်တာတွေ များလာပါတယ်။ စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့နောက် တရုတ်လုပ်ငန်းရှင်တွေပိုင်တဲ့ စက်ရုံတချို့ မီးရှို့ခံရတာ၊ မန္တလေးတိုင်းထဲက တရုတ်ရေနံပိုက်လိုင်းနဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို သွားတဲ့ ရေပိုက်လိုင်း တိုက်ခိုက်ခံရတာ၊ တကောင်းနီကယ်စက်ရုံက လျှပ်စစ်တာဝါတိုင် ဖောက်ခွဲခံရတာတွေ ရှိခဲ့ပါတယ်။

ဝမ်ပေါင်ကုမ္ပဏီကတော့ သူတို့အနေနဲ့ လက်ရှိပဋိပက္ခတွေမှာ ပါဝင်ပတ်သက်လို့ခြင်း မရှိပေမယ့် စီမံကိန်းဝန်ထမ်းတွေရဲ့ အသက်အန္တရာယ် ကင်းရှင်းရေးကို လက်နက်ကိုင်အဖွဲ့တွေ၊ လက်နက်မဲ့အဖွဲ့တွေအားလုံးက လေးစားပေးဖို့ ဇွန်လ၂၇ ရက်ကထုတ်ပြန်တဲ့ သူတို့ရဲ့စာထဲမှာ တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

=================

{{Unicode}}














=================

XS
SM
MD
LG