သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေး ဆန္ဒပြလူငယ်များ ပစ်ခတ်ဖမ်းဆီးခံရ 


Myanmar
Myanmar

Zawgyi/Unicode

မန္တလေးမြို့က မြတောင်နဲ့ ဘုရားကြီးသပိတ်စစ်ကြောင်းက ဆန္ဒပြလူငယ်တွေနေထိုင်တဲ့ နေရာကို စစ်ကောင်စီတပ်တွေ ဒီနေ့မနက်ပိုင်းက ဝင်ရောက်ပစ်ခတ် စီးနင်းခဲ့တာကြောင် တယောက် သေဆုံးပြီး ၁၁ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

စစ်တပ်က အာဏာသိမ်းမှု ၆ လ ရှိလာနေချိန်မှာပဲ စစ်ကောင်စီတပ်တွေဟာ ဒီနေ့မနက်ပိုင်းက မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ရပ်ကွက်အတွင်းက မြတောင်နဲ့ ဘုရားကြီး ဆန္ဒပြသပိတ်စစ်ကြောင်းတွေက ဆန္ဒပြလူငယ်တွေ နေထိုင်တဲ့နေအိမ်တခုကို ပစ်ခတ်ပြီးတော့ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။ အခုလို ဝင်ရောက်စီးနင်းခဲ့စဉ်အတွင်း ပစ်ခတ်ဖမ်းဆီးခဲ့တဲ့အတွက် နှစ်ယောက် သေနတ်ကျည်ထိမှန်ပြီး ၁၁ ယောက် ဖမ်းခံရတယ်လို့ မြတောင်သပိတ်စစ်ကြောင်းမှာပါဝင်တဲ့ သံဃာတပါးက ဗီအိုအေကို မိန့် ကြားပါတယ်။

မြတောင် ဆန္ဒပြသံဃာတော်တပါး ။ ။ မနက်က မန္တလေးလူငယ်သပိတ် ဆန္ဒပြတယ်။ အဲဒီဆန္ဒပြတာကို စစ်ကောင်စီတပ်တွေဘက်က ကားနဲ့တိုက်ပြီး ဖမ်းတာက တယောက် ပါသွားတယ်။ အဲဒါပြီးတော့ မရှေးမနှောင်းမှာပဲ မြတောင်ရော၊ ဘုရားကြီးရော လူငယ်တွေနေနေတဲ့နေရာမှာ စစ်ကောင်စီတပ်တွေဘက်က အချက် ၂၀ ၊ ၃၀ ခန့်လောက်နဲ့ပစ်ပြီးတော့ ဝင်ရောက်စီးနင်းတယ်။ စီးနင်းတော့ ကလေးတွေ ၁၁ ယောက် လောက်ပါသွားတယ်။ ကျည်ထိတဲ့ ကလေးတွေလည်းရှိတယ်။

ရန်နိုင်။ ။ ကျည်ထိတဲ့သူတွေရဲ့ အခြေအနေကရော ဘယ်လိုနေလဲ။ စိုးရိမ်ရလား။

မြတောင် ဆန္ဒပြသံဃာတော်တပါး ။ ။ ကျည်ထိတဲ့ ကလေးတွေကတော့ စိုးရိမ်ရတယ်။ သူတို့က ကလေးတွေကို ကားပေါ်တင်သွားတယ်။

ရန်နိုင်။ ။ ကျည်ဆန်ထိတာ ဘယ်နေရာတွေထိတယ်လို့ရော သိပါသလဲ။

မြတောင် ဆန္ဒပြသံဃာတော်တပါး ။ ။ အဲဒီလိုတော့ သဲသဲကွဲကွဲမမြင်လိုက်ရဘူး။ သူတို့က သေနတ်တွေနဲ့ပစ်တာ အချက် ၂၀ ၊ ၃၀ လောက်ရှိတယ်။ အဲဒီလိုပစ်ကြတယ်။ ပစ်ပြီးတော့မှ သူတို့က အထဲဝင်စီးတော့ ကျည်ထိတဲ့သူတွေထိပါတယ်။

ရန်နိုင်။ ။ ဒီအတိုင်း ရိုးရိုးတန်းတန်း ဝင်စီးတာမဟုတ်ဘဲနဲ့ ဘာဖြစ်လို့ ပစ်ခတ်တဲ့အထိပါ လုပ်တာလဲ။

မြတောင် ဆန္ဒပြသံဃာတော်တပါး ။ ။ ပစ်တဲ့ခတ်တဲ့အထိ ဖြစ်တယ်ဆိုတာ၊ အဲဒီအထဲမှာ ဆန္ဒပြသပိတ်က ကလေးတွေရှိတယ်လို့ သူတို့ သတင်းရသွားတယ်လို့ ဦးပဉ္ဖင်းတို့ကြားတယ်။ ဒလန်ကပြောလို့လား။ သူတို့ ဒီအတိုင်းပဲ သတင်းရလားတော့ မသိဘူး။ အဲဒီလိုသတင်းရတော့ သူတို့ ဒီလိုမျိုး ဖမ်းဆီးလို့ရပါလျက်နဲ့ အဲဒီမှာဆန္ဒပြတဲ့သူတွေများတယ်လို့ ယူဆပြီးတော့ အပြင်ကနေပြီးတော့ သေနတ်တွေနဲ့ ပစ်ပြီးတော့ ဝင်ရောက်စီးနင်းတယ် ။

ရန်နိုင်။ ။ အခုလို ဝင်စီးတဲ့အချိန်မှာ ပစ်တာက ဘယ်လိုပုံစံမျိုးပစ်တာလဲ။ အရင်ဆုံး မိုးပေါ်ထောင်ပစ်တာတွေလုပ်သေးလား။ ဒါမှမဟုတ် တခါတည်း တန်းပြီးတော့ တည့်တည့်ပစ်တာလား။

မြတောင် ဆန္ဒပြသံဃာတော်တပါး ။ ။ တည့်တည့်ပစ်တာ။ အဲဒီလိုပစ်ပြီးတော့မှ ကလေးတွေ ရုန်းရုန်း၊ ရုန်းရုန်းဖြစ်သွားတဲ့အချိန်မှာ သူတို့ဖမ်းဆီးတာပါပဲ။

ရန်နိုင်။ ။ ဖမ်းတဲ့အချိန်မှာ စစ်ကောင်စီဘက်က အင်အားရော ဘယ်လောက်လောက်ရှိတယ်လို့သိပါသလဲ။

မြတောင် ဆန္ဒပြသံဃာတော်တပါး ။ ။ စစ်ကောင်စီဘက်ကလည်း အင်အားတော်တော်များတယ်။ များပြီးတော့ အဲဒီတိုက်ကို ပတ်ပြီးတော့မှ ပစ်ခတ်ဖမ်းဆီးတာ။

ရန်နိုင်။ ။ရိုးရိုးတန်းတန်း ဝင်ဖမ်းလို့ရလျှက်သားနဲ့ ဒီလိုမျိုး ပစ်ခတ်ပြီးတော့ ဖမ်းဆီးစရာလိုလို့လား။

မြတောင် ဆန္ဒပြသံဃာတော်တပါး ။ ။ ဒီကလေးတွေက အိမ်မှာပဲ အေးအေးဆေးဆေးနေတဲ့ကလေးတွေကို ပစ်ခတ်ဖမ်းဆီးရလောက်အောင် ဒီကလေးတွေမှာ လက်နက်ဆိုလို အပ်တိုတချောင်းတောင်မရှိပါဘူး။ အဲဒီတော့ ဒီကလေးတွေသည် ဒီလိုမျိုးပစ်ခတ်ဖမ်းဆီးရလောက်တဲ့အခြေအနေလည်း မဟုတ်ဘူး။ စစ်ကောင်စီက အခုနောက်ပိုင်းမှာဖြစ်နေတာကတော့ ဆန္ဒပြသပိတ်စစ်ကြောင်းတွေပြီဆိုရင်၊ ပစ်ခတ်ဖမ်းဆီးတာတွေဖြစ်သလို ၂၇ ရက်နေ့ကလည်း ဘုရားကြီး အရှေ့ဘက်မှာ မြတောင်သပိတ်ကို သေနတ်နဲ့ပစ်ပြီးတော့ ဖြိုခွင်းတယ်။ ၂ ယောက် သေဆုံးတယ်။ ၁ ယောက် ဒဏ်ရာရတယ်။ ဒါမျိုးတွေအထိဖြစ်လားတယ်။ အဲဒီလိုဖြစ်လာပြီးတော့ ဆန္ဒပြသပိတ်မှာပါတဲ့ ပုဂ္ဂိုလ်တွေကို ရိုးရိုးတန်းတန်း မဖမ်းတော့ဘူး ပစ်ခတ်ဖမ်းဆီးလာတဲ့ အနေအထားတွေကို ဦးပဉ္ဖင်းတို့ တွေ့လာရတယ်။ ဒါတွေကတော့ ဦးပဉ္ဖင်းတို့အနေနဲ့ ရှုတ်ချပါတယ်။

ရန်နိုင်။ ။ ဒီနေ့ဖမ်းသွားတဲ့အထဲမှာ တခြားဖမ်းဆီးမိတာတွေရောရှိသလား။ ဟိုတနေ့ကတော့ လက်နက်တွေဘာတွေ ဖမ်းဆီးမိတယ်ဆိုပြီး သူတို့ဘက်က သတင်းထုတ်ပြန်တယ်။ ဒီနေ့ဖမ်းဆီးမိတဲ့အထဲမှာရော အဲဒါမျိုးတွေရော ရှိလိုလား။

မြတောင် ဆန္ဒပြသံဃာတော်တပါး ။ ။ ဒီနေ့ကတော့ သူတို့တွေလည်း ဓါတ်ပုံနဲ့တကွတင်တယ်။ တင်တဲ့အခါကျတော့ ကလေးတွေမှာ ဘာမှအန္တရာယ်မရှိနိုင်တဲ့ ဆန္ဒပြတဲ့ ဆိုင်းဘုတ်လေးတွေပဲ ရှေ့မှာချပြီးတော့ သူတို့လည်း တင်ထားပါတယ်။ ဘာလက်နက် ဘာပစ္စည်းမှ မရှိပါဘူး။ မြတောင်ကျောင်းမှာလည်း ထိုနည်းတူစွာပဲ၊ အဲဒီလိုမျိုးလက်နက်တွေလည်းမရှိပါဘူး။ သူတို့ဘာသာသူတို့ ချပြီးတော့ ရိုက်တယ်လို့ မျက်မြင်သံဃာတော်တပါး နှစ်ပါးကတော့ ဦးပဉ္ဖင်းတို့ကို လှမ်းဆက်သွယ်ပြီးတော့ မိန့်ကြားပါတယ်။

အခုနောက်ဆုံးသိရသလောက်တော့ ဒီစီးနင်းမှုအတွင်းမှာ သေနတ်ကျည်ထိမှန်ခဲ့တဲ့ ကိုစိုင်းရဲရင့် (ခေါ်) မျိုးချစ်သူဟာ သေနတ်မှန်တဲ့ဒဏ်ရာနဲ့ အခုညနေပိုင်းမှာ သေဆုံးသွားတယ်လို့ ဗီအိုအေက သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း မြတောင်သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲတာတွေ၊ မြတောင်ကျောင်းတိုက်ကို ဝင်ရောက်စီးနင်းတာတွေလုပ်ခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းမှုတွေ မနက်ဖြန်ဆိုရင် ၆ လ ရှိသွားပြီဖြစ်ပေမယ့်လည်း ဆန္ဒပြပွဲတွေက နိုင်ငံတဝန်းက မြို့တွေမှာ ဆက်လက်ဖြစ်ပေါ်နေပြီး ဒီနေ့မှာတော့ ရန်ကုန် နဲ့ မန္တလေးအပါအဝင်၊ အမရပူရ၊ ကလေး၊ မြိုင်၊ လောင်းလုံ၊ ဖားကန့် ၊ ဆားလင်ကြီး၊ လက်ပံတောင်း၊ အရာတော် စတဲ့မြို့တွေမှာလည်း ဆက်ပြီးတော့ ဖြစ်ပွားနေပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်


=======

Unicode

မန်တလေး ဆန်ဒပွလူငယျမြား ပဈခတျဖမျးဆီးခံရ




















#MyanmarMilitaryCoup #MyanmarViolence #VOABurmese

XS
SM
MD
LG