သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြောင်းမြကြိုးတံတားပြတ်ကျမှု ၀န်ကြီးနဲ့မေးမြန်းချက်


မြောင်းမြကြိုးတံတားပြတ်ကျ (MOI)

ဧရာဝတီတိုင်းဒေသ မြောင်းမြမြစ်ကူးကြိုးတံတားဟာ ဧပြီလ ၁ ရက်နေ့ မနက်လင်းအားကြီး တနာရီကျော်အချိန်မှာ မြစ်တွင်းက ပြတ်ကျသွားတာကြောင့် ကုန်ကားတစင်းရေထဲပြုတ်ကျပြီး လူနှစ်ဦး ပျောက်ဆုံးခဲ့ရာမှာ အခု တဦးရဲ့ ရုပ်အလောင်းကို ညနေပိုင်းက ရှာဖွေတွေ့ခဲ့ပါတယ်။ မြစ်ကူးတံတားပျက်စီးမှုကြောင့် လမ်းပမ်းဆက်သွယ်ရေး ယာယီပြတ်တောက်သွားပေမယ့်၊ မနက်ဖြန်မှာတော့ ဇက်မော်တော် သုံးစင်းနဲ့ လမ်းပမ်းဆက်သွယ်ရေးပြန်စနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဧရာဝတီတိုင်း ဆောက်လုပ်ရေးနဲ့လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ဗွီအိုအေကို ပြောပါတယ်။ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားတာပါ။

ဝန်ကြီး ဦးဝင်းဌေး။ ။ ညနေ ၅ နာရီ ၄၅ လောက်မှာ တယောက်ပြန်တွေ့ပြီ ။ မောင်းတဲ့လူ Driver ပေါ့နော် သူ့ dead body ကိုတွေ့ပြီ ပို့လိုက်ပြီ နောက်တယောက်ကိုတော့ ဆက်ရှာနေတယ်။

ကိုသားညွန့်ဦး။ ။ အဲဒီတော့ တံတားပျက်ကျတဲ့အချိန်မှာ ကား ၁ စီးပဲ ရှိတဲ့သဘောပေါ့။

ဝန်ကြီး ဦးဝင်းဌေး။ ။ ဟုတ်တယ် ၁ စီးပဲ အဲဒါ ဘယ်လို Confirm လုပ်လို့ရသလဲဆိုတော့ ဂိတ်ကနေပြီးတော့ အဲဒီကားတက်သွားတာကို သိလိုက်တယ်ဆိုတော့ ဒီကားပါတာက သေချာသလောက်ဖြစ်တယ်။ နောက်ပြီးတော့ အဲဒီကားမှာ သေတ္တာ၃ လုံးပါတယ် သေတ္တာတွေလည်းဘောလောမျောနေတာတွေကို တွေ့ရတယ်။

ကိုသားညွန့်ဦး။ ။ အဲဒါ ပျက်ကျတဲ့ အချိန်က မနက်ပိုင်းလား။

ဝန်ကြီး ဦးဝင်းဌေး။ ။ မနက် ၁ နာရီ ၄၅။

ကိုသားညွန့်ဦး။ ။ အခုကနဦးအချက်တွေအရ ဘာကြောင့်တံတားပျက်ကျသလဲဆိုတာ သိရသလဲ

ဝန်ကြီး ဦးဝင်းဌေး။ ။ ဒီတံတားကတော့ ၉၆ မှာ ဖွင့်တာပေါနော့် သက်တမ်းကတော့ ၂၂ နှစ်ရှိပြီ။ တံတားက ကြိုးတံတားအမျိုးအစား တိုင် ၄ တိုင်က အထဲကို မီလီမီတာ ၂၀၀ ကျော်လောက်အထိ ငိုက်နေတဲ့ နေရာပေါ့ ။ အဲဒီတံတားက သိပ်ပြီးတော့အခြေအနေက မကောင်းတော့ ဘေးမှာလည်း တံတားအသစ်တခု ဆောက်နေတယ်။ တံတားအသစ်ဆောက်တဲ့အဖွဲ့တွေကနေပြီးတော့ ၁ လတကြိမ်စစ်ဆေးနေရတယ်။ အဟောင်းကိုပေါ့ လွန်ခဲ့တဲ့ ၁၀ လလောက်ကတည်းက စစ်ဆေးနေတဲ့ တံတားအဟောင်းကိုအပေါ်ယံမြင်လို့ရတဲ့ နေရာတွေအားလုံးကနေ စစ်ဆေးပြီးသားပါ။ အခုက တံတားဟိုဘက် ဒီဘက်ထိပ်က လုပ်ထားတဲ့ ကွန်ကရစ်တုံးတွေကို ကြိုးတွေက အဲဒီအထဲမှာ ချိတ်ထားတာပေါ့နော်။ နောက်ပြီးတော့ ကွန်ကရစ်ကို အသေလောင်းလိုက်တော့ အဲက ကြိုးလုံးတွေက မခုနိုင်ခဲ့ဘူး။ အခုကလည်း ပျက်တာကတော့ အထဲကနေ ကွန်ကရစ်ထဲကနေ ပျက်ထွက်တယ်လို့ တွေ့ရတယ်။

ကိုသားညွန့်ဦး။ ။ ဒီမြောင်းမြတံတားပျက်သွားတော့ အခု လမ်းပမ်းဆက်သွယ်ရေးတွေ သယ်ယူပို့ဆောင်ရေးတွေ ခက်သွားမယ့်အနေအထားရှိလား။

ဝန်ကြီး ဦးဝင်းဌေး။ ။ ပျက်သွားတာကတော့ ရုတ်တရက်ချက်ချင်းပျက်သွားပါတယ် ဒီမနက်ပဲ။ ဒါပေမယ့် ၂ ရက် ၃ ရက်အတွင်းကို (ဇက်နဲ့) Transport လုပ်နိုင်အောင်လို့ ကြိုးစားနေပါတယ်။ ဇက် ဂိတ်ကိုလည်း အမြန်ဆုံး လုပ်နေတယ်။ ကျနော်ထင်ထားတာကတော့ မနက်ဖြန်ဆိုရင် အဆင်ပြေပါပြီ။

ကိုသားညွန့်ဦး။ ။ အခု ဒီဖြစ်သွားတာနဲ့ ပတ်သက်လို့ တရားဝင်စုံစမ်းစစ်ဆေးမှုတွေ အရေးယူမှုတွေ လုပ်ဖို့ ရှိပါသလားခင်ဗျ။

ဝန်ကြီး ဦးဝင်းဌေး။ ။ အဲဒါ ကျနော်တို့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဆောက်လုပ်ရေးဝန်ကြီး ကိုယ်တိုင်ရောက်နေပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးကိုယ်တိုင်ရောက်ပြီးတဲ့အခါမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်ပျက်သွားတာတွေကို စိစစ်ဆောင်ရွက်နေပါတယ် ကျနော်တို့ကတော့ အားလုံး ပံ့ပိုးကူညီပေးမှာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG