သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ကမ်းရိုးတန်းဘက် မတ် ၂၁ နောက်ပိုင်း ဆိုင်ကလုန်းမုန်တိုင်း ဦးတည်ဖွယ်ရှိ 


မြန်မာဆိုင်ကလုန်းသတိပေးချက် (ယခင်ပုံဟောင်း)
မြန်မာဆိုင်ကလုန်းသတိပေးချက် (ယခင်ပုံဟောင်း)


[[Zawgyi/Unicode]]


ဘင်္ဂလားပင်လယ်အော်အတွင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကနေ ဆိုင် ကလုန်းမုန်တိုင်းအဖြစ် အသွင်ပြောင်းပြီး မတ်လ ၂၁ ရက်နောက်ပိုင်းမှာ ရခိုင်ကမ်းရိုးတန်းဘက်ကို ဦးတည်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။ ဒါကြောင့် လေပြင်းတိုက်တာ၊ မိုးသည်းထန်စွာရွာတာတွေ ဖြစ်နိုင်တယ်လို့ သတိပေးထားတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း ဟာ ပိုမိုအားကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်းအထိ ဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးချက်ထုတ်ပြန်ထားပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာပြီးရင် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကို မတ်လ ၂၁ ရက် နောက်ပိုင်း ဦးတည်သွားနိုင်တဲ့ အခြေအနေရှိတယ်လို့ မိုးဇလညွှန်ကြားရေးမှုး ဦးလှထွန်းက ဗွီအိုအေကိုပြောပါတယ်။

“လေဖိအားနည်းရပ်ဝန်းက ၁၉-၂၀ လောက်မှာ မုန်တိုင်းငယ် Depression ဖြစ်နိုင်တယ်။ ပြီးရင် ၂၁ လောက်မှာတော့ ဆိုင်ကလုန်းမုန်တိုင်းပေါ့နော် အဲလိုဖြစ်နိုင်တယ်။ ခန့်မှန်းထားတာပေါ့နော်။ ဦးတည်ရာက လက်ရှိကတော့ ဒီ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်ကြားပေ့ါနော် အဲလိုခန့်မှန်းထားတယ်။ သို့သော် လေဖိအားနည်းရပ်ဝန်း အခြေအနေမှာ ခန့်မှန်းရတာ အတိအကျတော့ ပြောလို့မရဘူးပေ့ါလေ။ အပြောင်းအလဲတော့ အနည်းငယ်ရှိနိုင်တယ်။”

ကပ္ပလီပင်လယ်ပြင်နဲ့ နီကိုဘာကျွန်းစုဘက်ကနေ မြောက်ဘက်၊ အနောက်မြောက်ဘက်ကို ဦးတည်ရွှေ့လျားလာမယ့် မုန်တိုင်း ဟာ မတ်လ ၂၃ ရက်နေ့လောက်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းဘက်ကိုရောက်နိုင်တယ်ဆိုတဲ့ မိုးဇလရဲ့ ခန့်မှန်းချက်ကို ဌာန အင် တာနက်စာမျက်နှာမှာလည်း ထုတ်ပြန်ထားပါတယ်။ ရခိုင်ကမ်းရိုးတမ်းမြောက်ပိုင်းကို ဆိုင်ကလုန်း မုန်တိုင်း ဝင်ရောက်နိုင်ခြေရှိနေတာကြောင့် မုန်တိုင်းမတိုင်ခင် သတိထားသင့်တဲ့အချက်တွေကိုလည်း ဦးလှထွန်းက အခုလို ဆက်ပြောပါတယ်။

“အခုလက်ရှိက မုန်တိုင်းမရောက်မီပေါ့လေ။ ဘာသတိထားရမလဲဆိုတော့ ရှေ့ပြေးတိမ်တွေပေါ့လေ။ နောက် လက်ရှိကလည်း နေ့အပူချိန်တွေ မြင့်နေတဲ့ကာလဖြစ်တော့ နေ့အပူချိန်မြင့်မားမှုကြောင့် ဒီ မွန်းလွဲ ညနေပိုင်းတွေမှာ Converted တိမ်လို့ ခေါ်တာ ပေ့ါနော်။ အပူပြန်တက်တိမ် အဲဒါတွေကြောင့် လေပြင်းတိုက်တာတွေ၊ မိုးထစ်ချုန်းတာတွေ၊ မိုးသည်းထန်စွာ ရွာတာတွေ သတိ ထားရမှာပေါ့လေ။”

ဒါက ဆိုင်ကလုန်းမုန်တိုင်းမဖြစ်ပေါ်ခင် နိုင်ငံတဝန်း သတိထားရမယ့်အချက်ဖြစ်ပြီး မုန်တိုင်းဖြစ်ပေါ်လာချိန်မှာတော့ မြစ်ဝကျွန်း ပေါ်၊ ရခိုင်ကမ်းရိုးတန်း၊ ချင်းပြည်နယ်၊ မြန်မာပြည်အလယ်ပိုင်းဒေသနဲ့ ကမ်းနီး၊ ကမ်းဝေး ပင်လယ်ပြင်မှာ မိုးသက်လေပြင်း ကျနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်တဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ ပုံမှန်အားဖြင့် မိုးဦးလေဦးကာလ ဧပြီ၊ မေနဲ့ မိုးနှောင်းကာလ အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာ အဖြစ်များတာပါ။

လက်ရှိ မုန်တိုင်းဖြစ်ပေါ်မယ့် အခြေအနေကတော့ ရာသီဥတုပြောင်းလဲလာမှုနဲ့ လာနီညာ သက်ရောက်မှုတို့ကြောင့် ဖြစ်နိုင် တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ လာနီညာကို အာရှဒေသမှာ အေးပြီး စိုစွတ်တဲ့၊ ထူးကဲပြင်းထန်တဲ့ ရာသီဥတု အခြေအနေအဖြစ် သတ်မှတ်ထားသလို ဒီဖြစ်စဉ်ဟာ ၂၀၂၁ခု သြဂုတ်လကနေ ၂၀၂၂ ခုနှစ် မတ်လအထိ ကြုံတွေ့နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

#MyanmarWeather #MyanmarCyclone #voaburmese #ဆိုင်ကလုန်းမုန်တိုင်း #ရခိုင်ကမ်းရိုးတန်း #ဗွီအိုအေမြန်မာပိုင်း

=================

[[Unicode]]













=================

XS
SM
MD
LG